ကိုဗစ်အလွန်အဆင့်မြင့်ပညာရေးကဏ္ဍ (၁၄) အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း - အဆင့်မြင့်ပညာရေး

၁၁  ဇန်နဝါရီ

ကျွန်တော်တို့နိုင်ငံတွင် ကိုဗစ်အလွန်ကာလများ၌ စီးပွား ရေးပြန်လည်ထူထောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုး မွေးမြူရေး၊ ကုန်သွယ်ရေးကဏ္ဍများ ကျားကန်ထားရန် လိုအပ်သလို ပညာရေးဘက်တွင်လည်း အခြားနိုင်ငံများ ထက် အောက်မကျအောင် သတိရှိရှိဖြင့် ပြုလုပ်ရပါမည်။ အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၂၁ မှသည် ၂၀၃၀ အတွင်း အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ချမှတ်ဆောင်ရွက်ရာတွင် အဆင့်မြင့်ပညာကဏ္ဍ၌  အောက်ဖော်ပြပါများကိုလည်း    ပြုပြင်ပြောင်းလဲလုပ်ဆောင်နိုင်ရန် အကြံပြုလိုပါသည်။

(၁) ကျွန်တော်တို့နိုင်ငံ၏  တိုင်းရင်းသားများစွာ ရှိနေသော ပြည်နယ်များရှိ သင့်တော်သော တက္ကသိုလ် တစ်ခုစီတွင် ပညာရေးဌာန/မဟာဌာန (Faculty or Department of Education)၊ စီးပွားရေးပညာဌာန/ မဟာဌာန (Faculty or Department of Economics)  များထူထောင်ကာ စီးပွားရေးပညာဘွဲ့၊ ပညာရေးဘွဲ့ (B.Econ.၊ B.Com၊  B.Ed.) များကို တက္ကသိုလ်တစ်ခု တစ်နှစ်လျှင် ၅၀   မှ ၁၀၀   စီ   ပဏာမ စတင်မည်ဆိုပါက တိုင်းရင်းသား ကျောင်းသား ကျောင်းသူများအတွက် ပိုမိုအကျိုးရှိနိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ တက္ကသိုလ်အသစ်ဆောက်သလောက် ကုန်ကျ စရိတ်မရှိနိုင်ပါ။

ပြည်နယ်များရှိ မိဘများကလည်း ပညာ ရေးဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန၊  နောက်ဆုံး နိုင်ငံတော်အစိုးရအထိ အလွန်ပင်ကျေးဇူးတင်ပါလိမ့်မည်။ 

ပညာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိသော ပညာရေးတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်များမှ ဆရာ ဆရာမအချို့နှင့် ပြည်နယ်တစ်ခု (သို့မဟုတ်) ပြည်နယ်နှစ်ခုရှိ    တက္ကသိုလ်တစ်ခုစီတွင် (ဥပမာ - စစ်တွေတက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်တို့မှ တစ်နှစ်လျှင် တက္ကသိုလ်တစ်ခုနှင့်နှစ်စဉ်) ပဏာမ (Pilot) အနေဖြင့် စတင်နိုင်ပါသည်။

ဤသို့စီစဉ်ပေးခြင်းဖြင့် မိမိတို့ညီအစ်ကိုမောင်နှမ တိုင်းရင်းသားများ ရန်ကုန်၊ မုံရွာ၊ စစ်ကိုင်း၊ မိတ္ထီလာ စသည့်မြို့ကြီးများသို့   ထိုဘာသာများသင်ကြားရန် ဝေးလံဒေသမှ ကျောင်းသားအများစု လာရောက်စရာမလို တော့ပါ။ မိမိဒေသမှာပင် ကုန်ကျစရိတ်နည်းပါးစွာဖြင့် ဒေသအတွက် လိုအပ်သောဘာသာရပ်များ သင်ကြား၊ သင်ယူနိုင်ပါမည်။

ဘွဲ့အမည်နာမခေါ်ဝေါ်မှုမှာ အတူတူပဲဖြစ်ပါမည်။ ဥပမာ - ရန်ကုန်တက္ကသိုလ်က ဥပဒေဘွဲ့ (B.A.(Law)၊ LLB) နှင့် အမေရိကန်နိုင်ငံ ဟားဗတ်၊ ယေးလ်တက္ကသိုလ် (Harvard University၊ Yale University) တို့ကပေးသော ဥပဒေဘွဲ့ (B.A.(Law)၊  LLB) အမည်ချင်းတူပါသည်။ သို့သော် ဘွဲ့ရကျောင်းသားများကတော့  မိမိဘယ် တက္ကသိုလ်ကဘွဲ့ရခဲ့သည် ဆိုသည့်တက္ကသိုလ်၏ အမည်၊ နာမည်တံဆိပ် (University Brand Name) အပေါ်တွင် မူတည်ပြီး ကွာခြားသွားနိုင်ပါသည်။  ဘွဲ့ချင်းတူနေ၍ ကန့်ကွက်၍ရမည်လည်းမဟုတ်ပါ။

