ကိုယ်ပျော်တဲ့အနုပညာလုပ်ငန်း နဲ့ပဲ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ အဆင်သင့်ပါပဲ

သရုပ်ဆောင် ဖူးစုံ

 

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီထံ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဧပြီ ၅ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပရာ အဆိုပါ ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။

 

နှင်းဆီအဖွဲ့လေး ဖွဲ့ဖြစ်တာ ဒီနှစ်နဲ့ဆို ၁၀ နှစ်ရှိပါပြီ။ ၂၀၁၈ ဆိုရင်တော့ ၁၁ နှစ်ဖြစ်သွားတာပေါ့။ နှင်းဆီရင်ခွင် ဖောင်ဒေးရှင်းကို ရေဘေးဖြစ်တုန်းကစပြီးတော့ ဖွဲ့လိုက်တယ်။ ဖွဲ့လိုက်ပြီး ကိုနေတိုးတို့ ဦးဆောင်ပြီးတော့ ဖောင်ဒေးရှင်းတစ်ခု လုပ်မယ်ဆိုပြီး စပြီးတော့ဖွဲ့ဖြစ်တယ်။ ရေဘေးတုန်းကလည်း အငြိမ့်ကို နိုဗိုတယ်ဟိုတယ်မှာ ကတယ်။ ရတဲ့ပိုက်ဆံတွေကို ရေဘေးအတွက်လှူတယ်။ အဲဒီလိုပဲ အခု ရခိုင်ပြည်နယ်အတွက်လည်း လှူတယ်။ ဒါက ဒုတိယအကြိမ်ပေါ့။ ပထမအကြိမ်ကလည်း လှူဖူးတယ်။ တောက်လျှောက် အလှူတွေလုပ်ဖြစ်တယ်။ ဒီကြားထဲမှာလည်း ဖူးစုံတို့ ဩစတြေးလျကို သွားကဖြစ်တယ်။ သွားကဖြစ်တဲ့အခါ ပြည်ပကနေတဲ့သူတွေ အနေနဲ့ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း လုပ်ထားတယ်ဆိုတာ သိတဲ့အတွက် လှူဒါန်းတဲ့လူတွေရှိတယ်၊ ကျောင်းတွေမှာ လှူဖြစ်တယ်။ ကြားထဲမှာလည်း ကြိုးကြားကြိုးကြား လှူဖြစ်တယ်။ မကွေးတိုင်းဒေသကြီးမှာဆိုရင် ရေမရတဲ့နေရာတွေမှာ ရေတွင်း ရေကန်ဆောက်ချင်တယ်ဆိုတော့ ကိုခင်လှိုင်က အဲဒီရွာကို ရောက်သွားတယ်။

 

အခက်အခဲတွေ ရှိတယ်ဆိုတဲ့အတွက် နှင်းဆီရင်ခွင် ဖောင်ဒေးရှင်းကနေပြီး နိုင်သလောက် လှူဖြစ်တယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ စာသင်ကျောင်းတွေလည်း လုပ်ဖြစ်တယ်။ အမြဲတမ်းအလှူတွေ မပြတ်အောင် လုပ်ပါတယ်။ ဒါကတော့ ဖူးစုံတို့က ပြည်သူတွေနဲ့ ဆက်စပ်ပြီးတော့ လုပ်နေရတယ်ဆိုတဲ့အတွက်ကြောင့်မို့ ပြန်ပြီးတော့ကျေးဇူးဆပ်တဲ့ သဘောမျိုးလည်း ပါပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် အနုပညာလုပ်နေရတဲ့အတွက်ပဲ ပျော်ပါတယ်။ ဝမ်းသာပါတယ်။ အဲဒီလိုမျိုး ဆက်ပြီးတော့ ကိုယ်ပျော်တဲ့အနုပညာလုပ်ငန်း နဲ့ပဲ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ အဆင်သင့်ပါပဲ။ ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲဆိုတော့ အနုပညာနဲ့ ရန်ပုံငွေရှာချင်ပါတယ်။ ပြည်သူတွေအတွက် လိုအပ်တဲ့နေရာကနေ ပံ့ပိုးကူညီ နေရရင် ကျေနပ်ပါတယ်။

 

တွေ့ဆုံ မေးမြန်း - မင်းမင်းဇော် (ကလေး)