ကမ္ဘာ့အော်တစ်ဇင်နေ့အထိမ်းအမှတ် အသိပညာပေးဆောင်းပါး

ဆက်လက်ဝဲ (MDevS)

နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူများအားလုံး    တန်းတူညီမျှ အပြည့်အဝရရှိစေရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က   အသိအမှတ်ပြုနိုင်ရန်အတွက်   မသန်စွမ်း သူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)၊ နည်းဥပဒေ များ   (၂၀၁၇)  တို့နှင့်အညီ   နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးလျက်ရှိပါသည်။

မသန်စွမ်းသူများအနက် ဉာဏ်ရည်မသန်စွမ်းသူ အော်တစ်ဇင်များ၏ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို အများနည်းတူအပြည့်အဝ ရရှိစေရေးအတွက် ထပ်လောင်းအတည်ပြုပေးခြင်း၊ မြှင့်တင်ပေးခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၀၇  ခုနှစ်   ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ဧပြီလ ၂ ရက်နေ့ကို ကမ္ဘာ့အော်တစ်ဇင်နေ့အဖြစ် သတ်မှတ်ပေးခဲ့ရာ ၂၀၂၄ ခုနှစ် ဧပြီလတွင်  ၁၇ နှစ် ပြည့်မြောက်မည်ဖြစ်ပါသည်။ ယခုနှစ် ကုလသမဂ္ဂ၏ ဆောင်ပုဒ်မှာ “Moving from Surviving to Thriving: Autistic individuals share regional perspectives” ဖြစ်ပါသည်။

 

အော်တစ်ဇင်ဆိုတာဘာလဲ

 

ဂရိဘာသာဖြင့် aftismÓs မှ ဆင်းသက်လာပြီး အထီးကျန်သူ၊ တစ်ဦးတည်းနေတတ်သူ၊ ကိုယ့်ကိုယ် ကိုယ်သာ အာရုံစိုက်တတ်သူဟု အဓိပ္ပာယ်ရကြောင်း၊ ဆေးပညာဆိုင်ရာ  အခေါ်အဝေါ်အပြည့်အစုံမှာ  Autism Spectrum Disorder ဖြစ်ကြောင်း လေ့လာ သိရှိနိုင်ပါသည်။ ဦးနှောက်နှင့် အာရုံကြောအစိတ် အပိုင်းများ ဟန်ချက်ညီ မဖွံ့ဖြိုးခြင်းကြောင့် စွမ်းဆောင်ရည်အချို့  ချို့ယွင်းကာ ဉာဏ်ရည်မသန်စွမ်းမှုကို ဖြစ်ပေါ်စေပါသည်။  စိတ်ရောဂါ၊ ကူးစက် ရောဂါမဟုတ်ဘဲ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ၊  နေရာဒေသ၊ ကျား၊ မမရွေးခံစားရနိုင်ပါသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ဖော်ပြချက် အရ ကလေး ၁၀၀ တွင် တစ်ဦးနှုန်းသည် အော်တစ်ဇင်ဖြစ်ကြောင်း၊  ကမ္ဘာ့လူဦးရေ၏ တစ်ရာခိုင်နှုန်း၊ ၇၅ သန်းခန့်သည် အော်တစ်ဇင်များ ဖြစ်ကြောင်း၊ အော်တစ်ဇင်ဖြစ်မှုနှုန်း နှစ်စဉ်တိုးပွား လာနေကြောင်း၊ အမျိုးသားများသည် အမျိုးသမီးများထက် ဖြစ်နိုင်ခြေပိုများကြောင်း၊ အော်တစ်ဇင် ဖြစ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ မျိုးဗီဇရှိခြင်းတို့နှင့်လည်း  သက်ဆိုင်ကြောင်း  လေ့လာသိရှိရပါသည်။  သို့ရာတွင်  အော်တစ်ဇင် ဖြစ်ရခြင်းအခြားအကြောင်းရင်းများကို ပညာရှင် များက လေ့လာရှာဖွေဆဲဖြစ်ပါသည်။

အော်တစ်ဇင်ကလေးများ၏ စိတ်ခံစားမှု၊ အပြု အမူ၊ အပြောအဆို၊ ပေါင်းသင်းဆက်ဆံရေးစသည် တို့သည် ပုံမှန်မဟုတ်ပါ။ ယင်းအခြေအနေကို သာမန်ဆေးထိုး၊ ဆေးသောက်ဖြင့် ပျောက်ကင်းစေနိုင်ခြင်းမရှိပါ။ ဦးနှောက်၏အလုပ်လုပ်ပုံ မူမမှန်ခြင်းကြောင့် အာရုံစိုက်မှု၊  တုံ့ပြန်မှုများသည် ကစဉ့်ကလျား ဖြစ်နေလေ့ ရှိပါသည်။ အဓိကအားဖြင့် လူမှု ဆက်ဆံရေးအားနည်းခြင်း၊ စကားပြောနောက်ကျခြင်း၊  နှေးခြင်း၊  အပြုအမူတစ်ခုကို ထပ်ကာထပ်ကာ ပြုလုပ်ခြင်းများကို  တွေ့ရသော်လည်း  တစ်ဦးနှင့်တစ်ဦး  ကွာခြားမှုရှိပါသည်။  အချို့သည် အမှီအခို မလိုဘဲ ရပ်တည်နေထိုင်နိုင်ပြီး အချို့မှာမူ အခြားသူ တစ်ဦးဦးအပေါ် လုံးဝမှီခို၍ ရပ်တည်နေထိုင်ကြရပါသည်။

