ကချင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်၏ လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများ သိရှိရန် သတင်းမီဒီယာအဖွဲ့က တွေ့ဆုံမေးမြန်း

ရန်ကုန် ၁၁ မေ 

 

ကချင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေကြောင့် သွားလာရွေ့ပြောင်းမှု ခက်ခဲလျက်ရှိသော နေရာများမှ ပြည်သူများအား လုံခြုံစိတ်ချရသော နေရာများသို့ ပြောင်းရွှေ့နေရာချထားရေးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်၏  လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကို မီဒီယာများမှတစ်ဆင့် ပြည်တွင်း/ ပြည်ပက ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့သတင်းစဉ်(နိုင်ငံခြား) စာတည်းမှူးချုပ်  ဦးသာစိန် ဦးဆောင်သော သတင်းအဖွဲ့ သည် မေ ၉ ရက်နေမှ ၁၁ ရက်အထိ သုံးရက်တာ သွားရောက်၍ သတင်းနှင့်ရုပ်သံများ ရယူခဲ့ကြသည်။

 

 

သတင်းအဖွဲ့သည် မေ ၉ ရက်တွင် မြစ်ကြီးနားမြို့နယ် တန်ဖရဲ၊ မြစ်ဆုံကျေးရွာရှိ မာရီယာ ကောင်းကင်ဘုံသခင်မ ဘုရားကျောင်း နှင့် ကဝါးခ၊ နောင်နန်းကျေးရွာအုပ်စု တြီနတီနှစ်ခြင်း ဘုရားကျောင်းတို့ ၌ လုံခြုံရေးအခြေအနေကြောင့် နေရပ်ကိုခေတ္တစွန့်ခွာ၍ နေထိုင်လျက်ရှိသည့် ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံသည်။ မေ ၁၀ ရက်တွင် တပ်မတော်မှ ထိန်းချုပ်ထားသည့် KIA တပ်မဟာ (၂) ဌာနချုပ်တည်ရှိရာ တနိုင်းမြို့နယ် အော်လော့ဒ် ဒေသသို့ သွားရောက်၍ တပ်မဟာ (၂) နှင့် အောင်လော့ဒ်ကျေးရွာထိခိုက် ပျက်စီးမှု ရှိ၊ မရှိ အခြေအနေတို့ကို ကြည့်ရှုသည်။

 

 

သတင်းမီဒီယာအဖွဲ့သည် ယနေ့ နံနက် ၉ နာရီ ခွဲတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ပြည်နယ်ဝန်ကြီးချူပ်နှင့်ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လူမှုရေး ဝန်ကြီး   ဒေါက်တာသင်းလွင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီးသူရမျိုးတင်၊  ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရယ်၊ ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဂဲနက်(စ်)၊ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေမှူး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး နှင့်  ကချင်ပြည်နယ်အစိုးရအဖွဲ့ ဦးစီးကော်မတီဝင်များက သတင်းမီဒီယာအဖွဲ့က သိရှိလိုသည်များကို မေးမြန်းကြသည်။

 

 

မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ် တေဇကျော် ကို သွားရောက်တွေ့ဆုံ၍ ကချင်ပြည်နယ်အတွင်း တပ်မတော်၏ သဘောထား၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ကချင်ပြည်နယ် ကျေးရွာအချို့မှ လုံခြုံရေးအခြေအနေကြောင့် နေရပ်ကိုခေတ္တစွန့်ခွာ၍ နေထိုင် လျက်ရှိသည့် ကျေးရွာသူ ကျေးရွာသားများအတွက် တပ်မတော်မှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေတို့ကို မေးမြန်းသည်။

 

 

သတင်းမီဒီယာအဖွဲ့သည် မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည် ထွက်ခွာခဲ့ကြသည်။

 

ကချင်ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ်လူမှုရေးဝန်ကြီး၊  ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး နှင့် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တို့အား ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် မေးမြန်းဖြေကြား ခဲ့သည်များကို  ဖော်ပြလိုက်ပါသည်။  

 

 

