ကလေးဝမြို့နယ်အတွင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ  တည်ဆောက်ပေးရန် အစီအစဉ်ကို ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြေကြား

နေပြည်တော် ၁၆ သြဂုတ်


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ (၁၆.၈.၂၀၁၉) တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် မေးမြန်းသည့် “စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း (Clean Coal) နည်းပညာကို အသုံးပြု၍ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ယနေ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည်ဖြေကြားခဲ့သည်။


အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၏ ဖြေကြားချက်မှာ ၂၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၁၁)ရက်မြောက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက  “မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်စွမ်းအား ၁၀ဝ% ပြည့်ဝစွာရရှိရေး ဆောင်ရွက်နေရာ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုကို တိကျ ခိုင်မာသော မူဝါဒ၊ လမ်းညွှန်မှုများဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း” အဆိုနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သော ၂၀၃၀ ခုနှစ်တွင် Master Plan အရ Generation Mix ကို Small & Medium Scale ရေအား ၃၂ ရာခိုင်နှုန်း ၊ Large Scale ရေအား ၆ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၃၃ ရာခိုင်နှုန်း ၊ Renewable ၉ ရာခိုင်နှုန်း  ဖြင့် ဆောင်ရွက်သွားရန် ကိစ္စအား ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း။


အဆိုပါ Generation Mix Plan အရ ခန့်မှန်းထားသော စုစုပေါင်းတပ်ဆင်အင်အား ၂၃,၅၉၄ မဂ္ဂါဝပ်၏ ၃၃ ရာခိုင်နှုန်း  ဖြစ်သည့် ၇,၉၄၀ မဂ္ဂါဝပ်ကို ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်လည်ပတ်ရန် လိုအပ်သည်ဖြစ်ရာ ပြည်တွင်း၌ ကျောက်မီးသွေးထွက်ရှိရာ ဒေသများတွင် Mine Mouth ဓာတ်အားပေးစက်ရုံများကို တည်ဆောက်ခြင်းသည်လည်း လျာထားစီစဉ်ရမည့် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း။


သို့ဖြစ်ပါ၍ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကို တည်ဆောက်အကောင် အထည်ဖော်ရန်အတွက် အသုံးပြုမည့် ကျောက်မီးသွေးလောင်စာနှင့် ပတ်သက်ပြီး အသေးစိတ် လေ့လာစိစစ်ရမည့် အချက်အလက်များကို အောက်ပါအတိုင်း ရှင်းလင်းတင်ပြအပ်ပါကြောင်း ဖြေကြားသည်။


ဓာတ်အားထုတ်လုပ်ရာတွင် အသုံးပြုမည့် ကျောက်မီးသွေးပမာဏ တစ်နှစ်အတွက် လိုအပ်သောတန်ချိန်၊ ကျောက်မီးသွေးတစ်တန်ဈေးနှုန်း၊ ကျောက်မီးသွေး သိုလှောင်မည့် စနစ်၊ စက်ရုံဧရိယာ၌ ကျောက်မီးသွေး သိုလှောင်နိုင်မည့် ပမာဏ၊ ကျောက်မီးသွေးအား ရေဖြင့်သန့်စင်မည့်စနစ်၊ သဘာဝအလျောက် မီးလောင်မှုအား ကာကွယ်မှုစနစ်၊ ကျောက်မီးသွေးများသယ်ပို့မှုနှင့် ကိုင်တွယ်တင်ချမှုပုံစံ (Coal Transport Conveyor Line and Handling System) တို့ကိုလည်းကောင်း၊


