ကျိုင်းတုံမြို့၌ (Old Star)ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကျိုင်းတုံ ၁၅ ဇူလိုင် 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် (Old Star)ဘောလုံးအသင်းတို့မှ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ်မြောက် (Old Star)ဖလား အမျိုးသား အလွတ်တန်း ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျိုင်းတုံမြို့နယ်၊ မြို့မအားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ (၃)နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်သည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပါဝင်ကစားသည့် ဌာနဆိုင်ရာညွန့်ပေါင်းအသင်းနှင့် (Old Star)ဘောလုံး အသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားကြရာ ဌာနဆိုင်ရာညွန့်ပေါင်းအသင်းက (၃ဂိုး-၂ဂိုး) ဖြင့် အနိုင်ရရှိခဲ့သည်။


ထို့နောက်(Old Star)ဖလား ဘောလုံးအားကစားပြိုင်ပွဲ၏ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အင်ပါယာ(FC)အသင်းနှင့် HEEQ_LOW အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်ပါယာအသင်းက HEEQ_LOW အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများ၊ အသန့်ရှင်းဆုံးအသင်းဆု၊ ပထမ၊ ဒုတိယ၊ တတိယဆု၊ နှစ်သိမ့်ဆုများကို မြို့နယ် အုပ်ချုပ်ရေးမှူးဦးတင်မြင့်နှင့် (Old Star)ဘောလုံးအသင်းမှ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အားကစားပြိုင်ပွဲကို ဇွန် ၁၆ ရက်မှ စတင်ခဲ့ပြီး ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။ 


MDN