မေး။   နိုင်ငံတကာက အကူအညီပေးချင်တယ်။ ဒါကို ကချင်ပြည်နယ် အစိုးရက ငြင်းပယ်နေတယ်ဆိုတာ ဟုတ်ပါသလား။

 

ဝန်ကြီးချုပ်ဖြေ။  ။ တပ်နဲ့ KIA နဲ့ ထိတွေတဲ့နေရာတွေမှာ ကျွန်တော်တို့အစိုးရအနေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ညှိနှိုင်းပြီးတော့ သွားပြီးကူညီမဲ့ သူတွေရဲ့ လုံခြုံရေးကို ညှိနှိုင်းပြီး ခွင့်ပြုရခြင်း ဖြစ်တယ်။ မသွားပါနဲ့ ဆိုတာမျိုး မရှိပါဘူး။ ပြည်နယ်အစိုးရကို သွားရောက်ကူညီဖို့ တောင်းဆိုတာရှိပါတယ်။ အခုက မိုင်းထောင်ထားတာတွေ ရှိတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက သွားရောက်ကူညီတဲ့အခါ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့ အစိုးရရဲ့ တာဝန်ဖြစ်တယ်။ ကျွန်တော်တို့က သက်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခနယ်မြေတွေကို သွားရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ညှိနှိုင်းပြီး သွားလို့ရတဲ့အချိန် ခွင့်ပြုပါ တယ်။ မသွားရဘူးဆိုတာတော့ မရှိပါဘူး။

 

မေး။   ။ ဒီဒေသထဲမှာ တိုက်ပွဲကြောင့်ပဲ ဖြစ်ဖြစ်၊ လုံခြုံရေးကြောင့်ပဲ ဖြစ်ဖြစ် ပိတ်မိနေသူတွေ မရှိဘူးလို့ ပြောနိုင် ပါမလား။

 

ဖြေ။     ။ မရှိဘူးဆိုတာတော့ ပြောလို့မရဘူး။ တစ်လောက လူငယ်တွေ ဆန္ဒပြတယ်။ လူငယ်တွေကို ကျွန်တော်တို့ ပြောတယ်။ လူငယ်တွေနဲ့ ကျွန်တော်တို့ ရည်ရွယ်ချက်ချင်းတူတယ်။ ကယ်ထုတ်နိုင်ဖို့အတွက်ဆို ကျွန်တော်တို့ကို ပြောပါ။  ဘယ်နေရာမှာ ဘယ်သူတွေ ဒုက္ခရောက်နေသလဲ။ ကျန်းမာရေးအရ ဘယ်သူတွေက အရေးပေါ် စောင့်ရှောက်ဖို့ လိုသလဲဆိုတာ ပြောပါ။ ကျွန်တော်တို့ အစိုးရက သက်သက်ကူညီနိုင်တာဆိုရင် ကျွန်တော်တို့ပဲ ကူညီမယ်။ တပ်နဲ့ ညှိနှိုင်းပြီးမှ ကူညီရမယ်ဆိုရင်လဲ ညှိနှိုင်းပြီး ကူညီမယ်။ ပိတ်မိသူတွေဆိုပြီး အလျိုလျိုတော့ ထွက်လာကြပါပြီ။ အဲ့ဒီမှာ ရှိနေတဲ့ ပြည်သူတွေ အသံပေးမှ ကျွန်တော်တို့သိရမယ်။ ကျွန်တော်တို့ ကော်မတီတွေ ဖွဲ့ထားပြီးသား။ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်ထိ ကူညီဖို့အတွက် အဆင်သင့်ရှိနေပါတယ်။

 

မေး။   ။ စွပ်စွဲမှုတွေပေါ်ပေါက်နေတယ်။ လူတွေ စိုးရိမ်နေတယ်။ ဒါဟာ နိုင်ငံရေးပယောဂတွေ ပါနေလား။ ပုံမှန်ပြန်ဖြစ်သွားဖို့ ဘယ်လိုဆောင်ရွက်မလဲဆိုတာ သိပါရစေ။

 

