ကျိုက်ထီးရိုးရင်ပြင်တော်အနီး ကျီးပါးစပ်လမ်းရှိ အထည်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ကျိုက်ထို ၂၁ ဇူလိုင် 

 

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထီးရိုးရင်ပြင်တော်အနီး ကျီးပါးစပ်လမ်းတွင် ဇူလိုင်၂၀ ရက် မွန်းလွဲ ၂ နာရီခွဲက၌ ယခင်ကျိုက်ထီးရိုးဘုရားပွဲတော် ကာလအတွင်း လေလံပြင်ပဈေးဆိုင်ပိုင်ရှင် ဦးမင်းမောင်(၄၀)နှစ် (၂၅ လမ်း၊ မှော်ကန် ရပ်ကွက်၊ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးနေသူ)၏ အလျားပေ(၂၀)၊အနံပေ(၃၀)ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ပိတ်သိမ်းထားသည့် ဈေးဆိုင်တွင် ဆေးလိပ်မီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုတွင် ဆိုင်ပိုင်ရှင် ဦးမင်းမောင်နှင့်မိသားစုဝင်များသည် COVID-19 ကူးစက်ရောဂါ စတင်ဖြစ်ပွားနေသည့် ၂၀၂၀ မတ်လအတွင်း ကျိုက်ထီးရိုးဘုရားပွဲတော်အား ယာယီပိတ်သိမ်းချိန်၌ ဈေးဆိုင်အား ပိတ်သိမ်း၍ ပဲခူးမြို့သို့သွားရောက်နေထိုင်လျက်ရှိပြီး မီးလောင်ကျွမ်းမှုကြောင့် ဈေးဆိုင်တစ်ဆိုင်၊ ကျိုက်ထီးရိုးအမှတ်တရပစ္စည်းနှင့် အဝတ်အထည်မျိုးစုံ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုအား ကျိုက်ထီးရိုး ရင်ပြင်တော် လုံခြုံရေးတာဝန်ကျ အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲမှူး ဇော်မင်းနှင့်တပ်ဖွဲ့ဝင်(၂၀) ၊ အမှတ်(၉၆)ခြေလျင် တပ်ရင်းမှ ရင်ပြင်တော်တပ်ခွဲမှူး ဗိုလ်ကြီးဝေဖြိုးလင်းနှင့် တပ်မတော်သားများ ၊ ကျိုက်ထီးရိုးရင်ပြင်တော် ရဲကင်းစခန်းမှူး ရဲအုပ်ထွန်းထွန်းလင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရင်ပြင်တော် မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးအောင်ငြိမ်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရင်ပြင်တော်ရှိ မီးသတ်ရေငုပ်တိုင်မှ ရေအားသွယ်တန်း၍ ဝိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ ယင်းနေ့ မွန်းလွဲ  ၃နာရီ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ 

 

မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်/ ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။

 

သန်းသန်းမော်/(ပြန်/ဆက်)