ကြိုးစားရှင်သန်နေကြရသည့် မိတ္ထီလာမှ အိမ်တွင်းစက်မှုလုပ်ငန်း စက်ရက်ကန်းများ

၁၄  မေ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်မှ မိတ္ထီလာစက်မှုဇုန်နှင့် ဝမ်းတွင်းမြို့နယ်တို့ရှိ စက်ရက်ကန်း လုပ်ငန်းများသည် မြန်မာနိုင်ငံတစ်ဝန်း အမျိုးသား အမျိုးသမီးဝတ် လုံချည်အမျိုးမျိုး ဈေးကွက်၏ ၇၀ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းတင်ပို့ ရောင်းချပေးနေသည်။

 

မိတ္ထီလာခရိုင်အတွင်း ဝမ်းတွင်းမြို့နယ်ပြီးလျှင် မိတ္ထီလာမြို့နယ် စက်မှုဇုန်ရှိ စက်ရက်ကန်းလုပ်ငန်း အရေအတွက်မှာ အများဆုံးဖြစ်ပြီး မိတ္ထီလာစက်မှုဇုန်တွင် စက်ရက်ကန်းလုပ်ငန်းရှင် ၁၇၀ ခန့်ရှိကာ စက်ရက်ကန်းစင် ၁၂ စင်မှ စင်၂၀၊ စင် ၃၀ စသည်ဖြင့် စက်ရက်ကန်းရုံများ တည်ထောင်၍ အထည်လုပ်ငန်းကို လုပ်ကိုင်လျက် ရှိသည်

 

ct 002

 

စက်ရက်ကန်းလုပ်ငန်းသည် အိမ်သုံးမီတာဖြင့် လုပ်ကိုင်နိုင်သည့် တစ်ခုတည်းသော အိမ်တွင်းစက်မှုလုပ်ငန်းဖြစ်သည်။ ထို့ကြောင့် ကျေးရွာအများအပြားတွင် လျှပ်စစ်မီးရရှိလာသည်နှင့်အမျှ တစ်ပိုင်တစ်နိုင် စက်ရက်ကန်းလုပ်ငန်းများကို လုပ်ကိုင်လာသူများ များပြားလာကြောင်း သိရသည်။

 

စက်ရက်ကန်းလုပ်ငန်း လုပ်ကိုင်လာသူများ ယခင်ထက်များပြားလာ၍ ဈေးကွက်တွင် အပြိုင်အဆိုင် ရောင်းချရမှု များလာခြင်း၊ ကုန်ကြမ်းချည်ဈေးနှုန်း မြင့်မားလာခြင်းတို့ကြောင့် မိတ္ထီလာစက်မှုဇုန်မှ စက်ရက်ကန်း လုပ်ငန်းများမှာ လုပ်ငန်းဆက်လက် ရပ်တည်နိ်ုင်ရုံအဆင့်ဖြင့် ကြိုးစားရုန်းကန် ရပ်တည်နေကြရသည်။

 

စက်ရက်ကန်းလုပ်ငန်းများသည် သာမန်ကြည့်လျှင် လွယ်ကူသည့်လုပ်ငန်းဟု ထင်မြင်နိုင်သော်လည်း ထင်သလောက် မလွယ်ကူသော အလတ်စားစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည်။ မည်သို့ဆိုစေ မိတ္ထီလာစက်မှုဇုန်မှ စက်ရက်ကန်းလုပ်ငန်း များ ယခုထက် ပိုမိုဖွံ့ဖြိုးရှင်သန်နိုင်ရေးအတွက် စီးပွားရေးပညာရှင်များ၊ ရက်ကန်းပညာရှင်များ၊ ရက်ကန်းလုပ်ငန်းရှင်များနှင့် သက်ဆိုင်သူများက ဝိုင်းဝန်းပူးပေါင်းအဖြေရှာ ဆောင်ရွက်သင့်ပါသည်။

 

မိတ္ထီလာစက်မှုဇုန်မှ ရုန်းကန်ရှင်သန်နေဆဲ စက်ရက်ကန်းလုပ်ငန်းများထဲတွင် စက်ရက်ကန်းများဖြင့် အထည်ရက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြင်ကွင်းတချို့ကို ရိုက်ကူးတင်ပြလိုက်ပါသည်။

 

ချမ်းသာ (မိတ္ထီလာ)

 

ct 004

 

CT 003