ဖြေ။     ။ နိုင်ငံရေး ပယောဂ ပါကောင်းပါလိမ့်မယ်။ အဓိကက ငြိမ်းချမ်းရေးမရသေးတာပါ။ ငြိမ်းချမ်းရေး ရဖို့ ကျွန်တော်တို့ ဝိုင်းပြီး လုပ်ရမယ်။

 

မေး။   ။ ပိတ်မိတယ်လို့ ပြောနေကြတယ်။ အရင်ဘယ်နေရာ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ ရှိမှာပါ။ အခုပြေးလာတယ်ဆိုတာနဲ့ ဘယ်လောက်ကွာဟနေပါသလဲ။

 

ဖြေ။     ။ ကျွန်တော်တို့မှာ အစိုးရအုပ်ချုပ်နိုင်တဲ့ ဧရိယာရှိတယ်။ လက်လမ်းမမှီတဲ့ ဧရိယာရှိတယ်။ မနေ့က သတင်းထောက်အဖွဲ့တွေ သွားခဲ့တဲ့ အောင်လော့ဒ်ဆိုတဲ့ နေရာဟာ အရင်ကဆို အစိုးရဧရိယာ မဟုတ်ဘူးပေါ့။ အခုမှ ကျွန်တော်တို့ အစိုးရ အုပ်ချုပ်တဲ့ နေရာကို ရောက်လာတာပါ။ ပထမ မန်ဝယ်မှာဆို ကယ်ထုတ်ဖို့ သတင်းရတာ လူ ၁၆၀ ရှိတယ်။ အဲ့ဒီမှာ လူ ၃၀ က အိမ်ထောင်စု စာရင်းမရှိသေးဘူး ပြောတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ ဒါဟာ ပြည်ထောင်စုနိုင်ငံသားတွေ ဖြစ်တယ်။ မှတ်ပုံတင် လုပ်ပေးလိုက်ဆိုပြီး ကျွန်တော်တို့ ညွှန်ကြားခဲ့ပါတယ်။ အသေးစိတ်သိချင်ရင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနက ညွှန်ကြားရေးမှူးရှိ တယ်။ ပြည်နယ်မှူးရှိတယ်။ လူမှုရေးဝန်ကြီး ရှိတယ်။  နယ်/ လုံဝန်ကြီး ရှိတယ် အသေးစိတ်ဖြေပါလိမ့်မယ်။

 

မေး။   ။ ခေတ္တနေရပ်စွန့်ခွာသူတွေကို ပြည်နယ်အစိုးရဖွဲ့ပေးထားတဲ့ ကော်မတီတွေက IDP စခန်းတွေ မပို့ဘဲ သူတို့နဲ့ နီးစပ်တဲ့ ဆွေမျိုးအိမ်တွေကို ပို့တယ်လို့ ပြောနေပါတယ်။ တနိုင်းမှာ စစ်ရှောင်စခန်း IDP လုပ်ခွင့်မရှိဘူး ဆိုတဲ့ အပေါ်မှာရော ဘယ်လိုများ ပြောပြချင်ပါသလဲ။

 

ဖြေ။     ။ ဆွေမျိုးအိမ်ကို ပို့တယ်ဆိုတာ သူတို့ရဲ့ သဘောဆန္ဒအတိုင်း လုပ်ပေးတာပါ။ နောက် လုံခြုံရေး မရှိခင်စပ်ကြားမှာ   ဘုရားကျောင်းတို့ ဘုန်တော်ကြီးတို့မှာ ခဏ ထားတဲ့အနေအထားပါ။ နောက် IDP ရှိနေပြီး သား IDPs  Camp တွေက များနေပါပြီ။ နောက်ထပ် စခန်းတွေ ထပ်ဖွင့်ဖို့ အစီအစဉ် မရှိဘူး။ လိုအပ်တာ တွေကိုတော့ ပြည်ထောင်စု အစိုးရနဲ့ ကျွန်တော်တို့ အစိုးရ ဝိုင်းဝန်းပံ့ပိုးပါမယ်။ လူမှုရေးအသင်းအဖွဲ့၊ ဘာသာ ရေး အသင်းအဖွဲ့၊ NGO ၊ INGO တွေကလည်း ကူညီပါတယ်။ အခုခေတ္တခဏသူ့တို့ရဲ့ နေရပ်ကို မပြန်နိုင်သေးခင် လိုအပ်တဲ့ကူညီမှုတွေ လုပ်ပေးမှာပါ။ ကျန်းမာရေးစောင့်ရှောက်မှုက အစပေါ့။