(၂) ထိုဌာနအသစ်များ ချက်ချင်းမဖွင့်နိုင်သေးပါက ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ မိတ္ထီလာ စသည့် တက္ကသိုလ်များတွင် ပြည်နယ်တစ်ခုစီမှ တစ်ဦး (သို့ မဟုတ်)   နှစ်ဦးစီ  ပညာသင်ဆု (Scholarship)၊ ကျောင်းလခလွတ်ငြိမ်းခွင့် (Free Tuition) ပေး၍ အချိုးကျစနစ်၊ သာတူညီမျှရရှိမှု  (Inclusive and Equitable Access) လူတိုင်းအကျုံးဝင်မှုတို့ကို တိုးချဲ့ဆောင်ရွက်နိုင်ပါသည်။  ဤစနစ်၏အားနည်းချက်မှာ လာရောက်သင်ကြားနေသော တိုင်းရင်းသားများ ဘွဲ့ရ ပြီးပါက မိမိဒေသသို့မပြန်တော့ဘဲ ပြည်မတွင်သာနေထိုင် သွားခြင်းကို သတိပြုရပါမည်။

(၃) သင့်တော်သော တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ဆေး၊ သွားဆေး၊ သူနာပြု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်ပတ်ဝန်းကျင်သိပ္ပံ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၊ အစားအသောက်သိပ္ပံ၊ ယဉ်ကျေးမှု၊ ဂီတ၊ စာပေ အနုပညာဘာသာများ စသည်ဖြင့် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်  တိုက်ရိုက်အထောက်အကူပြုနိုင်သော ဘာသာရပ်များကို ဘွဲ့ဒီဂရီ (Bachelor Degree) ပေးနိုင်ရန် မဟာဌာနများ (Falculities) ကို ဖြည်းဖြည်းချင်း ဖွင့်လှစ်သင့်ပါသည်။ တက္ကသိုလ်အလိုက်ရရှိသော ဘွဲ့များနှင့် အလုပ်အကိုင်လိုအပ်မှုကို သုတေသနပြု၍ နောင်တွင် အချို့ဘာသာရပ်များ ဘွဲ့ရပညာရှင်များ ပိုလျှံစွာ မွေးထုတ်နေမှုကို လျှော့ချ၍ နိုင်ငံတော် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော၊ အရေးတကြီးလိုအပ်လျက်ရှိသော ဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်အလိုက်     တိုးချဲ့ခေါ်ယူ၍ ပိုမိုမွေးထုတ် သင့်ပါသည်။

(၄) တက္ကသိုလ်နှင့်သိပ္ပံ နှစ်ခုပေါင်း နယ်မြေနှစ်ခု (Two campuses) ဖြစ်ကာ ဘာသာရပ်များ၊ သင်ရိုးနာရီများ (Credit Hours Transfer) ကူးပြောင်းသင်ကြားနိုင်သည့် အခြေအနေ ပြုလုပ်နိုင်ပါသည်။  တိုင်းဒေသကြီးနှင့်  ပြည်နယ်များတွင် နည်းပညာတက္ကသိုလ် (Technological University) နှင့် ကွန်ပျူတာတက္ကသိုလ် (Computer University) များ ရှိနှင့်ပြီးဖြစ်ရာ တက္ကသိုလ်အစုအဖွဲ့ (Cluster University System) ပြုလုပ်ပါက ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိစိတ်ဝင်စားမှုအပေါ်မူတည်ကာ အဓိကဘာသာ (Major Subjects)၊ သာမန်ဘာသာ (Minor Subjects) စသည်ဖြင့် တွဲဖက်သင်ကြားနိုင်ပါသည်။ ဥပမာ - အင်္ဂလိပ်စာ အဓိကယူပြီး ကွန်ပျူတာနှင့် သတင်းအချက်အလက်ပညာ သာမန်ဘာသာအနေဖြင့် တွဲယူကာ ကျောင်းပြီးလျှင် အစိုးရ(သို့) ကိုယ်ပိုင်လုပ်ငန်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် လုပ်ကိုင်ခြင်း။

