ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေဝင်ရောက်သည့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်သည်များ ကြိုတင်ပြင်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်

မြစ်ကြီးနား ၁၂ ဇူလိုင်

 

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့၌ မြစ်ရေများ ဝင်ရောက်လာခဲ့သဖြင့် လူနေအိမ်အချို့မှ ပြည်သူများအား ယာယီပြောင်းရွှေ့ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များကြိုတင် စီစဉ်ဆောင်ရွက်နိုင်ရေး ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးကြသည်။

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီအဖွဲ့ဝင်များသည် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်လျက်ရှိသည့် ကြက်ပေါင်ခြံ၊ လယ်ကုန်းနှင့် ရမ်ပူရပ်ကွက်အတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြစ်ရေဝင်ရောက်မှုရပ်တန့်ခြင်းမရှိပါက နှစ်စဉ်ရေဝင်ရောက်လျှက်ရှိသည့် မြေနိမ့်ပိုင်းရှိလူနေအိမ်များအား အချိန်နှင့်တစ်ပြေးညီ ကြိုတင်အသိပေးခြင်းနှင့် ယာယီစခန်းများ ဖွင့်လှစ်၍ ရွေ့ပြောင်းနေရာချထားပေးနိုင်ရေး စသည့်  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်စီမံ ဆောင်ရွက်ထားရှိရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် ရေဝင်ရောက်မှုကြောင့် ကြက်ပေါင်ခြံရပ်ကွက်၊ နယ်မြေ (၃)ရှိ အိမ်ထောင်စု (၃၀)စု၊ လူဦးရေ (၁၀၇)ဦးတို့အား ရမ်ပူရပ်ကွက်ရှိ ဂေါ်ရခါးယဉ်ကျေးမှု ပြဇာတ်ရုံ၌ လည်းကောင်း၊ လယ်ကုန်း ရပ်ကွက်၊ နယ်မြေ(၁၄)ရှိ ရေဝင်အိမ်ထောင်စု (၁၄)စု၊ လူဦးရေ (၇၂)ဦးတို့အား အမက(၁) မူလွန်ကျောင်း၌လည်းကောင်း ယာယီရွှေ့ပြောင်းနေရာချထားမှု အခြေအနေနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေး မြို့နယ်သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ယာယီကယ်ဆယ်ရေးစခန်းများအတွင်း ပြောင်းရွှေ့နေရာချထားသည့် အိမ်ထောင်စုများအတွက် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များက ထမင်းထုပ်၊ ရေသန့်ဘူးများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ စိုးရိမ်ရေမှတ် (၁၂၀၀) စင်တီမီတာရှိသည့်အနက် ယမန်နေ့က (၁၀၄၆) စင်တီမီတာသို့ ရောက်ရှိနေခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေသည် အနည်းငယ်လျော့ကျနေကြောင်း သိရှိရသည်။

 

ပြည်နယ်ပြန်/ဆက်