 

မေး။   ။  ပိတ်မိသူတွေရှိတယ်လို့ ပြည်နယ်အစိုးရက ကူညီဖို့ ဖွဲ့ထားတဲ့ ကော်မတီတွေက ပြောလာရင် ကူညီဖို့ အသင့်ပါပဲ လို့ ပြောပါတယ်။ ဘယ်လိုဆောင်ရွက်သွားဖို့ ရှိမလဲ။

 

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဖြေ   ပိတ်မိနေတယ်ဆိုရင် နေရပ် အိမ်အထိရောက်ဖို့ ကူညီမယ်လို့ တပ်မတော်ပိုင်းက တာဝန်ရှိတဲ့ သူတွေက ပြောပြီးပါပြီ။ ကျွန်တော်တို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရဲ့ တိုင်းမှူး ကိုယ်တိုင်ကလည်း ပြောပြီးပါပြီ။ ထမ်းပိုးဖို့လိုအပ်တဲ့ ပစ္စည်းတွေကအစ ကူညီထမ်းပိုးပါမယ်။ ကားလိုအပ်ရင် ကား၊ နောက်ဆုံး ကျန်းမာရေးအတွက် လိုအပ်ရင် ရဟတ်ယာဉ်နဲ့ အသုံးပြုပြီး ရွှေပြောင်း ကူညီပေးပါမယ်လို့ ပြောထားတာရှိပါတယ်။ အဓိက အရေးကြီးတာက ကာယကံရှင်ပေါ့။ IDP နဲ့ ပတ်သက်ရင်လည်း ကျွန်တော် ထပ်ပြီး ပြောပြပါမယ်။ ကျွန်တော်တို့ဆီမှာ အစိုးရထိန်းချုပ်ထားတဲ့ Government Area နဲ့  ထိန်းချုပ်မှုမရှိတဲ့ Non-Government Area တွေမှာပါ စစ်ရှောင်စခန်း ( IDPs) ၉၀ ကျော် ၁၀ဝ နီးပါးရှိပါတယ်။ ဒါဟာ မကောင်းတဲ့ လက္ခဏာပါ။ မန်ဝယ်ကသူတွေ ဆွေမျိူးတွေဆီပို့တာ သူတို့ရဲ့ ဆန္ဒအရပါ။ ဒေသထဲမှာ နေလို့ရပါ တယ်။ နေပါလို့ ပြောတာကို ထွက်ချင်တယ်ဆိုပြီး ပြောလို့ ချက်ချင်းခေါ်ထုတ်ပြီး သူတို့ဆွေမျိုးတွေဆီ ပို့ပေး တာ ပါ။ အိမ်ပြန်ဖို့အတွက် တခုခုရဲ့ လွှမ်းမိုးမှု ဖိအားကြောင့် သူတို့တွေမှာ တွေဝေနေတဲ့ လက္ခဏာရှိပါတယ်”

 

