ကိုယ်ကျင့်သိက္ခာ သီလစောင့်ထိန်း

ရိုးသားဖြောင့်မတ်သော၊ ကိုယ်ကျင့်သီလလုံခြုံသော လူအများ နေထိုင်သည့် လူ့အသိုက်အဝန်း၊ လူ့လောကသည် နတ်ဘုံတမျှ ငြိမ်းချမ်းသာယာ ချမ်းမြေ့သည့် အသိုက်အမြုံဖြစ်၏။ ချမ်းသာခြင်းကို အလိုရှိကြကုန်သော လူတို့အဖို့ ဒုက္ခဆင်းရဲမှ ကင်းဝေးရာပတ်ဝန်းကျင်သို့၊ ဘုံသို့ရောက်လိုသည် ဆိုပါလျှင် ရိုးသားဖြောင့်မတ်ခြင်းနှင့် ကိုယ်ကျင့်သီလ စောင့်ထိန်းခြင်းတို့ကို မပျက်မကွက် ပြုလုပ်ကြရမည် ဖြစ်ပေသည်။

 

ရိုးသားခြင်းနှင့် ဖြောင့်မတ်ခြင်း၊ ကိုယ်ကျင့်သိက္ခာနှင့် သီလတို့ကို ဆောက်တည်ရာ၌ ရိုးသားခြင်းသည် လူသာမန်တို့ စိတ်နဂိုစွဲ ကောင်းမွန်စွာ ခံယူထားသည့် အပြုအမူဖြစ်သည်။ ဖြောင့်မတ်ခြင်းသည် မိမိတို့၏ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုဟူသည့် ကံသုံးပါးကို ဖြစ်စေသော အပြောအဆို၊ အပြုအမူနှင့် အတွင်းစိတ်၊ အပြင်စိတ်တို့ တစ်ထပ်တည်းကျအောင် ကျင့်ကြံအားထုတ်နေထိုင်ခြင်းဖြစ်သည်။ ရိုးသားခြင်းသည် ပြောင်းလွယ် ပျက်လွယ်ပြီး ဖြောင့်မတ်ခြင်းတွင် မှန်ခြင်း၊ မှားခြင်း ရှိနိုင်ပေသည်။

 

ထို့ကြောင့် ရိုးသားဖြောင့်မတ်ခြင်းကို ကိုယ်ကျင့်သိက္ခာသီလတို့နှင့် ထုံမွမ်းထားပါမှ အတော်အတန် ခိုင်မြဲသည့် ငြိမ်းချမ်းသာယာဝပြောသော ဘဝကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ဤသည်လည်း ပျက်နိုင်၊ ပြောင်းနိုင်ပေသည်။ ဤလောကတွင် အားကြီးရာကိုင်းညွတ်သကဲ့သို့ မကောင်းမှု အားကြီးလျှင် ကောင်းမှုမှာပျက်ပြယ်နိုင်ပြီး ကောင်းမှုအားကြီးလျှင် မကောင်းမှုတို့လည်း ပျက်ပြယ်သည်ကို သတိပြုရမည် ဖြစ်သည်။ မြဲမြံခိုင်မာသော ငြိမ်းချမ်းသောဘဝကို သာမန်ပုထုဇဉ်ထက် အထက်အဆင့်ဆင့်သို့ လှမ်းတက်နိုင်မှသာ ရရှိနိုင်မည်ဖြစ်သည်။

ရိုးသားဖြောင့်မတ်ခြင်းသည် အခြေခံအကျဆုံးအချက် ဖြစ်သည်။ မွေးကင်းစနှင့် ကလေးသူငယ်အရွယ် တို့သည် အပြစ်အကင်းစင်ဆုံး အရွယ် ဖြစ်သကဲ့သို့ ရိုးသားဖြောင့်မတ်ခြင်းကို ဆောင်ပေသည်။ ထိုမှလူလားမြောက်၍ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ ဆွဲဆောင်စည်းရုံးမှုကြောင့်ဖြစ်စေ အရောင် ပြောင်းသွားခြင်း ဖြစ်သည်။ ပုထုဇဉ်လူသားတို့သည် အမှားနှင့်မကင်းနိုင်ပေ။ ရိုးဖြောင့်စွာ ပြုမူလုပ်ကိုင်ကြံစည်သည်ဆိုသော်လည်း လုပ်မှား၊ ကိုင်မှား၊ ကြံစည်အားထုတ်မှု အမှားမျိုးလည်း ဖြစ်တတ်ပေသည်။ လိုရင်းအချက်မှာ အမှားကို အမှားမှန်းသိခြင်း၊ ဝန်ခံခြင်းတို့သည်သာလျှင် လူကောင်းအစစ် ဧကန်ဖြစ်နိုင်ပေသည်။

 

ထို့ကြောင့် လူတို့ကျင့်သုံးအပ်သည့် ငါးပါးသောသီလတို့ကို မြဲမြံခိုင် ကျည်စွာ ကျင့်သုံးဆောက်တည် ထားအပ်ပေသည်။ ပုထုဇဉ်လူတို့ ကျင့်သုံးအပ်သော သူ့အသက်သတ်ခြင်း၊ သူတစ်ပါးဥစ္စာကိုယူငင်ခြင်း၊ ကာမဂုဏ် တို့၌ မှားယွင်းစွာပြုကျင့်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်း၊ သေရည်သေရက်သောက်စားခြင်း ဟူသည့် ငါးပါးသီလကို စောင့်ရှောက်ထိန်းသိမ်းကြရပေသည်။ ငါးပါးသီလစောင့်ထိန်းခြင်း အကျိုးသည် လက်ငင်းဘဝတွင်ပင် သက်ရှည်ကျန်းမာချမ်းသာခြင်း အကျိုးကို ရရှိခံစားနိုင်ပြီး သီလမစောင့် ထိန်းပါက အသက်တို မကျန်းမာဆင်းရဲဒုက္ခများကို လက်ငင်းခံစားနိုင်သည်ဟု ပြဆိုထား၏။

 

မျက်မှောက်ကာလလူ့ဘဝ၌ သက်တမ်းစေ့မနေကြရဘဲ အချိန်မတိုင်မီ ဒုက္ခဆင်းရဲများနှင့် ဘဝနိဂုံးချုပ်ကြရခြင်းမှာ အတိတ်ဘဝ၊ ယခုဘဝ သီလမစောင့်ထိန်းသောကြောင့် ဖြစ်သည်။ ရှေးအခါက ကာသိတိုင်း ရွာတစ်ရွာရှိ လူအားလုံးတို့သည် ငါးပါးသောသီလတို့ကို စောင့်ထိန်းနေထိုင်ကြသဖြင့် အရွယ်ငယ်ငယ်ဖြင့် မသေကြဘဲ သက်တမ်းစေ့နေကြရသည်။ ငါးပါးသီလကို စောင့်ထိန်းကြသောကြောင့် ထိုရွာကိုဓမ္မပါလရွာ၊ ဓမ္မပါလရွာသူရွာသား၊ ဓမ္မပါလမျိုးဟု ခေါ်ဆိုကြသည်။

 

ဓမ္မပါလရွာမှ ဓမ္မပါလအမျိုးသားတို့သည် အမြဲမပြတ်အလှူပေးကြ၏။ ငါးပါးသီလကို စောင့်ထိန်းကြ၏။ မကောင်းမှုဒုစရိုက်ဟူသမျှတို့ကို အနည်းငယ်မျှမပြုကြ။ လူကြီးသူမစကားတို့ကို လူငယ်များက အမြဲနားထောင်ကြပြီး ရပ်ရေးရွာမှု၊ အများကောင်းစားချမ်းသာမှုတို့ကို ပြုလုပ်ကြ၏။ ထို့ကြောင့် ဓမ္မပါလအမျိုးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးကြခြင်းမရှိဟု နိပါတ်တော်တွင် ဆိုထား၏။

 

သို့ဖြစ်ရာ မျက်မှောက်ကာလ လူ့ဘဝများတွင် ကောင်းကျိုးချမ်းသာ အဖြာဖြာတို့ လွှမ်းခြုံလာရေး အတွက် ကိုယ်ကျင့်တရားနှင့် ငါးပါးသောသီလ တို့ကို စောင့်ထိန်းကြရန် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