(၅) တစ်နိုင်ငံလုံးရှိ အဝေးသင်ကျောင်းသားများ (သုံးသိန်းနီးပါး)ကို ရန်ကုန်နှင့်မန္တလေး အဝေးသင်တက္ကသိုလ် နှစ်ခုတည်းသာ ကြီးကြပ်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တက္ကသိုလ်များက တိုက်ရိုက်ကြီးကြပ်ပေးခြင်းဖြင့် ကျောင်းသားအရေအတွက်များမှုကို လျှော့ချကာ ပညာအရည်အသွေး (Quality of Distance Education) ပိုမိုတိုးတက် များပြားနိုင်ပါသည်။ နဂိုသင်တန်းများကို ပုံမှန်အတိုင်းထားပြီး အလုပ်လုပ်နေသော အဝေးသင် ကျောင်းသား   ကျောင်းသူများအတွက် မိမိအလုပ်အကိုင် နှင့်ဆက်စပ်မှုရှိသော အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုစွမ်းရည် (Administration   and  Management Skills)၊ ခေါင်းဆောင်နိုင်မှုစွမ်းရည် (Leadership Skills)၊ အများနှင့်အလုပ်လုပ်နိုင်သောစွမ်းရည် (Team-work Skills)၊ ဆက်သွယ်ရေးနည်းပညာ စွမ်းရည် (ICT Skills)၊ စီးပွားရေး ဆိုင်ရာအင်္ဂလိပ်စာ (Business English)၊ ခရီးသွားလုပ်ငန်း အင်္ဂလိပ်စာ (Tourism English)၊ ဟောပြောတင်ပြနိုင်မှုစွမ်းရည် (Speaking and Presentation Skills) စသည်ဖြင့် ပုံမှန်ဘာသာရပ်များနှင့်အတူ ပူးတွဲယူနိုင်သည့် အထူးဘာသာရပ်များ ကျောင်းသားဦးရေ ၁၀၀  ခန့်စမ်းသပ်ပြုလုပ်ကြည့်ပါက အဝေးသင်တက္ကသိုလ်အပေါ် ပြည်သူလူထုက ပြန်လည်ယုံကြည် အားကိုးလာပါလိမ့်မည်။

အဓိကနည်းဗျူဟာမှာ အဝေးသင်ကျောင်းသားအရေအတွက်ကို စနစ်တကျထိန်းချုပ်၍ အဝေးသင်ဘွဲ့များ အရည်အသွေး ကောင်းလာစေရန်  ပြုလုပ်ရပါမည်။ ကျောင်းလခ (Tuition Fees) များကိုလည်း သင့်တော်သလို တိုးမြှင့်ကောက်ယူရပါမည်။

(၆) ဘွဲ့လွန်သင်တန်းများ အရည်အသွေးရှိစေရန် ကြီးကြပ်ဆရာ (Advisor/Supervisor)   တစ်ဦးလျှင် မဟာသိပ္ပံ၊ ပါရဂူ ကျောင်းသားကျောင်းသူ  အများဆုံး ငါးဦးမှ ၁၀ ဦး ထက်မပိုစေရန် ထိန်းချုပ်ကြပ်မတ်ပေးရပါမည်။ ဆရာတစ်ဦးလျှင် ကြီးကြပ်ရမည့် ကျောင်းသားအရေအတွက် များပြားနေပါက သုတေသနနှင့် ကျမ်း(Thesis) အရည်အသွေး ကျဆင်းသွားနိုင်ပါသည်။ ကျွန်တော် ဂျာမနီနိုင်ငံတွင် စိုက်ပျိုးရေးပါရဂူဘွဲ့ယူစဉ်က ကျွန်တော့် ဆရာပါမောက္ခ ဒေါက်တာ အင်ဒရီယာဘူကတ် (Professor Dr. Andreas Buerkert)မှာ မဟာသိပ္ပံ ကျောင်းသားကို မကြီးကြပ်ဘဲ တစ်ပြိုင်တည်း တစ်ကြိမ်တည်း ပါရဂူကျောင်းသား (အချိန်ပြည့်၊ အချိန်ပိုင်း) လေးဦးသာ ကြီးကြပ်လမ်းညွှန်ပေးပါသည်။ တစ်ဦးဘွဲ့ရပြီးသွားမှကျောင်းသားသစ်နောက်တစ်ဦး လက်ခံပါသည်။

(၇) တိုင်းဒေသကြီးနှင့် ပြည်နယ်တက္ကသိုလ်များတွင် အလုပ်လုပ်သူများအတွက် ယခင်လုပ်သားများကောလိပ် (Worker College)ကဲ့သို့ ညနေပိုင်းသင်တန်းများ (Evening Classes) ပြန်လည်ဖွင့်လှစ်ကာ အလုပ်အကိုင်နှင့်ပညာရေး ဆက်စပ်ပေးရပါမည်။ သင်ကြားပေးသော ဆရာ ဆရာမများအတွက် ထိုက်သင့်သော အပိုချီးမြှင့်မှု၊ ဉာဏ်ပူဇော်ခ (Honorariums) အစီအစဉ်များလည်း ရှိရပါမည်။ စင်ကာပူ နိုင်ငံရှိ တက္ကသိုလ်များတွင် မနက် ၈ နာရီမှ ည ၁၁ နာရီအထိ  တက္ကသိုလ်စာသင်ခန်း၊ ဓာတ်ခွဲခန်းများ မီးတထိန်ထိန်နှင့် အချိန်ပြည့်၊ အချိန်ပိုင်း ကျောင်းသား ကျောင်းသူများနှင့် ပြည့်နေသည်မှာ အားကျ အတုယူစရာကောင်းပါသည်။

(၈) တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများကောင်စီ (College/University Teacher Union) တွင် ဆရာ ဆရာမ များအားလုံး ပါဝင်မဲပေးရပြီး အများသဘောတူ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့များကို နှစ်စဉ် (သို့မဟုတ်) နှစ်နှစ် တစ်ကြိမ်  ပြန်လည်ရွေးချယ်သည့်စနစ်  ကျင့်သုံးသင့်ပါသည်။    အများက သဘောတူ ရွေးကောက်တင်မြောက်သော ကျောင်းသား ကျောင်းသူ ခေါင်းဆောင် (Student Union Leader)၊ ဆရာ ဆရာမခေါင်းဆောင် (Teacher Union Leader) ဖြစ်ရပါမည်။

(၉)  တက္ကသိုလ်အလိုက် ကျောင်းသားဟောင်းများအသင်း (University Alumni Association) ဖွဲ့စည်း၍ အုပ်ချုပ်မှုအဖွဲ့ (University Governing Board) ကို အကြံဉာဏ်ပေးစေခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးပေးစေခြင်း စသည့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။ ဥပမာ ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာအသင်းများ (မြန်မာစာ အသင်း၊ သင်္ချာအသင်း) တို့အပြင် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများအသင်း (Yangon  University Alumni Association)       ဖွဲ့စည်းခြင်းကို      ဆိုလိုပါသည်။

(၁၀) ဆရာ ဆရာမများအတွက် ခေတ်မီနည်းပညာ (Modern Digital Technology) သင်ကြားနည်းစနစ်ဖြင့် မိမိအိမ်၊ ရုံးကနေ   အားလပ်ချိန်များတွင်  ရက်သတ္တပတ်လျှင်    တစ်ချိန်မှ၊ နှစ်ချိန် သင်ကြား၊ သင်ယူနိုင်ရန် စီစဉ်ပေးသင့်ပါသည်။ ပြည်တွင်းနှင့်နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း၊ မိတ်ဆွေနိုင်ငံ (Domestic and   International  Development Partners) များကလည်း နည်းပညာအကူအညီပေးရန် အဆင်သင့် ရှိနေပါသည်။

(၁၁) တက္ကသိုလ်များ၌ ဆရာ ဆရာမများအသစ် ခန့်အပ်ခြင်းမူဝါဒကို အတွေ့အကြုံမရှိသေးသော ဆရာ ဆရာမများ ခန့်အပ်ခြင်းအပြင် အတွေ့အကြုံရှိ၊ နိုင်ငံ တကာမှ မဟာဘွဲ့၊ ပါရဂူဘွဲ့ ရရှိလာသူ မြန်မာနိုင်ငံသားများ (နောင်တစ်ချိန်တွင် နိုင်ငံတကာပညာရှင်များ) အား ကထိက၊ တွဲဖက်ပါမောက္ခ စသည့်  ရာထူးများဖြင့် အချိန်ပြည့် (Full-time)၊ အချိန်ပိုင်း (Part-time)၊ သဘောတူစာချုပ်စနစ်များ (Contract-Based System)၊ ယာယီခန့်အပ်ပြီး လေ့လာစောင့်ကြည့် အကဲဖြတ်သည့်စနစ် (Provisional Appointment) ဖြင့် ခန့်အပ်စမ်းသပ် ကျင့်သုံးဆောင်ရွက်သင့်ပါသည်။

