ကချင်ပြည်နယ်အတွင်း သွားလာရေးခက်ခဲသောဒေသတွင် တာဝန်ကျနေသည့် ပညာရေးဝန်ထမ်းများအတွက် ကြိုတင်အသိပေး ညှိနှိုင်းပါက လေယာဉ်ခေါက်ရေ တိုးမြှင့်ပျံသန်းပေးခြင်းနှင့် သီးသန့်လေယာဉ်ခရီးစဉ်များ စီစဉ်ပေးမည်

နေပြည်တော် ၂၃ ဇူလိုင်

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့  ကြိုတင်အသိပေး ညှိနှိုင်းလာပါက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအတွက် လေယာဉ်ခေါက်ရေ တိုးမြှင့်ပျံသန်းပေးခြင်းနှင့် သီးသန့်လေယာဉ်ခရီးစဉ်များ စီစဉ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး လေယာဉ်လက်မှတ်များကို မြန်မာအမျိုးသားလေကြောင်း အနေဖြင့် ဦးစားပေး၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီး၏ “ကချင်ပြည်နယ် အတွင်းရှိ သွားလာရေး ခက်ခဲသော ခေါင်လန်ဖူး၊ နောင်မွန်း၊ မချမ်းဘော၊ ပူတာအို မြို့နယ်များအတွင်း တာဝန်ကျနေသော ပညာရေးဝန်ထမ်း ဆရာ/ ဆရာမများအား နှစ်စဉ် ကျောင်းဖွင့်ချိန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် သွားလာရေး လွယ်ကူ စေရန် ပူတာအို - မြစ်ကြီးနား လေယာဉ်ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲ၍ ဦးစားပေး လက်မှတ်ရောင်းချပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးကျော်မျိုးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက “ မြန်မာအမျိုးသား လေကြောင်းသည် ယခင်က မြစ်ကြီးနား - ပူတာအို အသွားအပြန် ခရီးစဉ်ကို တစ်ပတ်လျှင် (၄)ကြိမ် ပျံသန်းပေးခဲ့ရာမှ ၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်မှ စ၍ တစ်ပတ် (၅)ကြိမ်အထိ တိုးချဲ့ပျံသန်းပေးလျက်ရှိကြောင်း၊ မြန်မာအမျိုးသားလေကြောင်းသည် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေ ပြင်ပမှ မိမိ၏ ကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်နေသော လေကြောင်းလိုင်းဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (၃)ခုနှင့် ပြည်တွင်းလေဆိပ် (၂၃)ခု စုစုပေါင်း လေဆိပ် (၂၆) ခုသို့ ပုံမှန်ခရီးစဉ်များ ပြေးဆွဲပေးနေရခြင်းကြောင့် မြစ်ကြီးနား - ပူတာအို အသွားအပြန် ခရီးစဉ်ကို အခါအားလျော်စွာ ခရီးသည်၏ လိုအပ်ချက်များပြားလာသည့် အချိန်များတွင်သာ လေယာဉ် ခေါက်ရေတိုးမြှင့် ပျံသန်းပေးလျက်ရှိကြောင်း” ပြောသည်။

 

သို့ဖြစ်ပါ၍ နှစ်စဉ်ကျောင်းဖွင့်ချိန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် သက်ဆိုင်ရာမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသို့  ကြိုတင်အသိပေး ညှိနှိုင်းလာပါက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအတွက် လေယာဉ်ခေါက်ရေ တိုးမြှင့် ပျံသန်းပေး၍လည်းကောင်း၊ သီးသန့်လေယာဉ်ခရီးစဉ်များ စီစဉ်ပေး၍လည်းကောင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး လေယာဉ်လက်မှတ်များကို မြန်မာအမျိုးသားလေကြောင်း အနေဖြင့် ဦးစားပေး၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

MDN