ကလိန်အောင်မြို့ ဇင်းဘာကျေးရွာအနီး၌ သစ်တန်ချိန် ၃၀ ခန့်  ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ကလိန်အောင်  ၁၉   ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ဇင်းဘာကျေးရွာ မြောက်ဘက် ၄ ဖာလုံခန့် အကွာ၌ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီက တရားမဝင် စုပုံထားရှိသည့် သစ်တန်ချိန် ၃၀ ခန့် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဖေချစ်နှင့် ကလိန်အောင်မြို့ သစ်တောဘိနယ်တာဝန်ခံ တောအုပ် ဦးခင်စိန်၊ ကလိန်အောင်မြို့ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဖြိုးနိုင်နှင့်အဖွဲ့၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများနှင့် ဇင်းဘာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းပါ ပူးပေါင်းအဖွဲ့တို့သည် သတင်းအရ ဝင်ရောက်ရှာဖွေရာ ကလိန်အောင်မြို့ ဇင်းဘာရွာ မြောက်ဘက် ၄ ဖာလုံခန့်အကွာ၌တရားမဝင်စုပုံထားရှိသည့် ကဒွစ်/ ကညင်သစ် (၁၉၇)တုံး၊ တန်ချိန် (၃၀)ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သိမ်းဆည်းရမိသည့် သစ်များအား တိုင်းတာတွက်လျက်ရှိပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုးမိုးခိုင် (ကလိန်အောင်)