(၁၂) နိုင်ငံတကာ တက္ကသိုလ်အများစုတွင် ဆရာ ဆရာမ၊ သုတေသီများအတွက်  အဆင့်မြင့်ပညာ သင်ကြားရေးနှင့်   သုတေသနဖွံ့ဖြိုးမှုဌာန  (Tertiary Education Development Institutes)  များစွာ ရှိပါသည်။ ကျွန်တော် မဟာစိုက်ပျိုးရေးသိပ္ပံ သင်ယူခဲ့ရသော သြစတြေးလျနိုင်ငံ၊ ကွင်းစလန်တက္ကသိုလ် (The University of Queensland) တွင် အဆင့်မြင့်ပညာသင် ကြားရေးအဖွဲ့အစည်း (Teaching and Educational Development Institute - TEDI)၊ စဉ်ဆက်မပြတ် သင်ကြားရေးနှင့် နိုင်ငံတကာကျောင်းသားများအတွက် အင်္ဂလိပ်စာဌာန (Institute of Continuing and TESOL – Teaching   English to Speakers  of Other languages) တို့  ရှိပါသည်။ ထိုဌာနများမှ ဆရာဆရာမများ၏ အရည်အသွေးတောက်ပြောင်လာစေရန် အလုပ်လုပ်ရင်းတစ်ဖက်နှင့် လေ့ကျင့်၊ သင်ကြား၊သင်ယူနေကြပါသည်။ ရန်ကုန်တက္ကသိုလ်မှစ၍ ယခု Global English  သင်တန်းများဖွင့်သလို ကျွန်တော်တို့နိုင်ငံရှိ တက္ကသိုလ်အတော်များများတွင် ကျယ်ပြန့်စွာ ကျင့်သုံးသင့်ပါပြီဟု အကြံပြုလိုပါသည်။

(၁၃) ထို့အပြင် တက္ကသိုလ်ကြီးများ၌ ဘွဲ့လွန်သင်တန်းကျောင်း (Graduate School) သီးသန့်ရှိပြီး ဘွဲ့လွန်ပညာရေးနှင့် သုတေသနအရည်အသွေး တစ်ပြေးညီဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ အစုအဖွဲ့ (World-Class University Group) ထဲ ပါဝင်လာအောင် ကြိုးစားနေကြပါသည်။ ရန်ကုန်တက္ကသိုလ်မှစ၍ မြန်မာနိုင်ငံ တက္ကသိုလ်ကြီးများကို   ဤသို့ဖြစ်လာအောင် ပြုလုပ်သင့်ပါသည်။

(၁၄) တက္ကသိုလ်များတွင် စာကြည့်တိုက်ကို စနစ်တကျအသုံးပြုသည့်စနစ် ထွန်းကားလာအောင် ပျိုးထောင်ရပါမည်။   စာကြည့်တိုက်အဆောက်အအုံကောင်းကောင်း၊ အခန်းကောင်းကောင်း ရှိရုံတင်မဟုတ်ဘဲ ကျောင်းသား ကျောင်းသူများက စာကြည့်တိုက်ကို ရိုးရိုးစာအုပ်၊ ဂျာနယ်ငှားရမ်းဖတ်ရှုရုံတွင်သာမကဘဲ အီလက်ထရွန်နစ်စာကြည့်တိုက် (Electronic Library၊ e-books ၊ e-Journals) များများအသုံးပြုလာအောင် လေ့ကျင့်ပေးစေချင်ပါသည်။  ၁၉၈၆ ခုနှစ်  ကျွန်တော် မဟာစိုက်ပျိုးရေးသိပ္ပံတက်ရောက်ခဲ့စဉ်က ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများတက်ခဲ့ရရာ တစ်နေကုန်အချိန်ပြည့်တက် ရသည်မဟုတ်ဘဲ တစ်ဘာသာလျှင် မိမိကိုယ်တိုင် လုပ်ဆောင်ရမည့်လုပ်ငန်း (Assignments)သုံးခုမှ ငါးခု၊ အများရှေ့တွင် ဟောပြောရမည့်လုပ်ငန်း (Presentation) တစ်ခုမှနှစ်ခု စသည်တို့နှင့် အချိန်ပြည့်နီးပါး  လေ့လာနေရကာ အားလပ်ချိန်ရောက်တိုင်း စနေ၊ တနင်္ဂနွေနေ့များ အပါအဝင် စာကြည့်တိုက်သို့ သွားရပါသည်။ ၂၀၁၈ ခုနှစ်က ကျွန်တော့်တက္ကသိုလ် (The University of Queensland) သို့ပြန်ရောက်ခဲ့ရာ ကျွန်တော်နေ့စဉ်နီးပါးသွားရောက်ခဲ့ရသော ဇီဝသိပ္ပံစာကြည့်တိုက် (UQ-Biological Science Library) တွင်  စာအုပ်လုံးဝမရှိတော့ပါ။ သုံးထပ်ဆောင် စာကြည့်တိုက်အဆောက်အအုံ   အခန်းအားလုံးသည် ကွန်ပျူတာ၊ အင်တာနက်များဖြင့် ပြည့်နေသော အီလက်ထရွန်နစ်စာကြည့်တိုက်   (Electronic Library) သို့ပြောင်းသွားပါပြီ။ ကျွန်တော်တို့    လိုက်မမီတော့ပါ။ ၂၀၀၂ ခုနှစ်  ဂျာမနီနိုင်ငံတွင် ကျွန်တော်စိုက်ပျိုးရေးပါရဂူဘွဲ့ သွားရောက်ယူစဉ်က စနေနေ့ဆိုလျှင် အနီးအနားမှ ဂိုတင်ဂန်တက္ကသိုလ် စာကြည့်တိုက် (Goettingen University Library) နှင့် ကက်ဆယ်မြို့ပေါ်ရှိ စာကြည့်တိုက်ကြီး (Kassel University – Main Library) ကို စနေနေ့တိုင်း သွားရောက်ခဲ့ရသည်ကို သတိရနေမိပါသည်။ ဂျာမနီမှ  တက္ကသိုလ်များ ကျွန်တော်တို့ကျောင်းတက် စဉ်က တနင်္ဂနွေနေ့ စာကြည့်တိုက်မဖွင့်ပါ။

