ကိုယ်မရောက်သေးဘူးတဲ့ နေရာတွေမှာ လမ်းလျှောက်ရတာက ပိုပျော်ဖို့ကောင်းပါတယ်

ရန်ကုန် ၉ ဖေဖော်ဝါရီ

ယခုလာမည့် ဖေဖော်ဝါရီ ၁၀၊ ၁၁၊ ၁၂ ရက်သည် စနေ၊ တနင်္ဂနွေနေ့အပြင် ပြည်ထောင်စုနေ့နှင့်ပါ တိုက်ဆိုင်နေ၍ အများပြည်သူတို့အတွက် ရုံးပိတ်ရက် သုံးရက် တစ်ဆက်တည်း ဖြစ်သွားခဲ့သည်။ အများပြည်သူ ရုံးပိတ်ရက် သုံးရက်တာ ကာလအတွင်း လူမှုဘဝ စတိုင်အလိုက် ကိုယ်စီကိုယ်င အနားယူ အပန်းဖြေကြမည့် ပြည်သူအချို့၏ စကားသံများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

Sunshine Store House of Liquor မှ ဒေါ်ဆွေဇင်သိန်းတန်က “ဒီပိတ်ရက် သုံးရက်ကိုတော့ တောင်ကြီး၊ ကလော၊ အင်းလေးသွားဖို့ ရှိပါတယ်။ မိသားစုနဲ့ပေါ့၊ အမျိုးသား ကုမ္ပဏီကလည်း ပိတ်ရက်ဆိုတော့ သွားဖြစ်တာပါ။ ကလေးတွေက ကျောင်းနေတဲ့အရွယ် မဟုတ်သေးတော့ ပိတ်ရက်တိုင်း ခရီးက ခဏခဏ သွားဖြစ်တယ်လေ။ ခုအချိန်က ရာသီဥတုကလည်း အရမ်းမအေးဘူးဆိုတော့ သွားဖြစ်ကြတာပါ။ ခရီးသွားရတာကို ကြိုက်တယ်။ ခရီးသွားတော့ စိတ်လည်း အပန်းဖြေမှုတွေရတယ်၊ မိသားစုနဲ့ဆိုတော့ ပိုပြီး စိတ်လည်းချမ်းသာရတယ်။ ကိုယ်မရောက်သေးဘူးတဲ့ နေရာတွေမှာ လမ်းလျှောက်ရတာက ပိုပျော်ဖို့ကောင်းပါတယ်။ ဘုရားတွေဖူးလိုက်၊ စားကြသောက်ကြ ပြီးရင် ပြန်အိပ်လိုက်နဲ့ ပျော်စရာအချိန်တွေကို ပိုင်ဆိုင်ရမှာပါ”ဟု ပြောသည်။

MDN