ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်ခံရသူ စံချိန်တင်မြင့်တက်လာသဖြင့် သမ္မတ ပူတင် မိန့်ခွန်းပြောမည်

မော်စကို   ၁၂  မေ

ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်ခံရသူ အရေအတွက် စံချိန်တင်မြင့်တက်ခဲ့ပြီး သေဆုံးသူအရေအတွက် ၂၀၀၀ ကျော်သို့ ရောက်ရှိလာသဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကာကွယ်တားဆီးရေးဆိုင်ရာ မိန့်ခွန်းတစ်ရပ် ယနေ့ပြောကြားမည် ဖြစ်သည်။

သမ္မတပူတင်သည် ရုရှားနိုင်ငံ၏ စီးပွားရေးကို ထောက်ခံအားပေးရန် အစီအမံများနှင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အစိုးရက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။ မေ ၁၂ ရက်တွင် စတင်ဖြေလျှော့ပေးဖွယ်ရှိသည့် နိုင်ငံတစ်ဝန်း အသွားအလာ တားမြစ်ကန့်သတ်ချက်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် တစ်ရပ်ကို သမ္မတ ပူတင်က ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

ရုရှားအစိုးရက လွှင့်တင်ထားသည့် ကိုရိုနာဗိုင်းရပ်စ် အချက်အလက်ဆိုင်ရာ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိခဲ့သူ ၁၁၆၅၆ ဦးရှိသဖြင့် ယခုအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၁၃၄၄ ဦး ရှိပြီဖြစ်သည်။

ယခုအချိန်အထိ လူပေါင်း ၅ ဒသမ ၆ သန်းကို ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ လူနာ ထက်ဝက်နီးပါးသည် ရောဂါလက္ခဏာမပြကြောင်း ရုရှား တာဝန်ရှိသူများက ပြောကြားသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူလူနာအများစုသည် မော်စကိုမြို့နှင့် ဝန်းကျင်ဒေသတွင်ဖြစ်ပြီး အချို့ဒေသများသည် စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေသည့် အသွားအလာ တားမြစ်ကန့်သတ်မှုများကို ဖြေလျှော့ပေးရန် စတင်နေကြပြီဖြစ်သည်။

မော်စကိုမြို့ရှိ စက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် အချို့သည် လုပ်ငန်းစတင်နိုင်ပြီဖြစ်ကြောင်း၊ သို့သော်လည်း နှာခေါင်းစည်းများနှင့် လက်အိတ်များကို မေ ၁၂ ရက်မှစ၍ မဖြစ်မနေ ဝတ်ရမည်ဖြစ်ကြောင်း မြို့တော်ဝန်က ကြေညာချက် ထုတ်ပြန်ထားသည်။

ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - အောင်ဇော်လင်း