(၁၅)  ဆရာအတတ်ပညာဖွံ့ဖြိုးမှု   အမျိုးသားဗဟိုဌာနကို အမျိုးသားအဆင့်မြင့်ပညာဖွံ့ဖြိုးရေးကျောင်း (National Institute for Higher Education Development - NIHED) နှင့်အတူ ပူးတွဲထူထောင်သင့်ပါ သည်။

(၁၆)  တက္ကသိုလ် ပဋိညာဉ်စာတမ်း (University Charter) အရ တက္ကသိုလ်ကောင်စီဝင်များ (University Council members) အား ရွေးချယ်မှုဆိုင်ရာ မူချမှတ်ခြင်း၊ ရေးဆွဲပြီးသောပဋိညာဉ်စာတမ်းနှင့် ကောင်စီအသစ်များ ကို အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ အတည်ပြုချက် ရယူခြင်း၊ တက္ကသိုလ်အဆင့်တွင်  ကောင်စီနှင့်ပညာရေး အဖွဲ့တို့အတွက် လုပ်ငန်းတာဝန်နှင့် လုပ်ငန်းလမ်းညွှန်မှုများ၊ နမူနာပုံစံများရေးဆွဲချပြပေးရန်    အမျိုးသားအဆင့် မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့် အသိအမှတ်ပြုခြင်း ဆောင်ရွက်သည့်နည်းတူ ရန်ကုန် တက္ကသိုလ်အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၁၆ ကျောင်းရှိ တက္ကသိုလ်ပဋိညာဉ်များနှင့် တက္ကသိုလ်ကောင်စီ၊ ပညာ ရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တို့ကို  တက္ကသိုလ်ကိုယ်ပိုင် စီမံခန့်ခွဲခွင့် လမ်းပြမြေပုံနှင့်အညီ အမြန်ဆုံး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်၍ အကောင်အထည် ဖော်သင့်ပါသည်။

(၁၇)  အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားဌာန (National Institute for Higher Education Development - NIHED) သည် သင်ကြားရေး၊ သုတေသန၊ စီမံခန့်ခွဲရေးသာမက အဆင့်မြင့်ပညာဖွံ့ဖြိုးရေး၊ မူဝါဒနှင့် သုတေသနများပါ ပြုလုပ်ရမည်ဖြစ်ပါသည်။

