ကလေးစာပေပွဲတော် (ပြင်ဦးလွင်) နောက်ဆုံးနေ့ စည်ကားလျက်ရှိပြီး လာရောက်သူ သုံးသောင်းကျော်ရှိ

ပြင်ဦးလွင် ၁၄ ဇန်နဝါရီ

ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် နောက်ဆုံးနေ့ ပြင်ဦးလွင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှ ညနေပွဲတော်ပိတ်သိမ်းချိန်အထိ ပွဲတော်လာသူများ စည်ကားခဲ့ပြီး ယနေ့ပွဲတော်တွင် လာရောက်သူ သုံးသောင်းကျော်ရှိခဲ့ကြောင်း သိရသည်။  

ယနေ့ပွဲတော်တွင် တိုင်းရင်းသားရိုးရာအကများ၊ လာမားအက၊ Myanmar Fitness Dance အက၊ ကျောက်ဆည်ဇော်ဂျီမောင် ဆင်အကနှင့် တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေရေးစင်ပေါ်၌ ဖျော်ဖြေတင်ဆက်ကြရာ ပွဲတော်လာရောက်သူများက စိတ်ဝင်တစား ကြည့်ရှုအားပေးကြသည်။  

ပွဲတော်သို့ လာရောက်သည့် ကလေးငယ်များအတွက် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အိမ်ဆောက်ကစားနည်းနှင့် Team Building Games ကစားနည်းများ ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပေးခဲ့သည်။  

ပွဲတော်နောက်ဆုံးနေ့ စာပေဆွေးနွေးပွဲတွင် ကာတွန်မောင်မောင်အောင်၊ ကာတွန်းမောင်ရွှေဝင်း၊ ကာတွန်းငယ်ဦး၊ ကာတွန်းဖောင်းဖောင်းတို့က စာဖတ်ခြင်း၏အကျိုး ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ ပွဲတော်သို့ လာရောက်သူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြသည်။  

ထို့ပြင် ကလေးစာပေပွဲတော် (ပြင်ဦးလွင်) တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြခန်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ အမျိုးသမီးရေးရာပြခန်း၊ အဝေးထိန်းလေယာဉ်ငယ်ပြခန်း၊ ရတနာပုံဆိုက်ဘာစီးတီးပြခန်း၊ ကင်းထောက်လူငယ်ပြခန်း၊ ကလေးနီတိကာတွန်းပြခန်း၊ ပြတိုက်ငယ်၊ အခြေခံပညာဦးစီးဌာနကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းပြခန်းများကိုလည်း ပွဲတော်လာရောက်ကြသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။  
 
ပွဲတော်တွင် စာအုပ်အရောင်းဆိုင် (၅၀) လာရောက်ရောင်းချခဲ့ပြီး ပွဲတော်ကျင်းပသည့် (၂)ရက်တာအတွင်း ကျပ်သိန်း (၂၄၀)ကျော် ရောင်းချခဲ့ရကြောင်း သိရပြီး ပွဲတော်လာရောက်သူများအား  ထမင်းဘူး၊ မြန်မာမုန့် (၁၂)မျိုးဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးခဲ့ကြောင်းနှင့် ညနေပိုင်းတွင် ပွဲတော်တွင် ပြိုင်ပွဲအသီးသီးမှ ဆုရရှိသူများကို တာဝန်ရှိသူအသီးသီးက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ 

ဓါတ်ပုံ- စိုးကျော်သူထွေး
ခရိုင် (ပြန်/ဆက်)