ကြိုတင်ပြင်ဆင်ပြောင်းလဲခြင်း ရလဒ်များ

၅  နိုဝင်ဘာ  

ယနေ့ကမ္ဘာတစ်ဝန်းတွင် ၂၀ ရာစု တတိယစက်မှုခေတ်မှ ၂၁ ရာစု လူမှုရေးနှင့် နည်းပညာဆိုင်ရာ အသွင်ပြောင်းခြင်းဖြစ်သည့် စတုတ္ထစက်မှုခေတ်သို့ ကူးပြောင်းနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အဆိုပါ ပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်း အရေးပါသည့် အခွင့်အလမ်းများဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံ အတွက်လည်း အခွင့်အလမ်းကောင်းများဖြစ်စေသည်။

အခွင့်အလမ်းကောင်းများကို ရရှိစေရန် အစိုးရအနေဖြင့် အပြောင်းအလဲများကို ဖော်ဆောင်ခဲ့သည်။ တစ်ကမ္ဘာလုံး၏ ပြောင်းလဲမှုနှင့် ကိုက်ညီစေရန် လမ်းပြမြေပုံတစ်ရပ် ရေးဆွဲခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် အပြည့်အဝကိုက်ညီပြီး အားလုံးပါဝင်သောလူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပါဝင်သော မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP)ကို ဖော်ဆောင်လျက်ရှိသည်။

အဆိုပါစီမံကိန်းသည် အနာဂတ်ပြုပြင်ပြောင်းလဲမှုများ အားလုံးအတွက် စုစည်းညီညွတ်သည့် လမ်းပြမြေပုံ တစ်ရပ်ဖြစ်ပြီး နိုင်ငံ၏ဖွံ့ဖြိုးမှ လမ်းစဉ်အသစ်စတင်နိုင်ရေး လမ်းညွှန်ပေးသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။ ထိုစီမံကိန်းနှင့်အတူဓာဆီယံအတွင်း ပေါင်းစည်းရေးဆောင်ရွက်ရင်း ဒေသတွင်းတန်ဖိုးရှိသော ကွင်းဆက်များ၊ ပြည်သူများ အချင်းချင်းဆက်သွယ်မှုများမှ အခွင့်အလမ်းသစ်များ ရယူနေသည်ကို မြင်တွေ့ရသည်။

ထိုလမ်းပြမြေပုံ၏အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှု အလားအလာတို့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုဝင်ဘာလ ၂ ရက်နေ့ကပြုလုပ်သည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့သည်။ ပြည်သူအချင်းချင်း ဆက်သွယ်မှုများနှင့် ဆိုက်ဘာနည်းပညာများကို ထိရောက်စွာအသုံးချပြီး မြန်မာ ၄.၀ သည် ပြည်သူများအနေဖြင့် ပုံစံသစ်နှင့် ငွေပေးချေသည့်စနစ်များ အသုံးပြုနိုင်အောင် ပံ့ပိုးသွားမည်။ လူကြီး၊ လူငယ်မရွေး အဆုံးအစမဲ့ သတင်းအချက်အလက်များကို သင်ယူမှုနည်းလမ်းများမှ ရယူနိုင်ကြတော့မည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် စမတ်ဖုန်းများဖြင့် အားဖြည့်ထားသည့် (telemedicine) သည်လည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို များစွာပြောင်းလဲစေမည်။ ယခင်က ဘဏ္ဍာရေးနှင့် စီးပွားရေးအထောက်အပံ့ မရရှိခဲ့သည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ မိမိတို့စိတ်ကူးသည့်အတိုင်း နယ်နိမိတ်ကိုဖြတ်ကျော်ပြီး ကုန်သွယ်နိုင်တော့မည်။ မကြာသေးမီက ကမ္ဘာ့အဆင့်မီ ယူနီကုဒ်ဖောင့်စနစ် စတင်အသုံးပြုနိုင်ခြင်းသည် မြန်မာဘာသာစကားကို အသုံးပြုရေးသားခြင်း၊ ဖော်ပြခြင်းနှင့် နိုင်ငံအချင်းချင်း နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပိုမိုအဆင်ပြေချောမွေ့စေမည်။ မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်စွမ်းရည်ရှိသည့် လူငယ်များလည်း နည်းပညာတိုးတက်မှုမှတစ်ဆင့် အကျိုးအမြတ်ရရှိမည်။ အလျင်အမြန် ပြောင်းလဲနေသည့်ကာလအတွင်း နည်းလမ်းကောင်းများဖြင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အသွင်ကူးပြောင်းလာခြင်းကို မြင်တွေ့ရမည်။ မြန်မာနိုင်ငံပိုင် ကမ္ဘာ့လေ့လာရေးဂြိုဟ်တုကို လွှတ်တင်ခဲ့ပြီးဖြစ်ရာ ဝေးလံသောဒေသအပါအဝင် တစ်နိုင်ငံလုံး၏ပေါင်းစပ် ဆက်သွယ်မှုကို တိုးမြင့်စေမည် စသည့် မြန်မာနိုင်ငံ၏တိုးတက်ဖြစ်ထွန်းမှုများကို အသိပေးပြောကြားခဲ့သည်။

ထိုသို့သော အခြေအနေကောင်းများနှင့်အတူ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်သောကြောင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူစွာလည်ပတ်နိုင်ရန် ပံ့ပိုးပေးနိုင်ဆုံးနိုင်ငံ ၂၀ တွင် မြန်မာနိုင်ငံပါဝင်လာသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ရလဒ်ကောင်းများသည် တိုတောင်းသည့် ကာလအတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အပြောင်းအလဲများဖြစ်သည်။

သို့ဖြစ်ရာ အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်း အဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားခဲ့သည့် မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမှုများနှင့် အလားအလာကောင်းများသည် နေရာတိုင်းတွင် ကြိုတင်ပြင်ဆင်ပြုပြင်ပြောင်းလဲနိုင်ခြင်းကြောင့် ပေါ်ထွက်လာသော အကျိုးရလဒ်ကောင်းများပင် ဖြစ်ပါကြောင်း။ ။

ကြေးမုံ