ကလေးများဖတ်ဖို့ စာပေကို ဖန်တီးရာတွင်

၇  နိုဝင်ဘာ

ကလေးစာပေပွဲတော်များ စဉ်ဆက်မပြတ်ကျင်းပလျက်ရှိသည်။ ဦးတည်ချက်၊ ရည်ရွယ်ချက်များကလည်း ရှင်းပါသည်။ ကလေးများ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်လာစေဖို့၊ စာဖတ်လာကြစေဖို့ပင် ဖြစ်သည်။ ကလေး စာပေပွဲတော်များဆီသို့ ကလေးများ စိတ်ဝင်တစားလာရောက်ဆင်နွှဲကြစေရန် ဆွဲဆောင်သည့်အနေဖြင့် ပြပွဲ၊ ပြိုင်ပွဲ၊ ပျော်ပွဲ၊ ရွှင်ပွဲများကိုလည်း မပါမဖြစ် ထည့်သွင်းစီစဉ်ပေးထားကာ စာအုပ်စာပေနှင့် အလှမ်းဝေးသူ၊ စာပေကိုစိတ်မဝင်စားသေးသူ ကလေးများကိုလည်း စာပေရပ်ဝန်းဆီသို့ သိမ်မွေ့စွာ ခေါ်ယူလျက်ရှိသည်။ ၂၀၁၆ ခုနှစ်က စတင်ခဲ့သည့် ကလေး စာပေပွဲတော်များမှာ ၂၀၁၉ ခုနှစ် မတ်လအထိ နိုင်ငံတော်အဆင့် ကိုးကြိမ်၊ ခရိုင်အဆင့် ၃၈ ကြိမ်၊ ဒေသအစီအစဉ်ဖြင့် ၁၁ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ ဆက်လက်၍လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှာ ကျင်းပဦးမည်ဖြစ်သည်။

ကလေးများကို စာဖတ်သည့်အလေ့အထ ပြုစုပျိုးထောင်ပေးခြင်းမှာ ၎င်းတို့တစ်ဦးချင်းအား တန်ဖိုးမြှင့်ပေးခြင်းလည်း ဖြစ်သည်။ ကလေးဘဝမှ စတင်စာဖတ်ခြင်းဖြင့် ဦးနှောက်အာဟာရ၊ နှလုံးသားအာဟာရတို့ ပြည့်ပြည့်ဝဝရရှိပြီး ကောင်းစွာလူလားမြောက်လာကြမည်ဖြစ်သည်။ သိမှုစွမ်းရည် (Intelligence Quotient)နှင့် ခံစားမှုစွမ်းရည် (Emotional Intelligence)တို့ မြင့်မားသည့် လူတော်လူကောင်းများအဖြစ်ဖြင့် လူ့လောက၏ ကောင်းကျိုးကို ဆောင်သူများ ဖြစ်လာကြလိမ့်မည်။ လူကြီးဘဝတွင် ကောင်းဖို့၊ ကောင်းကျိုးဆောင်သူများဖြစ်ဖို့ ကလေးဘဝကပင် စတင်ရမည်။ ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ကြီးက ““ကလေးကလေး အထင်မသေးနဲ့၊ ကလေးက လူကြီးဖြစ်တာ၊ ကလေးကောင်းမှ လူကြီးကောင်းမှာ၊ လူကြီးကောင်းမှ အားလုံးကောင်းမှာ”ဟူ၍ ဆုံးမဩဝါဒပေးခဲ့သည်။ စာရေးဆရာကြီး ဒဂုန်တာရာကလည်း “လူကြီး က ကလေးကို ကလေးဟူ၍ အခြောက်တိုက် အထင်သေးတတ်ကြသည်။ ကလေးကို လူလိုသဘောမထားတတ်ကြ၊ အမှန်က ကလေးမှာ ရုပ်ခန္ဓာအားဖြင့် ငယ်သော်လည်း သူ့၌ လူ၏စွမ်းအား အကုန်ရှိသည်။ ကလေး၌လည်း သူ့အယူအဆနှင့်သူ၊ သူ့ဆုံးဖြတ်ချက်နှင့်သူ၊ သူ့အတွေး အခေါ်နှင့်သူ၊ သူ့အဘိဓမ္မာနှင့်သူ၊ ဆိုကြပါစို့၊ သူ့ခံစားမှုနှင့်သူ ရှိသည်။ ယင်းတို့ကို လေးစားရမည်”ဟု ရေးသားခဲ့ဖူးသည်။