(၁၈)  တက္ကသိုလ်ပဋိညာဉ်အရ    ရွေးကောက်တင်မြှောက်ခံ တက္ကသိုလ်ဆရာများသမဂ္ဂ (Teacher Union) နှင့် ကျောင်းသားများသမဂ္ဂ (Student Union)တို့အပါအဝင် အဆင့်မြင့်ပညာကျောင်းအားလုံးတွင် ကဏ္ဍစုံ ချိတ်ဆက်ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ အဆင်ပြေချောမွေ့စေရေးအတွက်    ပုံမှန်နှင့်အလွတ် သဘော ဆက်သွယ်ဆောင်ရွက်မှုလုပ်ငန်းစဉ်များဖွံ့ဖြိုးစေရန် ကျောင်းသား ကျောင်းသူအားလုံး၊ ဆရာ ဆရာမအားလုံး သမဂ္ဂများ (Unions) တွင်ပါဝင်ပြီး အများသဘောတူ ခေါင်းဆောင်ရွေးချယ်ပေးရပါမည်။ ကျွန်တော် သြစတြေးလျတွင် ကျောင်းတက်စဉ်က   ကျောင်းသားများသမဂ္ဂက ဆန္ဒပြရာတွင် နေ့လယ်စာစားချိန်      မွန်းလွဲ ၁ နာရီနှင့် ၂ နာရီကြား စီတန်းလှည့်လည်ပြီး ၂ နာရီထိုးသောအခါ မိမိသက်ဆိုင်ရာအတန်းများဆီသို့    စည်းကမ်းတကျ ကျောင်းပြန်တက်သွားကြသည်ကို အားကျအတုယူဖွယ် မြင်တွေ့ခဲ့ရပါသည်။

(၁၉) သုတေသနနှင့် ဆန်းသစ်တီထွင်မှုဌာန (Centre for Research and Innovation - CRI)သည် သီးခြားဖွဲ့စည်းပုံရှိရပြီး တက္ကသိုလ်ရှိဌာနအားလုံး စုပေါင်းလုပ်ကိုင်ရသောသုတေသန  (Inter-disciplinary and Inter-Departmental Research) ကို အကောင်အထည်ဖော်ရပါမည်။ တက္ကသိုလ်တွင်းရှိ ဌာန နှစ်ခုသုံးခု ပူးတွဲပြုလုပ်ရသည့်  သုတေသနများရှိရန်လိုသလို အင်ဂျင်နီယာ နည်းပညာနှင့် စီးပွားရေးပညာ (တက္ကသိုလ်နှစ်ခု) ပူးတွဲပြုလုပ်ခြင်း၊ တက္ကသိုလ်များမှ ပုဂ္ဂလိကကဏ္ဍလိုအပ်ချက်ကို သုတေသနပြုလုပ်ပေးခြင်း စသည်တို့ကိုပါ တစ်ပြိုင်နက် လုပ်ဆောင်ရမည် ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်က ကျွန်တော်တို့ ထိုင်းနိုင်ငံ မေဂျိုတက္ကသိုလ် (Maejo University) သို့ လေ့လာရေးခရီးသွားရောက်ခဲ့စဉ်က မေဂျိုတက္ကသိုလ်အတွင်း သစ်ခွတစ်ရှူးမျိုးပွား ထုတ်လုပ်မှု (Orchid Tissue Culture) ကို ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့ ပူးတွဲ၍ အမြောက်အမြား (Mass Production) ထုတ်လုပ်ပြီး နိုင်ငံခြားတင်ပို့နိုင်သည်အထိ အောင်မြင်စွာ ထုတ်လုပ်နေမှုကို အားကျဖွယ် တွေ့မြင်ခဲ့ရပါသည်။

(၂၀) အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီ၊ အဆင့်မြင့်ပညာ  ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားကျောင်း၊ အမျိုးသားအရည်အသွေးအာမခံမှုနှင့် အသိအမှတ်ပြုမှုကော်မတီ၊ တက္ကသိုလ်သုတေသန အဖွဲ့အစည်းများ၊ မြန်မာသုတေသနနှင့် ပညာရေးကွန်ရက်၊ အမျိုးသားသုတေသနကောင်စီနှင့် သုတေသန၊ သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု ဗဟိုဌာနများအတွက် နှစ်စဉ်သုံးစွဲမည့် ဘဏ္ဍာငွေများအတွက် ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်သစ်တစ်ရပ်  တည်ထောင်ရပါမည်။ အမျိုးသားပညာရေးမူဝါဒကော်မရှင် (National Education Policy Commission - NEPC) နှင့် ကော်မတီ များသည် အဆင့်မြင့်ပညာဦးစီးဌာနမှ ဘတ်ဂျက်ခွဲဝေသုံးစွဲ နေရာမှ ညွှန်ကြားရေးမှူးချုပ်အဆင့်မှအုပ်ချုပ်ပြီး သီးသန့် ရန်ပုံငွေသုံးစွဲခွင့် ရရှိရပါမည်။