 ပြည်တွင်းထွက် ကျောက်မီးသွေးအား အသုံးပြုမည်ဆိုပါက မိုင်းတည်နေရာ၊ မိုင်းဧရိယာ၊ အတည်ပြုထားသော ထုတ်ယူရရှိနိုင်မည့်ပမာဏ/ကာလ(သက်တမ်း)၊ ကျောက်မီးသွေး တူးဖော်သည့်နည်းစနစ်၊ ကျောက်မီးသွေးမိုင်းနှင့် စက်ရုံအကွာအဝေး၊ သယ်ယူပို့ဆောင်မည့် နည်းစနစ်၊ မိုင်းပိုင်ဆိုင်မှုနှင့် လုပ်ကိုင်ခွင့်ရရှိထားသည့် ခွင့်ပြုမိန့်အထောက်အထား အပြည့်အစုံ၊ မိုင်းပိုင်ဆိုင်မှုမရှိလျှင် ဝယ်ယူမည့်ပုံစံ၊ ကျောက်မီးသွေး ရောင်းချမည့်မိုင်းနှင့် ကနဦး သဘောတူညီချက်/စာချုပ်တို့ကိုလည်းကောင်း၊


ကျောက်မီးသွေး အရည်အသွေးနှင့် ပတ်သက်၍ Wet Basis – Moisture (%)၊ Volatile Matter (%)၊ Ash (%)၊ Fixed Carbon (%) နှင့် Dry Basis – Volatile Matter (%)၊ Ash (%)၊ Fixed Carbon (%)၊ Calorific Value (Btu/lb)၊ Sulphur (%) Sp:Gr : (%) တို့ကိုလည်းကောင်း၊


ရေရယူအသုံးပြုမည့် အစီအစဉ်နှင့် ပတ်သက်၍ ရေရယူမည့် ချောင်း/ မြစ်/ ပင်လယ်အမည်၊ ရေသုံးစွဲမည့် ပမာဏ၊ စက်ရုံသုံးရေသုံးစွဲမည့် အစီအစဉ်တို့ကိုလည်းကောင်း အသေးစိတ်လေ့လာရန် လိုအပ်ပါကြောင်း။


ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍လည်း အောက်ဖော်ပြပါ အဓိကအချက်အလက်များကို လေ့လာစိစစ်ရမည်ဖြစ်ပါကြောင်း၊ ယင်းအချက်များမှာ - 


(က) ဘွိုင်လာနှင့်ပတ်သက်၍ ဘွိုင်လာနည်းပညာ၊ ထုတ်လုပ်သည့်ကုမ္ပဏီနှင့် နိုင်ငံ၊ ဘွိုင်လာအမျိုးအစား၊ ဘွိုင်လာအရေအတွက်၊ Burner System၊ Furnace Temperature & Pressure၊ Steam Temperature၊ Steam Flow၊ Steam Pressure၊ Re-heater စနစ်၊ Boiler Water Consumption၊ Circulating Cooling Water၊ Feed Water Temperature၊ Boiler၊ Efficiency၊ အမှုန့်ကြိတ်ခွဲမည့်စနစ်၊ ကျောက်မီးသွေးတစ်တန်တွင် ထွက်ရှိမည့်ဓာတ်အား၊ ဓာတ်အားတစ်ယူနစ်အတွက် သုံးစွဲမည့် ကျောက်မီးသွေးပမာဏ၊ တစ်ရက်လျှင်သုံးစွဲမည့် ကျောက်မီးသွေးပမာဏ၊ တစ်ရက်လျှင် ထွက်ရှိနိုင်မည့် ပြာပမာဏ၊ တစ်ရက်လျှင် ထွက်ရှိနိုင်မည့် ချော်ပမာဏတို့ကိုလည်းကောင်း၊


(ခ) ရေနွေးငွေ့တာဘိုင်နှင့် ပတ်သက်၍ ထုတ်လုပ်သည့်ကုမ္ပဏီနှင့်နိုင်ငံ၊ ရေနွေးငွေ့ တာဘိုင်အမျိုးအစား၊ တာဘိုင်အရေအတွက်၊ တာဘိုင် Heat Rate၊ Inlet Steam Temperature & Pressure၊ Inlet Steam Flow၊ Exhaust Pressure၊ Extracted Steam၊ Rated Output၊ Rated Speed တို့ကိုလည်းကောင်း၊


