ကြို့ပင်‌ကောက်မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းတံတား‌ဖော်ထုတ်ရန် ကွင်းဆင်းစစ်ဆေး

ကြို့ပင်ကောက် ဇန်နဝါရီ ၂

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ဒေသများတွင် လယ်ယာထွက်ကုန်သီးနှံများ၊ မွေးမြူရေး ထွက်ကုန်များ ဈေးကွက်အတွင်းသို့ အချိန်မီ တင်ပို့ရောင်းချနိုင်ရေးရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် တွင်  ကံဦးကျေးရွာကျေးလက် ကုန်ထုတ်လမ်းတံတားများ ဆောင်ရွက်ပေးနိုင်ရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီ လ ၁ ရက်က မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးလွင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် များနှင့်အတူ ကံဦးကျေးရွာတွင် အကျယ်(၁၀)ပေ၊ ထု(၉)လက်မ၊ အရှည်ပေ(၄၇၀၀)ရှိသော ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး လက်ရှိလမ်းအူကြောင်း အခြေအနေများ၊ လမ်းအတိုင်းအတာများ၊ တံတားနှင့်ရေပြွန်တည်ဆောက်မည့်နေရာများကို တိုင်းတာ ကြည့်ရှု ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

 

အဆိုပါကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဦးအေးလွင်က ''အခုလို ကုန်ထုတ်လမ်း‌တွေဖောက်လုပ်ပေးနေတာဆိုရင် စိုက်ပျိုးရေးတောင်သူ‌တွေ အကျိုး စီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ။ အရင်ကကုန်ထုတ်လမ်းတွေမရှိတော့ စိုက်ပျိုးတဲ့သီးနှံတွေ မိုးဒဏ်၊ လေဒဏ်တွေကြောင့် လေလွင့်မှုတွေနဲ့ ပျက်စီးမှုတွေဖြစ်ပေါ်ကြပါတယ်။ အဲဒါကြောင့် ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေတာပါ" ဟု ပြောပြသည်။

 

ကိုညို(ကျေးလက်)