(၂၁)  အမျိုးသားအဆင့်သုတေသနကောင်စီ (National Level Research Council)   အမြန်ဆုံးဖွဲ့ပြီး ပုဂ္ဂလိက (Private)၊ အစိုးရ (Public)၊  ဝိဇ္ဇာနှင့်လူမှုဘာသာ (Arts and Humanities)၊ ရိုးရိုးနှင့် အသုံးချသိပ္ပံ (Pure and Applied Science)၊ လူမှုရေးသိပ္ပံ (Social Science)၊ ယဉ်ကျေးမှု (Culture) များပါမကျန်    ထည့်သွင်းပြီး သုတေသနများကို စုပေါင်းလုပ်ဆောင်သည့်စနစ် (Integrated Approaches)ကို မွေးမြူရပါမည်။ နယ်သာလန်နိုင်ငံ ဝက်ဂင်နီဂမ်တက္ကသိုလ်သည် တက္ကသိုလ်နှင့်သုတေသနဦးစီးဌာန ပူးပေါင်း၍ သင်ကြားရေးနှင့် သုတေသနတက္ကသိုလ် (Wageningen University and Research - WUR ) အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ထားရာ နိုင်ငံအတွက်ရော တစ်ကမ္ဘာလုံးအတွက်ပါ အားကိုးအားထားပြုရသည့် ကမ္ဘာ့ထိပ်တန်းဝင်တက္ကသိုလ် (World-Class University) ဖြစ်သွားပါပြီ။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားသွားသော ၂၀၂၁ နှစ်ဦးတရားတော်တွင် “ခေါင်းဆောင်ကောင်းဆိုသည်မှာ အမြဲတက်ကြွနေပြီး သူများထက်ပို၍ ဝီရိယပိုရှိရပါမည်။ ကိုယ်အကျိုးသာမက  သူတစ်ပါး၊  နောက်လိုက်များ၏အကျိုးကိုလည်း ကြည့်ရပါမည်။ မိမိနောက်လိုက်များ အပေါ် အကြင်နာ၊ ကရုဏာထားရပါမည်။ တန်းတူထား ဆက်ဆံတတ်ရပါမည်။  သူတစ်ပါးအပေါ် အထင်သေး သည့်စိတ် (Look Down) နည်းပါးအောင် ပြုလုပ်ရပါမည်။ ခေါင်းဆောင်ထက် နောက်လိုက်ကပိုတော်နေရင် မနာလို မှု ဖြစ်လာတတ်ပြီး  ငါပြောသလိုလုပ်၊ ငါခိုင်းသလိုလုပ် စိတ်တွေဝင်လာတတ်ပါသည်။ မင်းကျင့်တရား ၁၀ ပါး ဆိုသည်မှာ နိုင်ငံတော်အကြီးအကဲများတွင်သာမကဘဲ မိမိအိမ်၊ မိမိအဖွဲ့အစည်းတွင် ခေါင်းဆောင်ရလျှင်လည်း မင်းကျင့်တရား ၁၀ ပါးနှင့်အညီ ဒါန(ပေးကမ်းမှု)၊ နူးညံ့၊ ပျော့ပျောင်း၊ ပြေပြစ်မှု (ပျော့ညံ့တာ မဟုတ်ပါ)၊ သည်းညည်း ခံနိုင်မှု (ထစ်ခနဲဆို ကိုယ့်ဒေါသကို အပြင်မထွက်စေရ)၊  ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏  စကားပုံလို ခေါင်းဆောင်ကောင်းပါက နောက်လိုက်ကောင်းများစွာ ရတတ်ပါသည်” ဟူ၍ နှစ်ဦးတရားဟောသွားပါသည်။  

သို့ဖြစ်ပါ၍ ပြည်သူ ပြည်သားများ၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ မိဘများ၊  အစိုးရ၊ ပုဂ္ဂလိက၊ ပြည်တွင်း၊ ပြည်ပပညာရှင်များစွာကပေးသော အကြံဉာဏ်များရယူပြီး နိုင်ငံတော်အနာဂတ်ခရီးလမ်း ခေါင်းဆောင်ကောင်းများစွာ (Good Leaderships) မွေးထုတ်ပေးနိုင်သော အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း-အဆင့်မြင့်ပညာရေးစနစ် (၂၀၂၁-၂၀၃၀)ရေးဆွဲ၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေဟူ၍ ဆုတောင်းမေတ္တာ ပို့လိုက်ပါသည်။

ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)