ကျိုက်မရောမြို့နယ်တွင် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများနှင့် ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့

ကျိုက်မရော ၅ နိုဝင်ဘာ    

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ရေကြီးနစ်မြုပ်မှု ကြောင့် ပျက်စီးခဲ့သော စိုက်ပျိုးသီးနှံပင်များ၊ ထိခိုက်ခဲ့သော တောင်သူအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေး အဆင်ပြေစေရန်အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)မှ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့ကလော့ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ပေးအပ်ရာတွင် စပါးစိုက်တောင်သူများအား အိမ်ထောင်စု တစ်စုလျှင် မျိုးစပါး ၂၀ ကီလိုဂရမ်တစ်အိတ်၊ မြေသြဇာ ၂၀ ကီလိုဂရမ် တစ်အိတ်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သော ဆပ်ပြာရည်၊ နှာခေါင်းစည်း mask များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ကျေးရွာအုပ်စု ၃၁ အုပ်တွင် အိမ်ထောင်စုပေါင်း (၂၀၀၀) ခန့်ကို ထောက်ပံ့ပေးအပ်ထားပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ချိုချို(ပြန်/ဆက်)