ကိုလက်စထရောနှင့်ကျန်းမာရေး

ကိုကျော်စွာ(ကျိုက်ပိ)

 

လူတို့သည် ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရကို နေ့စဉ်ဖြည့်ဆည်းနေကြရသည်။ ယင်းအာဟာရဓာတ်ကိုတော့ ဟင်းသီးဟင်းရွက်နှင့် အသားငါးတို့မှ ရရှိပါသည်။ ထို့ပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ် တစ်မျိုးလည်း ရှိပါသည်။ ယင်းသည်ကား အဆီဓာတ်ပင်ဖြစ်ပါသည်။ သို့သော် ထိုအဆီဓာတ်သည် စားတိုင်း အာဟာရဖြစ်သည်တော့ မဟုတ်ပေ။

 

ခန္ဓာကိုယ်ရှိ အဆီဓာတ်၏ လုပ်ငန်းတာဝန်

 

အဆီဓာတ်သည်ခန္ဓာကိုယ်၏ လုပ်ငန်းတာဝန်အတွက် မရှိမဖြစ်ပေ။ ဥပမာ-အင်ဂျင်စက်တစ်လုံး လည်ပတ်နိုင်စေရန် ချောဆီလိုအပ်သကဲ့သို့ ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်အတွက် အဆီဓာတ်သည် လိုအပ်ပါသည်။ သို့သော် ခန္ဓာကိုယ်ရှိ အဆီဓာတ်သည် ညီမျှနေဖို့လိုပါသည်။ ထိုအဆီဓာတ်များသည် ခန္ဓာကိုယ်၏ အပူအအေးကိုမျှတစေခြင်း၊ ဗီတာမင်ဒီ (Vitamin D) ထုတ်ပေးခြင်း၊ ဆဲလ်နံရံများ တည်ဆောက်ပေးခြင်းနှင့် ဟိုမုန်းဓာတ်ထုတ်ပေးခြင်း စသည့် လုပ်ငန်းတာဝန်များကို ပြုလုပ်ပေးပါသည်။

 

အသက်အရွယ်အလိုက် ရှိသင့်သောအဆီပမာဏ

 

လူတို့သည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်း အဆီဓာတ် များပြားလာသည်ကို သတိပြုမိကြပေလိမ့်မည်။ ထိုအခါ အဝလွန်ခြင်းကို ဖြစ်စေကာ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်လာစေသည်။ အသက် ၄၀ ကျော်လာပါက ခန္ဓာကိုယ်အတွင်း အဆီပမာဏ များပြားလာတတ်သည်။ အထူးအဖြင့် အမျိုးသားများထက် အမျိုးသမီးများ ပို၍ဖြစ်တတ်သည်။

 

လူတစ်ဦးတွင် အသက်အရွယ်အပိုင်းအခြားအလိုက် ရှိသင့်သောအဆီပမာဏ ရှိပါသည်။ အမျိုးသမီးများတွင် အသက် ၁၈ နှစ်မှ ၃၉ နှစ်အတွင်း ပုံမှန်ရှိသင့်သော အဆီပမာဏမှာ ၂၁ မှ ၃၃ ရာခိုင် နှုန်း၊ အသက် ၄၀ မှ ၅၉ နှစ်အတွင်း ၂၃ မှ ၄၃ ရာခိုင်နှုန်း၊ အသက် ၆၀ အထက်မှာ ၂၄ မှ ၃၆ ရာခိုင်နှုန်းအထိသာ ရှိသင့်ပါသည်။ အမျိုးသားများ အနေဖြင့်မူ အသက် ၁၈ မှ ၃၉ နှစ်အတွင်း ပုံမှန်ရှိသင့် သော အဆီပမာဏမှာ ၈ မှ ၂၀ ရာခိုင်နှုန်း၊အသက် ၄၀ မှ ၅၉ အတွင်း ၁၁ မှ ၂၂ ရာခိုင်နှုန်း၊ အသက် ၆၀ အထက်မှာ ၁၃ မှ ၂၅ ရာခိုင်နှုန်းသာရှိသင့်ကြောင်း သိရသည်။ အဆိုပါ အသက်အရွယ်အလိုက်ရှိသင့် သော အဆီပမာဏထက်များပါက အဝလွန်၍ ကျန်းမာရေးကို ထိခိုက်စေပါသည်။

 

ခန္ဓာကိုယ်အတွင်းရှိသင့်သော ကိုလက်စထရောပမာဏ

 

