ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် လှိုင်သာယာမြို့နယ်၌ ပြုလုပ်

ရန်ကုန် ၉ ဇန်နဝါရီ

ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည်။

ယနေ့ဆောင်ရွက်မှုအနေဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ် မီးငြှိမ်းသတ်မှု ပစ္စည်းများအသုံးပြုမှုနှင့် နည်းစနစ်များ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြမှုများ၊ အရေးပေါ် အသက်ကယ် ပစ္စည်းပြုလုပ်နည်းနှင့် ရှေးဦးသူနာပြုစုနည်းများကို ကျောင်းသား၊ ကျောင်းသူများကို လက်တွေ့လေ့ကျင့် သင်ကြားပြသခဲ့သည်။ 

ရန်ကုန်မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက “မီးဘေးလုံခြုံရေးနဲ့ သဘာဝဘေးဆိုင်ရာကိစ္စ အသိပညာမြင့်မားဖို့အတွက် တာဝန်ရှိသူတွေသာလျှင် သိနေလို့မရပါဘူး။ လက်ဆင့်ကမ်း သယ်ဆောင်မယ့် ကလေးတွေလည်း ဒါတွေကို သိရှိနိုင်ဖို့နဲ့ အရေးပေါ်ဖြစ်စဉ်တွေမှာ တစ်ဦးချင်းတစ်ယောက်ချင်း ဆောင်ရွက်နိုင်ဖို့ အခုလို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ကျောင်းသားထုအတွင်း ဝင်ရောက်ဆောင်ရွက်မှုအနေနဲ့ တစ်နိုင်ငံလုံး အနေနဲ့ခြုံပြီး ပြောရရင် ကျွန်တော်တို့ ခရိုင်ကနေစတင်ပြီး ဆောင်ရွက်နေတာပဲဖြစ်ပါတယ်”ဟု ပြောသည်။ 

ထို့ပြင် အသိပညာ ဗဟုသုတရရှိစေရန် သဘာဝဘေးနှင့် ပတ်သက်သည့် ဉာဏ်စမ်းမေးမြန်းမှုများ ပြုလုပ်ခြင်းတို့အပြင် မီးငြှိမ်းသတ်ရေးနှင့် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။ 

ကလေးငယ်များအနေဖြင့် သဘာဝဘေးနှင့်ပတ်သက်သည့် အရေးပေါ်ဖြစ်စဉ်များနှင့် ရင်ဆိုင်ကြုံတွေ့သည့် အချိန်မျိုးတွင် မိမိတို့ကိုယ်တိုင် မိမိတို့၏ အနီးရှိပစ္စည်းများဖြင့် အရေးပေါ်အခြေအနေကို နည်းလမ်းမှန်ကန်စွာဖြင့် လတ်တလော ရင်ဆိုင်ဖြေရှင်းတတ်စေရန်နှင့် ရှောင်တိမ်းနိုင်စေရန်၊ မီးငြှိမ်းသတ်ရေး ကိစ္စရပ်များနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အဆင်ပြေစွာ လုပ်ဆောင်နိုင်ရန်တို့အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ယခုအစီအစဉ်ကို ခရိုင်အဆင့်ပြုလုပ်ခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။ 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး