ကိုလင်း
ကိုရီးယားနိုင်ငံ ချန်ဝန်၌ ကျင်းပပြုလုပ်ခဲ့သည့် "ASEAN Fantasia Concert" နှင့် ဘူဆန်၌ ကျင်းပပြုလုပ်ခဲ့သည့် ကိုရီးယား - အာဆီယံ ချစ်ကြည်ရေးပွဲ၊ ASEAN-ROK Summit တွင် မြန်မာနိုင်ငံမှ Miss နှင့် အဆိုတော်ဖြစ်သူ ဝိုင်းလေးက ကိုရီးယားနိုင်ငံမှ အနုပညာရှင်များနှင့် တွဲဖက်၍ ဖျော်ဖြေခဲ့ ကြောင်း သိရသည်။
"ဘူဆန်မှာ ကျင်းပတဲ့ အာဆီယံညီလာခံ အစည်းအဝေးမှာ အာဆီယံနဲ့အတူ၊ ကိုရီးယားပါ ပါဝင်ပြီးတော့ ပြုလုပ်ထားတဲ့ Side by Side ဆိုတဲ့ သီချင်းကို ဝိုင်းလေးတို့ တင်ဆက်ခဲ့ပါတယ်။ ဘူဆန်မှာ ရိုက်ကူးရေးပြီးတော့ ဆိုးလ်ကို သွားခဲ့တယ်၊ Side by Side အပြင် "လက်ခံပြီးသား"နဲ့ "တာဝန်အရ" သီချင်း တွေလည်း ဆိုခဲ့တယ်။ ဒါက ကိုရီးယားကို ဒုတိယအကြိမ်ပေါ့၊ ပထမတစ်ကြိမ်က ဝိုင်းလေး Miss ရပြီးတော့ တီချယ် တင်မိုးလွင်နဲ့ Ambassador အနေနဲ့သွားခဲ့တာပါ"ဟု ဝိုင်းလေးက ပြောသည်။
နိုင်ငံတကာတွင် သွားရောက်ဖျော်ဖြေသည့်အခါတွင် အနုပညာရှင်များအား မီဒီယာများက ဝိုင်းဝန်းပံ့ပိုးရန် လိုအပ်ပုံနှင့် ပတ်သက်၍လည်း ဝိုင်းလေးက "နိုင်ငံနဲ့ပတ်သက်တဲ့ပွဲတွေမှာ အနုပညာတစ်ခုက နိုင်ငံတစ်ခုရဲ့ ပုံရိပ်ကို ထင်ဟပ်စေတယ်၊ ညီမတို့လို အနုပညာစစ်စစ်၊ ဂီတစစ်စစ်ကို ချစ်မြတ်နိုးတဲ့သူ၊ ဒီဂီတကိုပဲ၊ အာရုံစိုက်လုပ်နေတဲ့သူတွေ အများကြီးရှိပါတယ်။ ဒီလိုလူတွေက နိုင်ငံနဲ့ချီပြီးတော့ သူများဆီသွားပြီး ပြသရတော့မယ်ဆိုရင် ညီမတို့ချည်းပဲ ကြိုးစားလို့ မရပါဘူး၊ မီဒီယာတွေအနေနဲ့ ဝိုင်းဝန်းပံ့ပိုးပြီး စည်းစည်းလုံးလုံးနဲ့ရှိမှ အဆင်ပြေမယ်ပေါ့နော်။ အနုပညာဆိုတာ နိုင်ငံတစ်ခုရဲ့ ပုံရိပ်ပါ။ အခုလို ဝိုင်းလေးတို့ရဲ့ သီချင်းလေးကို တကယ့်အနုပညာစစ်စစ်နဲ့ တခြားနိုင်ငံမှာ ပြသရတော့မယ်ဆိုရင် မီဒီယာတွေရဲ့ Support ကလည်း တကယ်အရေးကြီးပါတယ်။ ဂုဏ်တက်မယ့် သတင်းတွေကို မီဒီယာ အစ်ကိုအစ်မတွေကလည်း ချပြပေးစေချင်ပါတယ်"ဟု ဆက်လက်ပြောကြား ခဲ့သည်။
မြန်မာ့အလင်း