ကလေးဆီးချိုရောဂါအတွက် တစ်နိုင်ငံလုံးတွင် နေရာရှစ်နေရာဖွင့်လှစ်၍ ကုသပေးလျက်ရှိ

ရန်ကုန် ၁၆ စက်တင်ဘာ


မြန်မာပြည်တွင် ကလေးဆီးချိုရောဂါ အမျိုးအစား(၁)ဖြစ်ပွားသော ကလေးငယ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ ကလေးဆေးရုံများအပါအဝင် နေရာရှစ်နေရာ၌ ကုသပေးလျက်ရှိကြောင်း သိရသည်။


ဆီးချိုရောဂါဖြစ်ပွားမှုတွင် Type-1 သည် ကလေးဆီးချိုရောဂါ အမျိုးအစား(၁)ဖြစ်ပြီး Type-2 ကို လူကြီးဆီးချိုရောဂါဟူ၍ သတ်မှတ်ကုသပေးလျက်ရှိရာ ကလေးဆီးချိုရောဂါ အမျိုးအစား(၁)အား ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကုန်ဆေးရုံးကြီး ဟော်မုန်းဌာန၊  မြောက်ဥက္ကလာပဆေးရုံဟော်မုန်းဇာန၊ မန္တလေးကုတင်(၅၅၀) ကလေးဆေးရုံ၊ မန္တလေးဆေးရုံကြိီး ဟော်မုန်းဌာန၊ မကွေးဆေးရုံ(ကလေးအဆောင်)၊ တောင်ကြီးမိခင်နှင့် ကလေးဆေးရုံနှင့် နေပြည်တော်ဥတ္တရသီရိ ဆေးရုံတို့တွင် ကုသပေးလျက်ရှိသည်။ ကလေးဆီးချိုရောဂါကို ၂၀၁၄ ခုနှစ်တွင် ရန်ကုန်ကလေးဆေးရုံကြီး၏ ဟော်မုန်းဌာန၌ စတင်ဖွင့်လှစ် ကုသပေးခဲ့ပြီး ၂၀၁၇-ခုနှစ်တွင် ကျန်သောတိုင်းဒေသကြီးတို့၌ ဖွင့်လှစ်ခဲ့၍ တောင်ကြီးမိခင်နှင့် ကလေးဆေးရုံကြီးတွင် နောက်ဆုံး ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။  


 “ကလေးဆီးချိုအတွက် လိုအပ်တဲ့ဆေးဝါး၊ ဂလူကို့စ် မီတာနဲ့ သွေးစစ်ဖို့ပစ္စည်းတွေကို ထောက်ပံ့ပါတယ်။ အမျိုးအစား(၁) ကလေးဆီးချိုဖြစ်တဲ့ ကလေးပိုများ လာတယ်။ ဒါကြောင့် ရန်ကုန်မှာလည်း ကုသပေးနေသလို ကျန်တဲ့နေရာတွေမှာလည်း အမျိုးအစား(၁)ဆီးချိုအတွက် ကုသဖို့နေရာ ရှစ်နေရာဖွင့်လှစ် ထားပါတယ်။ မြန်မာတစ်နိုင်ငံလုံး ကလေးဆီးချို အမျိုးအစား(၁)ဝေဒနာရှင်(၂၁၀)ကျော်ကို ကုသပေးခဲ့တယ်။ ဝတဲ့ကလေးတွေဆိုရင် အမျိုးအစား(၂)ဆီးချိုဖြစ်ဖို့ အခွင့်အလမ်းတွေ ရှိတယ်။ လူကြိီးတွေက အမျိုးအစား(၂)ဆိီးချိုဖြစ်တတ် ပါတယ်။ မြန်မာပြည်မှာ မွေးကင်းစကလေးမှာဖြစ်တဲ့ ကလေးဆိီးချို၊ အမျိုးအစား(၁)ကလေးဆီးချိုနဲ့ အမျိုးအစား(၂)လူကြီး ဆီးချိုဆိုပြီး ရှိပါတယ်။ ဒီမှာဆိုရင်ဆိီးချို ဝေဒနာရှင်(၁)နှစ်အောက် မွေးကင်းစကလေး(၃)ဦးလည်း ရှိပါတယ်” ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်မြတ်စန္ဒာသိ်န်းက ပြောသည်။


အမျိုးအစား(၁)ကလေး ဆီးချိုဖြစ်ပွားရသော အကြောင်းရင်းမှာ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားအဖြစ်ထုတ်လုပ်ပေးနေသော အင်ဆူလင်များ တိုက်ခိုက်ခံရ၍ဖြစ်ပြီး လူကြီးများဖြစ်ပွားရခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံ လိုအပ်ချက်ကြောင့် ဖြစ်ပွားခြင်းဖြစ်ရာ မိခင်၊ ဖခင်ဆီးချိုရိုးရောဂါရှိပါက မွေးဖွားလာသောသား၊ သမီးတို့တွင် အမျိုးအစား(၂) ဆီးချိုဖြစ်ပွားတတ်ကြောင်း သိရသည်။


ရန်ကုန် ကလေးဆေးရုံကြီးတွင် အမျိုးအစား(၁) ကလေးဆီးချို ဝေဒနာရှင်များ ပိုမိုလာရောက်ကုသခြင်းသည် ရောဂါအတွက် ထောက်ပံ့ကုသမှု ပိုမိုကောင်းမွန်ခြင်းကြောင့်ဖြစ်ပြီး လိုအပ်သောအင် ဆူလင်နှင့် ဘလက်ဂလူးကို့စ် စစ်ဆေးသောပစ္စည်းများနှင့် ပညာပေးလုပ်ဆောင်မှုပြည်စုံသောကြောင့် ယခင်ထက်လာရောက်ကုသမှုများ လာခြင်းဖြစ်ရာ အမျိုးအစား(၁)ကလေးဆီးချိုရောဂါသည် ကြိုတင်ကာကွယ်၍မရသော်လည်း အမျိုးအစား(၂)လူကြီး ဆီးချိုဝေဒနာအတွက် ကျန်းမာရေးနှင့်ပြည့် စုံသောနေထိုင် စားသောက်မှုနှင့် လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်သည်။  ရန်ကုန်ကလေးဆေးရုံကြီးတွင် အမျိုးအစား(၁) ကလေးဆီးချို ရောဂါဝေဒနာရှင် (၈၀)ဦးခန့်အား ကုသပေးလျက်ရှိပြီး ကလေး(၂၁၀)ကျော်ကို ကုသပေးနိုင်ခဲ့ကာ ကျန်းမာရေး အသိပညာ စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားမှု လျော့ကျသွားမည်ဖြစ်၍ အမျိုးအစား(၁) ကလေးဆီးချို ဝေဒနာအတွက် မြန်မာပြည်တစ်ဝန်း၌ ဆေးရုံရှစ်ရုံဖွင့်လှစ်၍ ကုသပေးလျက်ရှိကြောင်း သိရသည်။


သန်းထိုက်