ကိုဗစ်ကာလမှာ မန္တလေးမြို့က ယက္ကန်းရုံအချို့ ယက္ကန်းစင်များ တစ်ဝက်စျေးနဲ့ ပြန်လည်ရောင်းချနေရ

မန္တလေး ၂၁ ဇူလိုင်

 

ကိုဗစ်ကာလမှာ ဝယ်လိုအားမရှိသည့်အတွက် မန္တလေးမြို့က ယက္ကန်းရုံအချို့မှာ ယက္ကန်းစင်တွေကို တစ်ဝက်စျေးနဲ့ ပြန်လည်ရောင်းချမှုများရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး၊ အထည်အလိတ် လုပ်ငန်းရှင်းများအသင်း ဒုတိယဥက္ကဌ ဒေါ်မြင့်မြင့်သန်းက ပြောသည်။

 

ကိုဗစ်ကာလမှာ ယက္ကန်းရုံများ ပိတ်ထားရခြင်း၊ ပြန်လည်လည်ပတ်ခွင့်ရသည့် အချိန်တွင်လည်း ဝယ်လိုအားနည်းပါးခြင်းကြောင့် ယခုလို ယက္ကန်းစင်များ ပြန်လည်ရောင်းချလာ ကြခြင်းဖြစ်သည်။

 

"အရောင်းအဝယ်ကလည်း လုံးဝရပ်သွားတယ်။ စက်ရုံရပ်တည်ဖို့ရယ် ဝန်ထမ်းတွေအတွက် ဖြေရှင်းပေး ဖို့ အခက်ခဲတွေ အများကြီးကြုံနေရတယ်။ စားဝတ်နေရေးခက်ခဲတော့ရှိတဲ့ ယက်ကန်းစင်ကို ဖြုတ်ရောင်းလာကြတာလည်း အများကြီးပဲ"ဟု မန္တလေးတိုင်းဒေသကြီး၊ အထည်အလိတ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဒေါ်မြင့်မြင့်သန်း က ပြောသည်။

 

ကိုဗစ်ကာလ စီးပွါးရေးကျပ်တည်းမှုကြောင့် ရပ်တည်ရန်ခက်ခဲလာသည့် လခစား ယက္ကန်းရုံများသည် ယက္ကန်းစက်များ ဖြုတ်ရောင်းခြင်း၊ ယက္ကန်းရုံလိုက် အပြတ်ရောင်းခြင်းများ ရှိလာသည်ဟု သိရသည်။

 

ယက္ကန်းစင်များကိုလည်း ပုံမှန်စျေးထက် ထက်ဝက်ခန့်လျော့ပြီး အရှုံးခံကာ ရောင်းချနေရတယ်လို့ ယက္ကန်းလုပ်ငန်းရှင်များထံမှ သိရသည်။ 

 

" တချို့ဆို ၆ စင်ရှိရင် ၆ စင်ဖြုတ်ရောင်းကြတယ်၊ သူတို့မှာ အရှုံးခံပြီး ရောင်းရတယ် သူတို့ဝယ်တုန်းက ယက္ကန်းတစ်စင်ကို အပြီးအစီး ၂၀ လောက်ရတယ် ဒါပေမယ့် ထက်ဝက်လောက် လျှော့ ရောင်းလိုက်ရတယ် ၁၀ သိန်းလောက်နဲ့လည်း ရောင်းလိုက်ရတာပဲ" ဟု ဒေါ်မြင့်မြင့်သန်း ပြောသည်။

 

အလှူအတန်း၊ ဘုရားပွဲ စသဖြင့် လူစည်းကာစသည့်ပွဲ အခမ်းအနားများ ပြုလုပ်ခွင့်မရှိသေးသည့်အတွက် အထည်အလိပ်ဝယ်ယူသူ မရှိကြောင်း သိရသည်။ 

 

လည်ပတ်ခွင့်ရသည့် ယက္ကန်းရုံများသည်လည်း တစ်ရက်ခြား လည်ပတ်ခြင်း၊ နေ့တစ်ဝက်သာ လည်ပတ် ခြင်း၊ ဝန်ထမ်းလျှော့ချပြီး လုပ်ငန်းလည်ပတ်ခြင်း စသဖြင့်ဆောင်ရွက်နေရကြောင်း သိရသည်။ 

 

"အလှူအတန်းတို့ ပွဲလမ်းသဘင်တို့မရှိတော့ အဝတ်အထည်တွေက မရောင်းရဘူးပေါ့။ ကုန်သည်တွေက လည်းသူတို့ဆီမှာ အထည်တွေပုံနေတဲ့အတွက် ယက္ကန်းလုပ်ငန်းတွေ လည်းမလုပ်ရဘူး၊ မလုပ်ရတော့ တချို့စက်တန်းတွေ ရောင်းလိုက်ရတာတွေရှိတယ်"ဟု မန္တလေးတိုင်းဒေသကြီး၊ အထည်အလိပ် လုပ်ငန်းရှင်းများအသင်း အတွင်းရေးမှူး ကိုအောင်သူရကို က ပြောသည်။

 

အမရပူရတွင် ယက္ကန်းလုပ်ငန်း လုပ်ကိုင်သူ တစ်သောင်းဝန်းကျင်ခန့်ရှိ​ပြီး ကိုဗစ်ကာလမှာ အချို့ယက္ကန်းလုပ်ငန်းတွေ ရပ်နားထားရသည်ဟုသိရသည်။ 

 

မေသက်ထား