လူမှုရေးဝန်ကြီး ဖြေ။  မယ်ဝယ်ဒေသ၊  လိုင်နောင်ခူးကနေ  ကာမိုင်းကို ရွှေ့ပေးပါတယ်။ ရွှေ့ပေးတဲ့ နေရာမှာလည်း အတင်းအဓမ္မ ရွှေ့တယ်ပြောတယ်။ ပထမဦးဆုံး ကျွန်တော်တို့ တတိယအဖွဲ့အစည်းဖြစ်တဲ့ ကြက်ခြေနီကိုစေလွှတ်ပါတယ်။ အဲ့ဒီမှာ ဘယ်သူကတော့ ဘယ်ဆွေမျိုးသားချင်း အိမ်မှာ နေချင်ပါတယ်ဆိုပြီး သူတို့ ကိုယ်တိုင် ဆန္ဒပြုထားတဲ့စာရင်းကို ကျွန်တော်တို့ရပါတယ်။ အဲ့ဒီစာရင်းကို ကချင်ပြည်နယ်ကြက်ခြေနီ ဥက္ကဋ္ဌ ဦးဂဲနက်(စ်) ဆီက ယူကြည့်နိုင်ပါတယ်။ ဦးဂဲနက်(စ်) ဖြေကြားပေးစေချင်ပါတယ်”

 

ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဖြေ။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ အဲ့ဒီဒေသကို ရောက်တော့ ဘယ်သူက ဘယ် ဆွေမျိုးအိမ်မှာ နေချင်ပါတယ်ဆိုပြီး ဆန္ဒပြုလွှာတွေ ရပါတယ်။ အိမ်ထောင်စု ၂၈ စုမှာ ဘယ်မှာ သွားနေချင်ပါတယ်ဆိုတဲ့ ဆန္ဒပြုလွှာတွေ ရတော့ ပြည်နယ်အစိုးရဆီကို ပေးပါတယ်။ တစ်ယောက်ဆို သူအိမ်က ကာမိုင်းမှာ ရှိတယ်။ အဲ့ဒီမှာပဲ နေမယ်လို့ ပြောပါတယ်။ သူတို့ရဲ့ ဆန္ဒအရ ပြည်နယ် အစိုးရက လိုက်လံပို့ဆောင်တဲ့ အခါ ကျွန်တော်တို့ ကြက်ခြေနီလဲ ပါပါတယ်”

 

မေး။   ။သတင်းအမျိုးမျိုးထွက်နေတဲ့ အချိန်မှာ ဝန်ကြီးချုပ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကမှာကြားတဲ့ အရေးကြီးတဲ့ အချက်တွေနဲ့ သူ့ရဲ့ စိုးရိမ် ပူပန်မှုတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဖြေကြားစေချင်ပါတယ်။

 

ဝန်ကြီးချုပ် ဖြေ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှာကြားချက်ကတော့ ကျွန်တော်တို့ နိုင်ငံမှာ နံပါတ် တစ်က ငြိမ်းချမ်းရေးမြန်မြန်ရဖို့နဲ့ နောက်တစ်ခုက တရားဥပဒေစိုးမိုးဖို့ပါပဲ။ တရားဥပဒေစိုးမိုးဖို့ မူးယစ်ဆေးဝါးကအစ အကုန်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး မရသေးခင်မှာ အပြည့်အဝ အကောင်အထည်မဖော်နိုင်ဘူး။ နောက် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ပါတယ်။ Social economic development ပေါ့။ ပြည်သူအကျိုးစီးပွား ဖွံ့ဖြိုးတိုး တက်ဖို့ပါ။ ငြိမ်းချမ်းရေးမရသေးတော့ ကျွန်တော်တို့ တစ်တိုင်းပြည်လုံး ရှိပြီးသား ပြဿနာကို ရင်ဆိုင်နေရပါ တယ်။ နှုတ်ကနေ ငြိမ်းချမ်းရေးလိုချင်ပါတယ် မပြောဘဲ တကယ့်ကို ရင်ထဲ စိတ်ထဲက နေ နိုင်ငံသူနိုင်ငံသားကို ချစ်တဲ့စိတ် တိုးတက်ဖွံ့ဖြိုးချမ်းသာစေချင်တဲ့ စိတ်ကို အရင်မွေးပြီးမှ ဘယ်လိုညှိနှိုင်း ဆောင်ရွက်မလဲ ဆိုတာကို သွားရင် ငြိမ်းချမ်းရေး ရကို ရတယ်။

ကျေးဇူးတင်ပါတယ်။

 

သတင်း..ရဲခေါင်ညွန့် ၊ ဓါတ်ပုံ..ဖိုးထောင်