ကိုင်တွယ်ထိတွေ့၍ မရနိုင်သည့် မြန်မာ့ရိုးရာအမွေအနှစ် လက်မှုနည်းပညာရပ်များ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ဟုဆို

မန္တလေး ၁၃ ဇူလိုင်            

 

ကိုင်တွယ်ထိတွေ့၍ မရနိုင်သည့် မြန်မာ့ရိုးရာ အမွေအနှစ် လက်မှုနည်းပညာရပ်များ ပျောက်ကွယ်ခြင်း မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားသည်။

 

မြန်မာ့ရိုးရာ အမွေအနှစ်များတွင် ကိုင်တွယ်ထိတွေ့နိုင်သည့် လက်မှုပစ္စည်းများနှင့် ကိုင်တွယ်ထိတွေ့ ၍ မရနိုင်သည့် လက်မှုနည်းပညာရပ်ဟူ၍ နှစ်မျိုးရှိသည့်အနက် ကိုင်တွယ်ထိတွေ့နိုင်သော လက်မှုပစ္စည်းများမှာ မပျောက်ကွယ်နိုင်သော်လည်း ၎င်းပစ္စည်းများကို ပြုလုပ်သည့် ကိုင်တွယ်ထိတွေ့၍ မရသော လက်မှုနည်းပညာရပ်များမှာ ပျောက်ကွယ်သွားနိုင်သဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။

 

“ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းတယ်ဆိုတဲ့ နေရာမှာ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ယွန်းထည်တို့ ပန်းပုတို့၊ ကြေးသွန်းဆင်းတုကြီးတွေ ပျောက်ကွယ် မသွားဘူး။ ဒါပေမယ့် အဲ့ဒီပစ္စည်းတွေကို လုပ်တဲ့ နည်းပညာဆိုတာက လက်ဆုပ်လက်ကိုင်ပြလို့မရဘူး။ ရွှေဆိုင်းခတ်တဲ့ နည်းပညာဆိုတာကလည်း လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ နည်းပညာရပ်ထဲမှာ ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရွှေဆိုင်းအသုံးပြုတဲ့နှုန်းနဲ့ ရွှေဆိုင်းပညာရှင်တွေ ထုတ်လုပ်တဲ့ ရွှေဆိုင်းနှုန်းက အံကျဖြစ်နေတယ်။ ဒါလေးကိုပဲ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းသင့်တယ်။” ဟု ၎င်းက အကြံပြုပြောဆိုသည်။

 

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အထွဋ်အမြတ်ထားရာ ဘုရားစေတီများတွင် မြန်မာ့ရိုးရာ လက်မှုပညာရပ်ဖြင့် ထုတ်လုပ်သည့် ရွှေဆိုင်းများဖြင့်သာ ကပ်လှူပူဇော်သင့်ကြောင်း တမ္ပဝတီ ဦးဝင်းမောင်က ဆက်လက်ပြောဆိုသည်။

 

“မန္တလေးကထုတ်လုပ်တဲ့ လက်ရွှေဆိုင်းက ၁၆ ပဲရည်ပြည့်မှ လုပ်လို့ရတဲ့အတွက် အရည်အသွေးပိုင်း ပြောစရာမလိုဘူး။ အမွန်မြတ်ဆုံး ဘုရားစေတီတွေကို အမွန်မြတ်ဆုံးပစ္စည်းနဲ့ပဲ ကပ်လှူပူဇော်တာ ကောင်းတာပေါ့။ ၆၀ ရာခိုင်နှုန်းပါတဲ့ စက်ရွှေထက်စာရင် ၁၀၀ ရာခိုင်နှုန်းပါတဲ့ လက်ရွှေနဲ့ ပူဇော်တာက ပိုပြီးမွန်မြတ်ပါတယ်။ စက်ရွှေက လူသုံးကုန်ပစ္စည်းအနေနဲ့ပဲ သုံးသင့်တယ်။ ဒီလိုနေရာမှာ မသုံးသင့်ပါဘူး”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

 

ထို့ပြင် မြန်မာရွှေချည်ထိုးပညာရှင် ဦးစိန်မြင့်ကလည်း “မြန်မာ့လက်မှု အနုပညာလက်ရာတွေကို ထိန်းသိမ်းသင့်တယ်။ အခုခေတ်မှာ လက်မှုပညာတွေနဲ့အပြိုင် စက်မှုပညာရပ်တွေ ပေါ်ပေါက်လာတဲ့အတွက် တစ်ချို့ပညာတွေက တိမ်မြုပ်ပျောက်ကွယ် လုနီးပါးဖြစ်နေပြီ။ ကျွန်တော်တို့  ရွှေချည်ထိုးဆိုရင်လည်း စက်နဲ့ထုတ်လုပ်ပြီး ဈေးကွက်ယှဉ်ပြိုင်ကြပေမယ့် လက်မှုပညာရပ်နဲ့ ထုတ်လုပ်တဲ့ လက်ရာကို မယှဉ်နိုင်တဲ့အတွက် နောက်ဆုတ်သွားတယ်။ အခုရွှေဆိုင်းဆိုရင်လည်း ကြားရတာ စိတ်မကောင်းဘူး။ စက်ရွှေတွေ ဝင်လာတဲ့အတွက် လက်မှုရွှေဆိုင်းတွေ ပျောက်မလိုဖြစ်လာတယ်။ ပုဂံခေတ်ကတည်းက ပေါ်ထွန်းခဲ့တဲ့ လက်မှုရွှေဆိုင်းခတ် ပညာရပ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းသင့်ပါတယ်။” ဟု ပြောသည်။

 

လက်ရှိအခြေအနေတွင် မန္တလေး မျက်ပါးရပ်မှာ ထုတ်လုပ်သည့် လက်မှုရွှေဆိုင်းများကို မြန်မာနိုင်ငံ အနှံအပြားရှိ ဘုရားစေတီများတွင် ကပ်လှူပူဇော်လျက်ရှိသော်လည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ စက်ရွှေဆိုင်းများကို ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူနေသောကြောင့် စက်ရွှေဆိုင်းများသုံးစွဲမှု များပြားလာပါက မြန်မာမှုရိုးရာ ရွှေဆိုင်းခတ်လက်မှုပညာရပ်များ ပျောက်ကွယ်သွားနိုင်ကြောင်း သိရှိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)