ကိုလက်စထရောသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါသော အဆီဓာတ်တစ်မျိုး ဖြစ်သည်။ ထို့ကြောင့် ကိုလက်စထရောသည် ရှိသင့်သော အဆီဓာတ်တစ်မျိုးဟု ဆိုရပေမည်။ သို့သော် လိုအပ်သည်ထက် များပြားပါက မကောင်းပေ။ ကိုလက်စထရောသည် လူတစ်ယောက်အတွက် နေ့စဉ်ပုံမှန်အားဖြင့် ၁၃၀ မီလီဂရမ်မှ ၂၀၀ အတွင်းသာ ရှိသင့်ပါသည်။ ၁၃၀ မီလီဂရမ်အောက် လျော့နည်းခြင်းနှင့် ၂၀၀ မီလီဂရမ်ထက် များပြား ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် မျှတသော ကိုလက်စထရောပမာဏရှိရန် လိုအပ်ပါသည်။

 

ကိုလက်စထရော၏ လုပ်ငန်းတာဝန်

 

ကိုလက်စထရောသည် ခန္ဓာကိုယ်အတွက် အရေးပါသောအဆီဖြစ်ပြီး ခန္ဓာကိုယ်တည်ဆောက်ရေးနှင့် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများ အတွက် အဓိကဖြစ်သည်။ အဓိကအားဖြင့် ဆဲလ်နံရံများကို တည်ဆောက်ပေးခြင်း၊ ခန္ဓာကိုယ်အတွင်း ရှိ ဆဲလ်များ၏ အပေါ်ယံအမြှေးပါး၌ ကိုလက် စထရောပါဝင်ခြင်းကြောင့် ဆဲလ်များ ပျော့ပျောင်း သွားခြင်း၊ ကျား-မ ဟိုမုန်းကို ထုတ်လုပ်ပေးခြင်းတွင် အဓိကကုန်ကြမ်းဟု ဆိုပါသည်။ ထို့ပြင် ဗီတာ မင်ဒီ (Vitamin D) ကိုလည်း ထုတ်လုပ်ပေးသည်။ ဗီတာမင်ဒီသည် အရိုးအဆစ်များကို သန်မာစေသည့်အတွက် ကိုလက်စထရော ဓာတ်သည် အရိုးအဆစ်များအတွက်လည်း အရေးပါကြောင်း သိနိုင်သည်။

 

ကိုလက်စထရောပါသော အစားအစာများ

 

ကိုလက်စထရောကို အစားအစာများမှလည်း ရရှိသလို စားသုံးဆီခေါ် ပြည့်ဝဆီများမှလည်း ရရှိပါသည်။ အပင်ထွက်ဆီများ၌ ကိုလက်စထရော မရနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အပင်၏ဖွဲ့စည်းတည်ဆောက်ပုံတွင် ကိုလက်စထရော မလိုအပ်သောကြောင့်ဟု ဆိုပါသည်။ ကိုလက်စထရောကို တိရစ္ဆန်မှရသောအဆီများမှ အများဆုံးရရှိပါသည်။ ဥပမာ-အမဲသားတွင် ကိုလက်စထရောပါဝင်မှု ၄၁၀ မီလီဂရမ်၊ ဒိန်ခဲတွင် ၂၇ မီလီဂရမ်၊ ကြက်သား တွင် ၆၀ မီလီဂရမ်၊ ထောပတ်တွင် ၂၅၀ မီလီဂရမ်နှင့် ကြက်ဥဘဲဥတွင် ၂၂၅ မီလီဂရမ် ပါဝင်သည်။ လူ တစ်ယောက် နေ့စဉ်လိုအပ်သော ကိုလက်စထရော ပမာဏကို အစားအစာများမှ ၂၅ ရာခိုင်နှုန်း ရရှိပြီး ကျန်လိုအပ်သော ၇၅ ရာခိုင်နှုန်းကို အသည်းက ထုတ်ပေးကြောင်းသိရသည်။ လူတစ်ဦးသည် နေ့စဉ်လိုအပ်သော ကိုလက်စထရောကို ရရှိစေရန် စားသုံးဆီ ၂ ကျပ်သားခန့် စားသုံးသင့်ပြီး သွေးတွင်း ကိုယ်လက်စထရောများ သူများအနေဖြင့် ပြည့်ဝဆီ ကိုသာ စားသုံးသင့်ပါသည်။

 

mdn

 

ကိုလက်စထရောနှင့် ကျန်းမာရေး

 

