ကလပ်သွင်းဂိုး ၆၅၀ ပြည့်သွားပြီဖြစ်တဲ့ စီရိုနယ်လ်ဒို

၉ ဒီဇင်ဘာ

 

 

ဒီနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့  ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဧည့်သည် ဂျူဗင်တပ် အသင်းက   ဘာစီလိုနာအသင်းကို သုံးဂိုးပြတ် အနိုင်ကစားပြီး   ၁၆သင်း ရှုံးထွက် အဆင့်ကို အုပ်စု ပထမနဲ့  တက်ရောက်နိုင်ခဲ့ပါတယ်။

 

 

ဒီပွဲဟာ အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲအပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ စီရိုနယ်လ်ဒိုတို့  ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်တိုက် ပြန်လည်တွေ့ဆုံတဲ့ ပွဲလည်း ဖြစ်တာကြောင့် သူတို့နှစ်ဦး ကွင်းထဲမှာ ဘာတွေ လုပ်ပြမလဲဆိုတာက ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ တကယ်တမ်း ကစားချိန်မှာတော့ မက်ဆီဟာ  ဂျူဗီဂိုးသမား ဘူဖွန်ရဲ့ လက်စွမ်းပြမှုကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး အိမ်ကွင်း နျူးကမ့်မှာပဲ ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

 

 

စီရိုနယ်လ်ဒိုကတော့ ပင်နယ်တီကနေ သွင်းဂိုးနှစ်ဂိုးသွင်းအပြင် ပွဲစဉ်တစ်လျောက် ပြိုင်ဘက်နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပြီး   နျူးကမ့်ကွင်းမှာ သူ ဘယ်လို ကစားသမားလည်း ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ဒီလို သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် စီရိုနယ်လ်ဒိုဟာ မက်ဆီရှိနေတဲ့  ပြိုင်ဘက်အသင်းဘက်ကို ပထမဆုံးအကြိမ် ချန်ပီယံလိဂ်သွင်းဂိုး သွင်းယူနိုင်ခြင်းလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် စီရိုနယ်လ်ဒိုဟာ စပို့တင်းလစ္စဘွန်း၊  မန်ယူ၊ ရီးယဲလ်နဲ့ ဂျူဗင်တပ် အသင်းတွေအတွက် ကလပ်အသင်း သွင်းဂိုး ၆၅၀ ပြည့်သွင်းဂိုး မှတ်တမ်း တစ်ရပ်ကိုလည်း အခုပွဲမှာပဲ ရရှိခဲ့ပါတယ်။ 

 

 

မေလဲ့သင်း