ကိုယ်လက်လှုပ်ရှားအားကစား

နေပြည်တော် ၄ မေ

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း

ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရမည့် အမျိုးအစား၊ ပြင်းထန်မှု၊ အချိန်နှင့်အကြိမ်တို့ကို စီစဉ်ရေးစွဲထားသည့် အစီအစဉ်အတိုင်း စနစ်တကျ ကိုယ်လက်လှုပ်ရှားမဆောင်ရွက်ခြင်းဖြစ်သည်။

ခန္ဓာကိုယ်လှုပ်ရှားမှု

နေ့စဉ်လုပ်နေကျ ထိုင်၊ ထ၊ လမ်းလျှောက် စသည်များ၊ အသက်မွေးဝမ်းကျောင်းအလိုက် လုပ်ကိုင်ရသောလှုပ်ရှားမှု၊ အားလပ်နားနေချိန်မှာ ပြုလုပ်သော လှုပ်ရှားမှုတို့ ပါဝင်ပါသည်။

ရောဂါကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ကျန်းမာရေး အဆင့်တန်းမြှင့်တင်ခြင်း လုပ်ငန်းများတွင် ဆေးဝါးမပါ၊ အကုန်အကျ သက်သာပြီး မိမိကိုယ်တိုင် ဆောင်ရွက်နိုင်သောလုပ်ငန်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဖြစ်ပါသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အောက်ပါ ရောဂါများဖြစ်ပွားမှုကို ကာနိုင်ခြင်း၊ ရောဂါဖြစ်ပွားနှုန်းနည်းစေခြင်းနှင့် ရောဂါရှိသော်လည်း ကျန်းမာစွာနေနိုင်ပါသည်။

(၁) နှလုံးနှင့်သွေးကြောရောဂါများ

(၂) သွေးတိုးရောဂါ

(၃) အဝလွန်ရောဂါ

(၄) သွေးချို၊ ဆီးချိုရောဂါ

(၅) ခါးနာရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ

(၆) သွေးတွင် အဆီဓါတ်များခြင်း

(၇) ကင်ဆာရောဂါများ

(၈) သွေးကြောတွင်း သွေးခဲပိတ်ရောဂါ

(၉) စိတ်ကျရောဂါ၊ စိတ်ပူပင်သောကရောဂါ

(၁၀) မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ၊ သူငယ်ပြန်ရောဂါများ

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် အသက်အရွယ်အမျိုးမျိုးတွင် သေဆုံးနှုန်းကို လျော့နည်းကျဆင်း စေသည့်အပြင် အသက်အရွယ် အိုမင်းသည်အထိ သူတပါး အကူအညီမလို ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် ပျော်ရွှင်ကျန်းမာသောဘဝ ရရှိနိုင်ပါသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနှင့် ပတ်သက်၍ သိထားသင့်သော အခြေခံအချက်များ

• ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ငယ်စဉ်ကလေးဘဝမှစ၍ ပြုစုပျိုးထောင်လာရပါမည်။

• ရောဂါရှိသော်လည်း (သို့) အသက်အရွယ်ကြီးလာသော်လည်း သင့်လျော်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါသည်။

• ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် လေ့ကျင့်ခန်းအမျိုးအစား၊ ပြင်းထန်မှု၊ အချိန်ကြာမြင့်မှုနှင့် အကြိမ်တို့အပေါ်မှုတည်၍ အကျိုးကျေးဇူးရရှိမှု ကွာခြားပါသည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN