ကိုရီးယားနိုင်ငံမှ လှူဒါန်းသည့် အမှတ် (၁၂) အခြေခံပညာ မူလတန်းကျောင်း မူကြိုကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေး ၅ နိုဝင်ဘာ

 

ကိုရီးယားနိုင်ငံ ဆိုနမ်၊ ဂွမ်ဂျူနှင့် ဟန်နန်မြို့များရှိ ဆေမော်လ်ဂမ်ဂိုကောင်စီအသင်းမှ တည်ဆောက် လှူဒါန်းသည့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁၂) အခြေခံပညာ မူလတန်းကျောင်း မူကြိုကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၅ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

 

 

အခမ်းအနားသို့ အောင်မြေသာစံမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကြီး၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးမင်းသူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းလင်း၊ ကိုရီးယားနိုင်ငံ ဆေမော်လ်ဂမ်ဂိုကောင်စီအသင်းမှ အလှူရှင်များ အောင်မြေသာစံ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ မိဘ ဆရာအသင်း အမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ကိုရီးယားနိုင်ငံ ဆိုနမ်၊ ဂွမ်ဂျူနှင့် ဟန်နန်မြို့ ကျေးရွာ ငွေတိုက်အသင်းစုချုပ် ဥက္ကဌ Kim Jae Taek က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်များ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မူလတန်းကြိုကျောင်းကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် ကလေးငယ်များမှ မိမိတို့အဖွဲ့အား နွေးထွေးပျူငှာစွာကြိုဆိုကြသည့်အပြင် တက်ကြွစွာ ပူးပေါင်းကူညီ ဆောင်ရွက်နေသည်ကို တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ ထို့ကြောင့် ထပ်မံ၍ ကလေးငယ်များ၏ လိုအပ်ချက်အခြေအနေများ ရှိပါကလည်း တတ်နိုင်သရွေ့ လှူဒါန်းသွားရန် အစီအစဉ်ရှိပါကြောင်း၊ ယခုအခမ်းအနားတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ တက်ကြွပျော်ရွှင်မှုကို တွေ့ရသည့်အတွက် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်သည့် လူငယ်များ ထွက်ပေါ် လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

 

ထို့ပြင် အမှတ် (၁၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေး ကလည်း ကိုရီးယားနိုင်ငံ ဆေမော်လ်ဂမ်ဂို ကောင်စီအသင်းမှ ကလေးငယ်များ ပညာရေးအတွက် မူကြိုကျောင်းဆောင် တည်ဆောက်လှူဒါန်းပေးခြင်းကြောင့်အောင်မြေသာစံ မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများ၏ ကလေးငယ်များ၊ အများနည်းတူ မူကြိုပညာရေးကို သင်ယူခွင့် ရရှိလာနိုင်တော့မည် ဖြစ်ကြောင်း၊ အလှူရှင်များသည် မူကြိုကျောင်းဆောင်သာမက ကလေးငယ်များအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ၊ ကစားစရာများနှင့် အားကစား ပစ္စည်းများကိုလည်း ပြည့်စုံစွာ ပံ့ပိုးလှူဒါန်းပေးသည့်အတွက် များစွာကျေးဇူးတင် ဝမ်းမြောက် မိပါကြောင်း ပြောကြားခဲ့သည်။

 

၂

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူမျာအား ကိုရီးယားနိုင်ငံ အလှူရှင်အဖွဲ့မှ ရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ကျောင်းသားကျောင်းသူများနှင့် ပျော်ရွှင်စွာ ဂိမ်းကစားခြင်း၊ ပန်းချီရေးဆွဲခြင်းများ ဆောင်ရွက် ခဲ့သည်။

 

အဆိုပါမူကြိုကျောင်းဆောင်သစ်ကို ၂၀၁၉ ခုနှစ် ဧပြီလက စတင်တည်ဆောက်ခဲ့ပြီး ဩဂုတ်လတွင် ပြီးစီးခဲ့ကြောင်းနှင့် မူကြိုကျောင်းဆောင်သစ် အကျယ်အဝန်းမှာ အလျား ၃၅ ပေ x အနံ ၃၅ ပေရှိ steel structure အမျိုးအစား အဆောက်အုံဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၂၈၀ ကျော် အကုန်အကျခံ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်