ကချင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ်ကထက် မဲရုံအရေအတွက် တိုးချဲ့သွားမည်

မြစ်ကြီးနား  ၁၆  ဇူလိုင် 

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း၌ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကျင်းပခဲ့သည့် မဲရုံအရေအတွက်ထက် လက်ရှိအချိန်ထိ ကောက်ယူခဲ့သည့် မဲဆန္ဒရှင်စာရင်းအရ မဲရုံ (၇၆)ရုံ ထပ်မံတိုးချဲ့လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရှိရသည်။

 

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က “ မဲရုံတွေက လက်ရှိအနေအထားမှာကို ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲထက် (၇၆)ရုံ တိုးထားပြီးဖြစ်တယ်၊ ထပ်မံပြီးတော့လည်း လက်ရှိအခြေအနေမှာ ပြုစုရရှိတဲ့ မဲဆန္ဒရှင်တွေရဲ့ အနေအထားအရ တစ်ချို့မဲရုံ တွေမှာ သတ်မှတ်တဲ့အရေအတွက်ထက် ကျော်လွန်များပြားလာတာကို စိစစ်တွေ့ရှိရတယ်၊ ဒါကြောင့် မဲရုံတွေမှာ မဲဆန္ဒရှင်တွေ အဆင်ပြေပြေအချိန်မီ ပြီးစီးနိုင်ဖို့ရယ်၊ နောက်ပြီးတော့ မဲရုံအဖွဲ့တွေဆောင် ရွက်တဲ့လုပ်ငန်းတွေ ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့အတွက် မဲရုံတွေတိုးဖို့ကို သက်ဆိုင်ရာမြို့နယ်/ရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲတွေနဲ့ ပြန်လည်ဆွေးနွေးပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်၊ တကယ်လို့ လိုအပ်မယ်ဆိုရင်လဲ ထပ်မံတိုးချဲ့ဖို့ရှိပါတယ်” ဟုရှင်းလင်းပြောပြသည်။

 

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း လူဦးရေစာရင်းကောက်ယူ၍ မဲဆန္ဒရှင်အရေအတွက် စာရင်းပြုစုမှုအရ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ခန့်မှန်း ဆယ်သိန်းကိုးသောင်း ပတ်ဝန်းကျင်ရှိနေ သည့်အတွက် ၂၀၁၅ ခုနှစ်ကထက် တစ်သိန်းနှစ်သောင်းကျော်တိုးလာသည်ဟု ခန့်မှန်းရကြောင်းနှင့် မဲရုံအရေအတွက်မှာ ၂၀၁၅ ခုနှစ်တွင် (၈၁၃)ရုံဖြင့် ကျင်းပခဲ့သော်လည်း လက်ရှိမဲဆန္ဒရှင်စာရင်း လျာထားမှုအရ မဲရုံပေါင်း (၈၈၉)ရုံအပြင် နောက်ထပ်ထပ်တိုးရန် လျာထားကြောင်း ထပ်မံရှင်းပြသည်။

 

ထို့အပြင် ကချင်ပြည်နယ်အတွင်း လူဦးရေစာရင်းကောက်ယူမှုကို ရပ်ကွက်ပေါင်း (၁၇၈) ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၃၉၂)အုပ်စု စုစုပေါင်း (၅၇၀)တို့တွင် စာရင်းကောက်ယူနိုင်ခဲ့သဖြင့် ယခင် ၂၀၁၅ ခုနှစ်က ကောက်ယူနိုင်ခြင်းမရှိသည့် တစ်ချို့ကျေးရွာအုပ်စုများကို ယခုနှစ်တွင် လူဦးရေစာရင်း ကောက်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

 

မျိုးမြင့်စိုး(ပြန်/ဆက်)