(ဂ) ဂျင်နရေတာနှင့် ပတ်သက်၍ အမျိုးအစား၊ ထုတ်လုပ်သည့်ကုမ္ပဏီနှင့်နိုင်ငံ၊ ဂျင်နရေတာ အရေအတွက်၊ Rated Output၊ Rated Speed၊ Rated Output Voltage၊ Rated Current၊ Efficiency၊ Power Factor၊ Step-up Transformer၊ Sub-station၊ Station Consumption Power တို့ကိုလည်းကောင်း စိစစ်ရမည် ဖြစ်ပါကြောင်း။


သဘာဝပတ်ဝန်းကျင်အား သက်ရောက်နိုင်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများအတိုင်း စိစစ်ဆောင်ရွက်သွားရန် လိုအပ်သည့်အပြင်၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းအောင် စီမံထားရှိမှုနှင့် ပတ်သက်၍လည်း အောက်ဖော်ပြပါအချက်အလက်များအား ကနဦးအနေဖြင့် လေ့လာစိစစ်ရန်လိုအပ်ပါကြောင်း-


(က) ပြာဖမ်းယူမည့် စနစ်၊ ပြာသိုလှောင်မှု၊ ထုတ်ပိုးဖြန့်ဖြူးမှု အစီအမံတို့ကိုလည်းကောင်း၊


(ခ) Sox Reduction System နှင့် Nox Reduction System တို့အတွက် အသုံးပြုမည့် Raw Materials၊ Waste၊ Waste Treatment System နှင့် ထုတ်လုပ်သည့်နိုင်ငံတို့ကိုလည်းကောင်း၊


(ဂ) CO2 Reduction Planning ၊ Waste Treatment System ၊ Fly Ash Handling System၊ Bottom Ash Handling Plan၊ Coal Handling System၊ De-sulphur Waste Handling System၊ Bottom Ash များအား ပြန်လည်အသုံးချမည့်နည်းလမ်း၊ Fly Ash များအား ပြန်လည်အသုံးချမည့် နည်းလမ်းတို့ကိုလည်းကောင်း၊ 


(ဃ) Real Time Monitoring System ထားရှိမှုကိုလည်းကောင်း စိစစ်ရမည်ဖြစ်ပါကြောင်း။


ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်သော ဓာတ်အားပမာဏမဂ္ဂါဝပ် အများအပြားကို ဓာတ်အား စနစ်သို့ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရန်အတွက် လိုအပ်သော မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ နှင့် ပတ်သက်၍လည်း အောက်ဖော်ပြပါ အဓိကအချက်အလက်များကို လေ့လာစိစစ်ရမည် ဖြစ်ပါကြောင်း-


(က) မဟာဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဓာတ်အားလိုင်း အရှည်၊ Circuit အရေအတွက်၊ Bundle အရေအတွက်၊ ဓာတ်အားလိုင်းကြိုး အရွယ်အစား၊ လိုင်းအူကြောင်း အတွက် Pre-survey Report၊ လိုင်းတစ်လျှောက် သီးနှံလျော်ကြေးကုန်ကျစရိတ်တို့ကို လည်းကောင်း၊


(ခ) ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဓာတ်အားခွဲရုံ မြေနေရာ အကျယ်အဝန်း၊ Capacity (Voltage Ratio, MVA)၊ Location Map၊ Single Line Diagram၊ Compensation Facilities(Shunt Reactor, Shunt Capacitor, etc ; )၊ Layout Plan၊ Extension ပြုလုပ်ရမည်ဆိုပါက Switch Bay အရေအတွက်တို့ကိုလည်းကောင်း စိစစ်ရမည် ဖြစ်ပါကြောင်း။


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်းနှင့် မြန်မာနိုင်ငံအတွင်း အခြားသင့်လျော်သည့် နေရာများတွင် Clean Coal Technology အသုံးပြု၍ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများအား နိုင်ငံတော်၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် အထက်တွင်တင်ပြခဲ့သော ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားခဲ့သည်။


MDN