ကိုင်ဟာဗက်ဇ်နဲ့ ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ လိုင်လီအသင်းကို ချယ်လ်ဆီးအသင်း အနိုင်ရ

ချယ်လ်ဆီးအသင်းနဲ့ လိုင်လီအသင်းတို့ ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ကိုင်ဟာဗက်ဇ်နဲ့ ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ လိုင်လီအသင်းကို အနိုင်ရရှိခဲ့ပါတယ်။

နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့

အဲဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားခဲ့ရပြီး ပထမပိုင်း ပွဲကစားချိန် သုံးမိနစ်မှာ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် သွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ဒုတိယပိုင်း ၆၃ မိနစ်မှာ ကွင်းလယ်ကစားသမား ကန်တီ ဖြတ်တင်ပေးပို့တဲ့ ဘောလုံးကို ခရစ်တီယန်ပူလီဆစ်က ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့လို့ ချယ်လ်ဆီးအသင်းက လိုင်လီအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုပွဲစဉ်မှာ တိုက်စစ်မှူး လူကာကူကို အရန်လူစာရင်းမှာထားပြီး ကိုင်ဟာဗက်ဇ် ကို အဓိကတိုက်စစ်ကစားသမားအဖြစ် အသုံးပြုကာ ပွဲထွက်လာခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ နည်းပြ တူချယ်အတွက် အကောင်းဆုံးရလဒ်လည်း ရရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လိုင်လီအသင်းကို အနိုင်ရရှိခဲ့ပေမယ့် အခုပွဲစဉ်မှာ တိုက်စစ်မှူးဇီယက်ချ်နဲ့ ကွင်းလယ်ကစားသမား ကိုဗာဆစ်တို့ ဒဏ်ရာအသီးသီးရရှိခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၇ ရက်မှာ ဝင်ဘလေကွင်း၌ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကာရာဘောင်ဖလား နောက်ဆုံးဗိုလ်လု ပွဲစဉ်မှာတော့ အဲဒီကစားသမား နှစ်ဦးပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

အခြားသော ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဗီလာရီးယဲလ်အသင်းနဲ့ ဂျူဗင် တပ်အသင်းတို့ပွဲစဉ်မှာတော့ ဂျူဗင်တပ်အသင်းဟာ ဗီလာဟိုဗစ်ရဲ့ ပထမပိုင်းပွဲကစားချိန် ၃၂ စက္ကန့်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် ဒုတိယပိုင်းပွဲကစား ချိန် ၆၆ မိနစ်မှာ ပါရီဂျိုးရဲ့ သွင်းဂိုးကို ခွင့်ပြုပေးလိုက်ရတာကြောင့် တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ် ပါတယ်။

အခုပွဲစဉ်မှာ ဂျူဗင်တပ်အသင်းနဲ့အတူ ဗီလာဟိုဗစ်ဟာ ပထမပိုင်းပွဲကစားချိန် ၃၂ စက္ကန့်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ ပွဲစပြီး ၃၈ စက္ကန့်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အန်ဒရီယက်စ်မိုလ်လာရဲ့ အမြန်ဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ငွေကြယ်