ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ

ဟားခါး ၂၀ နိုဝင်ဘာ

 

၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ပြည်နယ်၊ခရိုင်၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ UNICEFမှ (ချင်းပြည်နယ်တာဝန်ခံ) ဦးကျင်ခက်ထန်နှင့် ဝန်ထမ်း များ၊ အရပ်ဖက် အဖွဲ့အစည်းအသီးသီးတို့မှ ဖိတ်ကြားထားသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ များနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

 

အစီအစဉ်အရ ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံအားလုံးသည် ကလေးများ အားလုံးအတွက် အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနေခြင်းများနှင့်အတူ မြန်မာနိုင်ငံ သည်လည်း အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်များ၏ အဓိက အခွင့်အရေးများ ရရှိစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို ဆက်လက် ထုဆစ်ပုံဖော်ကြမည့် ကလေးငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးရှိသော လူသား အရင်းအမြစ်များ ဖြစ်သည်နှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ရေး နှစ်စဉ် စီမံကိန်းများချမှတ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရေး အမှာစကား ပြောကြားသည်။

 

ဆက်လက်ပြီး UNICEFမှ (ချင်းပြည်နယ်တာဝန်ခံ) ဦးကျင်ခက်ထန်က ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ (UNCRC Day) သဝဏ်လွှာကို ဖတ်ကြား ပြီးနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက  ချင်းပြည်နယ် ကလေးသူငယ်များအားလုံး ကိုယ်စား ကလေးများ၏ရင်ဖွင့်သံစကားကို ဖတ်ကြား တင်ပြခဲ့ပါသည်။

 

ထို့နောက် ဟားခါးမြို့ပေါ်ရှိ လူမှုဝန်ထမ်း မူလတန်းကြိုကျောင်း၊ ဆိုင်ပဲန် မူလတန်းကြိုကျောင်းနှင့် ဧဒင် မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံ တို့မှ သားငယ် သမီးငယ်လေး များက တေးသရုပ်ဖော် အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက် ၍ ဆောင်ရွက်လျက်ရှိသည့် CSO၊ CBO အသင်းအဖွဲ့ဝင်များအား ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။

 

မြင့်နိုင်စိုး (ပြန်/ဆက်)