ကိုဗစ်ကာလအလွန် ခရီးသွားလာမှု ဖွံ့ဖြိုးလာမည့် ရေလွှဲရေတံခွန်

၁၁  ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ရေတာရှည်-ကရင်ချောင်း-လိပ်သို လမ်းပိုင်း၌ စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)ကို ဇန်နဝါရီ ၂ ရက်က ဖွင့်လှစ်ခဲ့ရာ မြစ်အရှေ့ဘက်ခြမ်း ကျွဲရိုင်းပြင်ကျေးရွာအုပ်စု ရေလွှဲကျေးရွာအနီးရှိ ရေလွှဲရေတံခွန်သည် ရှုမျှော်ခင်းများလှပခြင်းနှင့် ခရီးသွားလာရ အဆင်ပြေခြင်းတို့ကြောင့် ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် နေရာတစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားမှုများ ရှိနေသည်။

ရေတာရှည်မြို့မှ ကရင်ချောင်း-လိပ်သိုလမ်းအတိုင်း စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း အမှတ်(၂) ခရိုင်ချင်းဆက်လမ်း ၈ မိုင် ၆ ဖာလုံမှ မြောက်ဘက်ကို ကားလမ်းအတိုင်း တစ်မိုင်ခန့်သွားလျှင် ရေလွှဲကျေးရွာသို့ ရောက်ရှိမည်ဖြစ်သည်။ ရေလွှဲရေတံခွန်အနီး မြရောင်ခြည်စေတီငယ်နေရာအထိ ယာဉ်များမောင်းဝင်၍ရပြီး လာရောက်လည်ပတ်သူများ သွားလာရေးအဆင်ပြေ စေရန် ကျေးရွာဒေသခံများက လမ်းများစုပေါင်းပြုပြင်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

အရှေ့ဘက် ကရင်ပြည်နယ် တောင်တန်းကြီးများပေါ်မှ စီးဆင်းလာ သောကရင်ချောင်းသည်ကျောက်တုံး၊ ကျောက်ဆောင်ကျောက်စွယ်များအကြား စီးဆင်းရာလမ်းတစ်လျှောက် ရေတံခွန်ကြီးတစ်ခု၊ ရေတံခွန်အမွှာတစ်ခု၊ ရေတံခွန်ငယ် လေးခုရှိသည့်အပြင် ကျောက်တောင်၊ ကျောက်ဆောင်များ၏ သဘာဝတည်နေပုံ၊ ကြည်လင်အေးမြသောရေတို့ကြောင့် လာရောက်လည်ပတ်သူတိုင်း သဘောကျ နှစ်ခြိုက်ကြသည်။

အဆိုပါ ရေတံခွန်ကြီးနှင့် ရေတံခွန်အမွှား၊ ကျောက်ဖျာကြီးများရှိသောနေရာသည် လက်ရှိ ရေတံခွန်လမ်းမှ ဝင်ရောက်၍မရဘဲ ဒေသခံလမ်းပြများပါမှသာ ချောင်းတောင်ဘက်ခြမ်း ကျောက်တောင်ဘက်မှ တက်လို့ရကြောင်း ရေလွှဲကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

လွတ်လပ်ရေးနေ့က အဆိုပါ ရေလွှဲရေတံခွန်သို့ နံနက်ပိုင်းရောက်ရှိခဲ့ရာတွင် မိသားစုအလိုက် မိတ်ဆွေ သူငယ်ချင်းများ အစုအဖွဲ့ငယ်လေးများဖြင့် လာရောက်လည်ပတ်ကြရာ အမှတ်တရဓာတ်ပုံရိုက်ကြခြင်း၊ ရေဆော့ကစားကြခြင်း၊ ယူဆောင်လာသော အစားအစားများကို ပျော်ပျော်ပါးပါးစားသောက်ကြသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ကျောက်တောင်ကြာလမ်းတစ်လျှောက်နှင့် ရေစပ်နေရာများတွင် ပြန့်ကျဲနေသော အမှိုက်သရိုက်များအပြင် အရက်ပုလင်း၊ ဘီယာဘူးခွံများ နေရာစုံတွင် တွေ့ရှိနေရခြင်းကြောင့် ကျေးရွာဒေသခံများက နေ့စဉ်စုပေါင်း၍ လိုက်လံသိမ်းဆည်း ပေးနေရခြင်းများလည်းရှိနေရာ လာရောက်လည်ပတ်ကြသူများအနေဖြင့် စည်းကမ်းတကျ အမှိုက်စွန့်ပစ်နိုင်ရန် လုပ်ဆောင်သွားမည်ဟု အဆိုပါ ဒေသခံကပင် ဆက်လက်ပြောသည်။

အဆိုပါ ရေလွှဲကျေးရွာမရောက်ခင် ကရင်ချောင်းကျေးရွာသည် ရှေးသမိုင်းဝင် မြို့ရိုးကျုံးဟောင်းနေရာများ၊ အရှေ့ဘက် ကရင်ပြည်နယ်တောင်တန်းကြီးများကို မျက်နှာမူလျက် တည်ထားသော ထိုင်တော်မူ ရွှေပြည်ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဖူးမြော်နိုင်ပြီး ကရင်ချောင်းကျေးရွာလမ်းသည် ဒုတိယကမ္ဘာစစ်ကာလ၌ ဂျပန်တပ်များ၏ စစ်သုံးကိရိယာပစ္စည်းများ သယ်ဆောင်ရာ စစ်လမ်းဖြစ်ခဲ့ရာ ရွှေပြည်ဘုရားကြီးတည်ရှိသော ဂန္ဓကုဋိဆောင်ကိုကျွဲညီနောင် အမေရိကန်စစ်လေယာဉ်များက စက်သေနတ်ဖြင့် အကြိမ်ကြိမ်ပစ်ခဲ့သော်လည်း ဗုဒ္ဓရုပ်ပွါးတော်ကြီး ကိုယ်လုံးတော်ကို လုံးဝထိမှန်ခဲ့ခြင်းမရှိကြောင်းနှင့် ရုပ်ပွားတော်ကြီး၏ ဗောင်းတော်၊ စလွယ်မကိုဋ်တို့ကိုသာ ထိမှန်ခဲ့သည့် ရှေးဟောင်းပစ္စည်းများကို ယခုတိုင် လေ့လာကြည့်ရှုနိုင်သေးကြောင်း ကရင်ချောင်း ၊ ကျေးရွာနေ ဦးမြင့်ဦးက ပြောသည်။

ထို့အပြင် ရေလွှဲကျေးရွာအထက် သုံးမိုင်ခန့်အကွာ သက်ကယ်ကျင်း ကျေးရွာအနီး ဝါးတောကြီး၊ သစ်ပင်များ ထူထဲစွာပေါက်ရောက်နေသောနေရာတွင် အကျယ်သုံးမိုင်ဝန်းကျင်ခန့်ရှိ ဂဝံကျောက်တုံးမြို့ရိုးဟောင်း၊ အုပ်ချုပ်ကြီးများ၊ အရိုးအိုးများ တူးဖော်တွေ့ရှိသောနေရာများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်စဉ်က လိုက်ပါပြသပေးခဲ့ရခြင်းကြောင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရန် ဆောင်ရွက်နိုင်ပါက ခရီးသွားလုပ်ငန်းနှင့် ကွင်းဆက်ပြတ်နေသော ရှေးဟောင်း အမွေအနှစ်များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံသည် သဘာဝရေခံမြေခံကောင်းမွန်သည့် နိုင်ငံတစ်ခုဖြစ်၍ ပြည်ပခရီးသွားများ၊ ပြည်တွင်းခရီးသွားကြသူများအနေဖြင့် ကိုဗစ်ကာလလွန်မြောက်ချိန်တွင် မွန်းကျပ်မှုမှ လွတ်မြောက်ရန် ခရီးသွားလာလည်ပတ်ခြင်းတို့ကို မလွဲမသွေဆောင်ရွက်ကြမည်ဖြစ်ရာ လည်ပတ်ရန် နေရာသစ်များစွာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက မီးခိုးမထွက်သော သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမှ နိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မည်ဖြစ်သည်။

ကိုလွင်(ဆွာ)