ကြက်မောက်သီးနီနီလေးရဲ့ အကျိုးအာနိသင်

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

အသီးအရောင်က အနီရောင်ရှိပြီး အခွံမှာ အမွှေးအမျှင်လေးနဲ့ အတွင်းသား ဖြူဖြူလေးကို စားရတဲ့ ကြက်မောက်သီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အကျိုးအာနိသင်တွေ အများကြီးပါဝင်ပါတယ်။ ကြက်မောက်သီးကလည်း ရာသီစာဖြစ်တာမို့ စားပေးသင့်ပါတယ်နော်။ အလုံးအရွယ်အစားသေးတဲ့ ကြက်မောက်သီးက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

 

တရုတ် သုတေသီတွေကတော့ ကြက်မောက်သီးမှာ ဆီးချိုရောဂါကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ကြက်မောက်သီးက သွေးတွင်းဂလူးကို့စ်ပမာဏကို လျော့ကျစေတာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တာပါ။ အမျှင်ဓါတ်ပါဝင်တဲ့ အသီးအနှံတွေဟာ ခန္ဓာကိုယ်အလေးချိန် မတက်စေပါဘူး။ အမျှင်ဓါတ်တွေဟာ အစာအိမ်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် ကျန်းမာရေး ကောင်းမွန်ပြီး ခန္ဓာကိုယ်အလေးချိန် လျှော့ကျဖို့ ကူညီပေးပါတယ်။

 

ကြက်မောက်သီးဟာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့လည်း တည့်တဲ့ အသီးတစ်မျိုးပါ။ ချိုတဲ့ အသီးလေး စားရတာမို့ မေမေလောင်းတို့ ခံတွင်းရှင်းစေမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း မူးဝေခြင်း၊ ပျို့အန်ခြင်း တွေကိုပါ သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုက ကြက်မောက်သီးမှာ သံဓါတ်တွေ ကောင်းမွန်စွာ ပါဝင်တာမို့ hemoglobin ပမာဏကို တိုးတက်စေပြီး  သန္ဓေသားလေးကိုပါ  ကျန်းမာစေနိုင်ပါတယ်။  ဒါ့အပြင် ဗီတာမင်အီးလည်းပါဝင်တာမို့  ကိုယ်ဝန်ဆောင်ချိန်အတွင်း ယားယံခြင်းတွေကို သက်သာစေနိုင်ပါသေးတယ်။ ကြက်မောက်သီးဟာ နှလုံးရောဂါကို သက်သာစေနိုင်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ကြက်မောက်သီး ဟာ သွေးတိုးရောဂါကို ထိန်းညှိပေးပြီး ကိုလက်စထရောများခြင်းကိုပါ လျော့နည်းစေပါတယ်။ ဒါကြောင့် သွေးတိုးရော နှလုံးရောဂါကိုပါ သက်သာစေနိုင်ပါတယ်။

 

အရိုးတွေရဲ့ ကျန်းမာရေးနဲ့ ကြွပ်ဆတ်မှုကိုပါ ထိန်းထားပေးနိုင်ဖို့ ဖော့စဖော့ရပ်တွေ လိုပါတယ်။ ဖော့စဖော့ရပ် လိုချင်တယ်ဆိုရင်တော့ ကြက်မောက်သီးစားဖို့လိုပါတယ်။ အသက်ကြီးတဲ့အခါမှာ အရိုးပွရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အရိုးအဆစ်သန်မာစေပါတယ်။

 

ကြက်မောက်သီးမှာ ကင်ဆာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ များစွာ ပါဝင်ပါတယ်။ ဒီဓါတ်တိုးဆန့်ကျင်မှုတွေဟာ ရောင်ရမ်းခြင်းနဲ့ ခန္ဓာကိုယ်အတွင်းမှာ ကင်ဆာဆဲလ်တွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရတော့ ကြက်မောက်သီး စားခြင်းဟာ အသည်းကင်ဆာ ဖြစ်စေတဲ့ဆဲလ်တွေ မကြီးထွားလာအောင် ကူညီပေးနိုင်ပြီး တခြားကင်ဆာတွေကိုပါ လျော့ကျစေပါတယ်။

 

ကြက်မောက်သီးဟာ စွမ်းအင်ပြည့်စေတဲ့ အသီးဆိုရင်လည်း မမှားပါဘူးနော်။ ကြက်မောက်သီးမှာ ကာဗိုလ်ဟိုက်ဒရိတ်နဲ့ ပရိုတင်းတွေပါဝင်တာကြောင့် ခန္ဓာကိုယ်အားပြည့်စေဖို့ အထောက်အကူပြုပါတယ်။ ကြက်မောက်သီးရဲ့ နောက်ထပ်ကောင်းကျိုး တစ်ခုကတော့ ပါဝင်တဲ့အမျှင်ဓါတ်တွေဟာ အစာခြေစနစ်ကို များစွာကောင်းမွန်စေတာမို့ ဝမ်းချုပ်ခြင်းတွေ မရှိစေနိုင်ပါဘူး။ ဒါ့အပြင် အူအတွင်း ကပ်ပါးကောင်တွေ ကို သေစေနိုင်တဲ့ ဗက်တီးရီးယား ဆန့်ကျင်ဂုဏ်သတ္တိတွေလည်း ပါဝင်ပါသေးတယ်။ အူကင်ဆာ မဖြစ်စေနိုင်ဘဲ ရေဓါတ်လည်း ပြည့်စေပါတယ်။

 

အသားအရေ ကြည်ကြည်လင်လင်လေး ဖြစ်ချင်တယ်ဆိုရင်တော့ ကြက်မောက်သီးလေးကို မေ့ထားလို့ မရပါဘူးနော်။ ကြက်မောက်သီးမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ မဂ္ဂနီဆီယမ် ပါဝင်တာဟာ free radical ကို တိုက်ထုတ်ပေးပြီး အသားရေစိုပြေစေဖို့နဲ့ ကျန်းမာတဲ့ အသားအရေဖြစ်ဖို့ အထောက်အကူပြုပါတယ်။

 

အခုဆိုရင် အလုံးအရွယ်သေးပေမယ့် အကျိုးအာနိသင်များတဲ့ ကြက်မောက်သီးလေးရဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပုံကို သိပြီးပြီဆိုတော့ ရာသီစာလေးအဖြစ် စားပေးဖို့ မမေ့နဲ့နော်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"