ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးကြသော ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

မြစ်ကြီးနား ၃၁  မတ် 


    
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူငွေကျပ်သိန်း နှစ်ထောင်ကျော်နှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးကြသော ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး ဦးနေဝင်းက ကချင်ပြည်နယ်အတွင်း ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ကြိုတင်စီမံဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲ လိုအပ်ချက်များအပေါ် ယခုလို အများပြည်သူမှ ပူးပေါင်းပါဝင်လာမှုအပေါ် ကျေးဇူးတင်ကြောင်း ရှင်းလင်းပြောကြားသည်။ 


    
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတို့က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းအတွက် ကချင်ပြည်နယ် ကျောက်မျက် လုပ်ငန်းရှင်များအသင်း (ဖားကန့်) မှ ငွေကျပ်သိန်း (၂၀၀၀)၊ မြစ်ကြီးနားခရိုင် ပုဂ္ဂလိက မော်တော်ယာဉ်များ ကြီးကြပ်ရေးကော်မတီမှ မြစ်ကြီးနားဆေးရုံအတွက် အောက်စီဂျင်စက်ဝယ်ယူ အသုံးပြုရန် ငွေကျပ် (၁၅၀) သိန်း၊ ဖားကန့်မြို့နယ် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကြီးကြပ်ရေး ကော်မတီမှ ပြည်နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာန အသုံးပြုရန်အတွက် Toyota Hilux Double cub ကားတစ်စီး၊ Excellent Fortune Foundation ကုမ္ပဏီမှ မြို့နယ်(၇)မြို့နယ်ရှိ ဆေးရုံ (၈)ရုံ အတွက် PPE ဝတ်စုံ (၁၉၅)စုံ၊ Gloves (၇၈၀) စုံ၊ Goggles (၆၅) ခု၊ Face Mask (၂၁၄၅) ခုနှင့် N95 Mask (၂၃၄) ခု၊ ဦးဌေးမင်းစိုး (ဟိန်းအောင်စက်သုံးဆီဆိုင်) မှ PPE ဝတ်စုံ (၃၀၀)၊ ကချင်ပြည်နယ်လူမှုကူညီရေး အသင်း (မန္တလေးမြို့) မှ Non Contact Thermomerter (၁၂၀) ခု၊ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းမှ ငွေကျပ် သိန်း (၆၀)၊ ကချင်ပြည်နယ်ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ငွေကျပ်သိန်း (၅၀)၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အများပိုင်ကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀)၊ ယူနန်ပေါင်းစန်း-ဟိန်ယိစက်မှု ကုမ္ပဏီအုပ်စုမှ Mask နှစ်ထောင်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ကချင်ပြည်နယ်အသင်းခွဲ) မှ ငွေကျပ် (၁၀) သိန်း၊ ဦးအောင်ဆန်းဦး၊ အင်ဂျင်နီယာ၊ မြစ်ကြီးနားမြို့နယ် လမ်းဦးစီးဌာနမှ ငွေကျပ် (၁၀)သိန်း၊ ဦးခင်မောင်သန်း (ဇော်မော်ဆောက်လုပ်ရေး ကုမ္ပဏီ) မှ ငွေကျပ်(၅)သိန်း၊ ဦးဖြိုးဝေ (ခိုင်မာသောအနာဂတ်ကုမ္ပဏီ)၊ ဦးချစ်ပိုင်လင်း (လေးမြို့နဒီကုမ္ပဏီ) ပူတာအို၊ ဦးခိုင်ဇော်လတ် (ပါဝါရှိုင်းကုမ္ပဏီ) တို့မှ ငွေကျပ် (၃) သိန်းစီ၊ ဆရာတော် ဒေါက်တာဇော်ဘာလဖိုင်၊ မြစ်ကြီးနားမြို့မှ ငွေကျပ် (၁) သိန်း (၂) သောင်း၊ ဒေါ်ညွန့်ညွန့်စန်း၊ ရန်ကုန်မြို့နှင့် ဒေါက်တာလှိုင်လှိုင်ဌေး (ကချင်ပြည်နယ် ဒုတိယကျန်းမာရေးဦးစီးမှူး) မှ ငွေကျပ် (၁) သိန်းစီ၊ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီမှ ငွေကျပ်သိန်း (၁၀၀) တို့ဖြင့် ငွေကျပ်စုစုပေါင်း (၂၄၄၇၂၀၀၀၀) နှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းမှုတို့ကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

 

ပြည်နယ်ပြန်/ဆက်