ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၂၇

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေး တိုးမြှင့်လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို သြဂုတ် ၂၆ ရက်က ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ဈေး၌ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြကာ နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်း စနစ်တကျတပ်ဆင်ကြရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးခဲ့ကြသည်။

ထို့မှတစ်ဆင့် မချမ်းဘောမြို့နယ်အတွင်း ကောင်းမှုလုံစေတီတော်ကို သွားရောက်ဖူးမြော် ကြည်ညိုကြပြီး နဝကမ္မအလှူငွေများ လှူဒါန်းကာ ဂေါပကအဖွဲ့ဝင်များ၏ ဘုရားပိုင်မြေနေရာရရှိရေး တင်ပြချက်များ အပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာတွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်နှင့် ပျိုးပင်များ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများထံ မန်ဂျန်ရှားအရိပ်ရပင် ၄၀၀ ကို လွှဲပြောင်းပေးအပ်ပြီး ဌာနဆိုင်ရာများနှင့်အတူ စိုက်ပျိုးပေးသည်။

ယင်း‌နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဇီထမ်းကျေးရွာ မြေဧက ၆၀ ပေါ် နေရပ်စွန့်ခွာ ပြည်သူများ ရွေ့ပြောင်းနေရာချထားပေးသည့် အိမ်ရာစခန်းအတွင်း ခန်းမဆောင်၌ နေရပ်စွန့်ခွာ မိသားစုများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသကြက်ကောင်ရေ ၃၀၀၊ ဝက် ရှစ်ကောင်နှင့် မန်ဂျန်ရှားအပင် ၃၀၀၊ နေအိမ်ခြံဝင်းများအတွင်း စိုက်ပျိုးရန်အတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များ၊  မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေး အပ်သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုတပ်နယ် ဧက ၅၀၀ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံအတွင်း စိုက်ခင်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ခြံအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအပိုင်းများကို တပ်မတော်အရာရှိကြီးများအား မေးမြန်းဆွေးနွေးပြီး ကြက်မွေးမြူ ရေးခြံနှင့် ဝက်မွေးမြူရေးခြံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘက်စုံခြံအတွက် ဂရိတ်ဖုပျိုးပင်များနှင့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ဂျူဗလီကျေးရွာ ပုဂ္ဂလိကပိုင်ခြံစိုက်ခင်းအတွင်း ကြယ်ပဲစိုက်ခင်း ၁ ဧက၌ ကြယ်ပဲသီးများဖြင့် အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမဆောင်၌ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန်ဘာသာရေးအဖွဲ့ သုံးခုနှင့် တွေ့ဆုံပြီး ဘာသာရေးအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ် သုံးသိန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)