ကလေးများကို ပြုစုပျိုးထောင်ရာတွင် အလေးအနက် တန်ဖိုးထား၍ စနစ်တကျပြုလုပ်ကြရန်နှင့် ကလေးများကို နားလည်နိုင်ဖို့ ကြိုးစားကြရန် ရဟန်းပညာရှိ၊ လူပညာရှိကြီးများ၏ တိုက်တွန်းမှုများစွာရှိသည်။ မြန်မာ့ယဉ်ကျေးမှုမှာ ကလေးပြုစုပျိုးထောင်မှုကို အလေးအနက်ပြုခဲ့သည်။ အဆင့်အတန်းလည်း မြင့်မားခဲ့သည်။ သားချော့တေးများနှင့် မြန်မာ့ရိုးရာနှုတ်ပြောပုံပြင်များစွာတို့က ဘိုးဘွားမိဘများနှင့် သားသမီး မြေးမြစ်များကြား မေတ္တာတရား၊ သံယောဇဉ်နှင့် အပြန်အလှန်တုံ့လှယ်မှု နက်နက်ရှိုင်းရှိုင်းရှိမှုကို သာဓကပြနေခြင်းပင် ဖြစ်သည်။ ခေတ်ကာလပြောင်းလဲလာ၍ လူနေမှုစနစ်များ ပြောင်းလဲလာသလို နည်းပညာအသစ်အဆန်းများ ပေါ်ပေါက်လာသည်နှင့်အမျှ မူလရှိရင်းစွဲတန်ဖိုးတို့ တစ်စတစ်စ ယုတ်လျော့ပြောင်းလဲသွားခဲ့ရသော်ငြားလည်း ကလေးသူငယ်ပြုစုပျိုးထောင်ရေးကိုမူ ခေတ်နှင့်အညီ လိုက်ပါ ပြောင်းလဲလုပ်ဆောင်သွားကြရမည်ဖြစ်သည်။ ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် အရေးပါနေဆဲဖြစ်သည့် ကလေးစာပေကို ကလေးများနှင့် လက်တစ်ကမ်းသို့ ရောက်အောင် ဖန်တီးပေးကြရမှာလည်း ဖြစ်သည်။

ကလေးစာပေဆိုတာ ကလေးတွေဖတ်ဖို့ စာပေပေါ့”ဟူ၍ စာရေးဆရာကြီး ဒဂုန်တာရာက ဆိုခဲ့ပြီး ကလေးစာပေ၏ သဘောတရားသည် ကလေးကို လူတစ်ယောက်ကဲ့သို့ တန်းတူသဘောထားခြင်း ဖြစ်သင့်ကြောင်းလည်း ထောက်ပြခဲ့သည်ကို ဖတ်ရှုမှတ်သားခဲ့ရဖူးသည်။ ကလေးစာပေသည် ကလေးများဖတ်ရန် စာပေဖြစ်သော်လည်း ရေးသားသူ၊ ပြုစုသူ၊ ထုတ်ဝေသူ အားလုံးလိုလိုကမူ လူကြီးများသာဖြစ်သည်။ ကလေးစာပေရေးသားပြုစု၊ ထုတ်ဝေရာတွင် ရည်ရွယ်ချက်ကောင်းစွာဖြင့် စနစ်ကျကျ၊ မှန်မှန်ကန်ကန်၊ ကလေးများ၏ သိမှု၊ ခံစားမှုတို့နှင့် ကိုက်ညီသော စာအုပ်၊ စာပေတို့ကို ရေးသားပြုစုထုတ်ဝေပေးကြဖို့လိုသည်။

ကလေးများသည်တိုင်းပြည်၏ အနာဂတ်ဖြစ်သည်။ အနာဂတ်ကာလတွင် နိုင်ငံနှင့်လူမျိုးကို ယနေ့ကလေးများက ဆက်၍ လက်ဆင့်ကမ်း သွားကြရမှာဖြစ်သည်။ အနာဂတ်၏ ကမ်းလင့်လက်များ အားကောင်း မောင်းသန်ဖို့ ပစ္စုပ္ပန်၏ မျိုးဆက်တို့က ပြုစုပျိုးထောင်ကြရာတွင် သိမှုနှင့်ခံစားမှုတို့ မြင့်မားစေရေး၊ အားဖြည့်ကြိုးပမ်းစွမ်းဆောင်ပေး နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း