ကိုလက်စထရောသည် ခန္ဓာကိုယ်ရှိအဆီများမှ အရေးပါသော အဆီတစ်မျိုးဖြစ်ကြောင်း အထက်တွင် ဖော်ပြခဲ့ပါသည်။ ခန္ဓာကိုယ်အတွင်း အဆီဓာတ်ပမာဏ လျော့နည်းသွားပါက ကိုလက်စထရော ပမာဏလည်း လျော့နည်းသွားသည်။ သွေးအတွင်း ကိုလက်စထရော ၁၃၀ မီလီဂရမ်အောက် လျော့နည်းသွားလျှင် ကျန်းမာရေးချို့ယွင်းလာတတ်ပါသည်။ ဥပမာအားဖြင့် အအေးမခံနိုင်ခြင်း၊ အရိုးအဆစ်များ နာလာတတ်ခြင်း၊ ကျား-မ ဟိုမုန်းဓာတ် နည်းပါးလာခြင်း၊ ကိုယ်အလေးချိန်ရှိသင့်သည်ထက် ပို၍ ကျလာခြင်းနှင့် လှုပ်ရှားမှုနှေးကွေးလာခြင်း စသည်တို့ ဖြစ်လာတတ်သည်။ ထိုအခါ ကိုလက်စထရော ပါဝင်သည့် အစားအစာများကို သင့်အောင် စားသုံးပေးသင့်ပါသည်။

 

ကိုလက်စထရောနည်းခြင်းကြောင့် ကျန်းမာ ရေးပြဿနာများရှိသလို ကိုလက်စထရောများခြင်းကြောင့်လည်း ကျန်းမာရေးပြဿနာများ ရှိပါသည်။ ကိုလက်စထရောများခြင်း ဆိုသည်မှာ သွေးအတွင်း ကိုလက်စထရော ၂၀၀ မီလီဂရမ်ထက်များခြင်းကို ဆိုလိုပါသည်။ သွေးတွင်း ကိုလက်စထရော များလာပါက ခန္ဓာကိုယ်အတွင်းရှိ တစ်သျှူးများသည် ကိုလက်စထရောကို အသုံးပြုနိုင်သည့် ပမာဏထက် ပိုများနေသဖြင့် ပိုနေသော ကိုလက်စထရောသည် သွေးကြောနံရံများ၌ များပြားစွာ စုပုံလျက်ရှိကာ ထိုအဆီများကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေသည်။ ထိုအခါ နှလုံးသွေးကြောပိတ်ခြင်းကြောင့် ရုတ်တရက်လေဖြတ်ခြင်းနှင့် အခန့်မသင့်ပါက သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။

 

ထိုသို့ သွေးတွင်းကိုလက်စထရောများလာပါက ပြည့်ဝဆီစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ထို့ပြင် ဆေးလိပ်သောက်သုံးခြင်းကိုလည်း လုံးဝရှောင်ကြဉ်ရပါမည်။ ဆီကို စားသုံးရာတွင်လည်း မပြည့်ဝဆီများဖြစ်သော မြေပဲဆီ၊ သံလွင်ဆီနှင့် အခြားသော မိုနိုမပြည့်ဝဆီများကို စားသုံးသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဆီများတွင် ကိုလက်စထရော မပါဝင်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် သွေးတွင်း ကိုလက်စထရောကျဆင်းအောင် နေ့စဉ် မိနစ် ၃၀ ခန့်လမ်းလျှောက်ပေးခြင်း၊ ပြည့်ဝ ဆီပါဝင်သော အမဲသားနှင့် ဝက်သားစားခြင်းကို ရှောင်ခြင်းတို့ ပြုလုပ်ရပါမည်။

 

အဆီဓာတ်သည် ခန္ဓာကိုယ်အတွက် လိုအပ်သလို အဆီအုပ်စုဝင်ဖြစ်သော ကိုလက်စထရော သည်လည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ် ပါသည်။ သို့သော် လိုအပ်သော ကိုလက်စထရော သည် ပမာဏမျှတဖို့ လိုပါသည်။ သို့မဟုတ်ဘဲ နည်းလွန်းလျှင် ကျန်းမာရေးထိခိုက်စေသလို များလွန်းလျှင်လည်း ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ထို့ကြောင့် ကိုလက်စထရောနှင့် ကျန်းမာရေးအကြောင်းကို သိရှိပြီး ဂရုစိုက်နိုင်ကြ စေခြင်းအလို့ငှာ ရေးသားတင်ပြလိုက်ရပါသည်။ ။