ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် လမ်းဘေးဝဲ/ယာများတွင် အရိပ်ရသစ်ပင်များ စုပေါင်းပါဝင်စိုက်ပျိုး

မြစ်ကြီးနား ဇွန် ၂၇

 

ဇွန် ၂၇ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုး‌ရေးနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၇ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ တက္ကသိုလ်ဝင်းအတွင်းရှိ မိန်းလမ်းမနှင့် မန်ခိန်‌-ရွှေစက်လမ်းမ၊ ဗလမင်းထင်တံတားမှ ဆွမ်ပရာဘွမ်လမ်းအထိ လမ်းဘေးဝဲ/ယာများတွင် အရိပ်ရအပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

ဦးစွာ ကမ္ဘာ့သစ်ပင်စိုက်ပျိုး‌ရေးနေ့ အထိမ်းအမှတ် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ပြည်နယ်သယံဇာတ‌ရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ဖြန့်‌ဝေပေးအပ်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများက အသီးသီးလက်ခံရယူခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက  မြစ်ကြီးနားတက္ကသိုလ် မိန်းလမ်းမကြီးတစ်လျှာက် လမ်းဘေးဝဲ/ယာတွင် စင်္ကာပူချယ်ရီ၊ ဂျပန်ချယ်ရီ၊ သပြဘူတ၊ စိန်ပန်းနီ၊ နွယ်သာကီ၊ ပန်းအိ၊ ခရာဝါ၊ စက္ကူပန်း အစရှိသည့် ပျိုးပင်ပေါင်း (၅၄၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်လမ်းမတစ်လျှောက် ပျိုးပင်များ စိုက်ပျိုးထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အလားတူ ကမ္ဘာ့သစ်ပင်စိုက်ပျိုးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများကလည်း မန်ခိန်-ရွှေစက်လမ်းမ တစ်လျှောက် (မနောကွင်းမြောက်ဘက် တြိဂံကျွန်းမှ ဗလမင်းထင်တံတားထိ)၊ ဗလမင်းထင်တံတားမှ ဆွမ်ပရာဘွမ်လမ်းမအထိ လမ်းဘေးဝဲ/ယာများတွင် သပြေဘူတနှင့် စိန်ပန်းနီပျိုးပင် စုစုပေါင်း (၁၀၃၅)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)