မြန်မာနိုင်ငံတွင် အော်တစ်ဇင်နေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို ၂၀၁၁ ခုနှစ်မှစတင်ပြီး အော်တစ်ဇင် ကလေးများ၏ မိဘများက ဦးဆောင်၍ကျင်းပခဲ့ပါသည်။ အော်တစ်ဇင်များကို ပြုစုပျိုးထောင်ခြင်း၊ စောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အသိပညာများကို ပြည်သူလူထုအတွင်း ပိုမိုသိရှိ နားလည်စေရန်၊ ဥပဒေပါ အခွင့်အရေးများရရှိမှုနှင့် ရပ်ရွာအခြေပြု ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အထူးလိုအပ်ချက်ရှိသော အော်တစ်ဇင်များပါဝင်မှု  ပိုမိုသေချာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ယခုနှစ် တွင်လည်း  အထိမ်းအမှတ်လှုပ်ရှားမှုများ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

အော်တစ်ဇင်၏ လက္ခဏာများ

 

အော်တစ်ဇင်လက္ခဏာများကို အသက်နှစ်နှစ်၊ သုံးနှစ်အရွယ်ရောက်မှသာ သိသာထင်ရှားစွာ တွေ့မြင်နိုင်သော်လည်း သတိထားစောင့်ကြည့်ပါက လသားအရွယ်ကပင် စောစီးစွာသိရှိနိုင်ပါသည်။  ဥပမာ အသက် သုံးလခန့်ရှိသော ကလေးငယ်ကို ချော့မြှူရာတွင် တုံ့ပြန်မှုမရှိခြင်း၊ အသံထွက်သော၊ လှုပ်ရှားနေသော အရာဝတ္ထုကို မျက်စိရှေ့ပြသရာ လိုက်မကြည့်ခြင်း၊  ခုနစ်လသားအရွယ်တွင်  အသံထွက်၍  မရယ်ခြင်း၊ ဗူးမမှုတ်ခြင်း၊ တစ်နှစ်သားခန့်တွင် အဖေ၊  အမေကို  မခေါ်တတ်ခြင်းစသည့် အခြေအနေများကို လေ့လာ၍ သိနိုင်ပါသည်။ အသက်တစ်နှစ်ကျော်ပြီးနောက်ပိုင်း မိမိကလေး၏ တတ်ကျွမ်းပြီး ကျွမ်းကျင်မှုများ လျော့နည်းသွားလျှင် သို့မဟုတ် ပျောက်ဆုံးသွားလျှင် ကလေးအထူးကု ဆရာဝန် သို့မဟုတ် အော်တစ်ဇင် ကုထုံးပညာရှင် တစ်ဦးဦးနှင့်ပြသကာ  စစ်ဆေးသင့်ပါသည်။ ဓာတ်မှန်ရိုက်၍လည်းကောင်း၊ ဓာတ်ခွဲစမ်းသပ်၍ လည်းကောင်း အော်တစ်ဇင် ဖြစ်၊ မဖြစ် မသိနိုင်ပါ။ ကလေးအထူးကုဆရာဝန်၊ အော်တစ်ဇင်ကုထုံး ပညာရှင်၊ စိတ်ရောဂါဆရာဝန်တို့ပါဝင်သည့် အော်တစ်ဇင်ဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ဖြင့်သာ စစ်ဆေး၍ အတည်ပြု နိုင်ပါသည်။ ရှေးဦးအရွယ် ကလေးသူငယ်များ  ဖွံ့ဖြိုးရေးအခြေအနေကို တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို  ကျန်းမာရေးဝန်ကြီးဌာနသို့ နည်းဥပဒေ (၂၀၁၇) အရ တာဝန်အပ်နှင်းထားပြီး ဖြစ်၍ သက်ဆိုင်ရာနိုင်ငံပိုင်ဆေးရုံကြီးများတွင် သွားရောက်စစ်ဆေးခံနိုင်ပါသည်။

 

မြန်မာအော်တစ်ဇင် လူဦးရေ

 

မြန်မာနိုင်ငံ၏ အော်တစ်ဇင်ဖြစ်ပွားမှုကို ၂၀၁၄ ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းပါ နှစ်စဉ်လူဦးရေတိုးနှုန်းအပေါ် အခြေခံတွက်ချက်ပါက  တစ်နှစ်လျှင် ၄၅၇၀  ခန့် ရှိနိုင်ကြောင်း၊ အာဆီယံနိုင်ငံများ၏ လူဦးရေ ၆၂၅ သန်း ခန့်တွင် အော်တစ်ဇင်ဦးရေ ခြောက်သန်းခန့် ရှိကြောင်းသိရပါသည်။ မြန်မာနိုင်ငံ၏ အော်တစ်ဇင်အပါအဝင်  မသန်စွမ်းသူအမျိုးအစား၊  မသန်စွမ်းမှု အခြေအနေနှင့် လူဦးရေ စာရင်းကို သိရှိနိုင်ရေးအတွက် မသန်စွမ်းသူများ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်က ဆောင်ရွက်လျက် ရှိပါသည်။  သို့မှသာ မသန်စွမ်းမှုအမျိုးအစားအလိုက် လိုအပ်သောကျန်းမာရေးနှင့် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ပညာရေး၊ အလုပ်အကိုင်နှင့် ကဏ္ဍအသီးသီးကို အားလုံးအကျုံးဝင်လက်လှမ်းမီနိုင်ရေး စီစဉ်ပေးနိုင်မည်ဖြစ်ပါသည်။ အော်တစ်ဇင်များ ကိုယ့်အားကိုယ်ကိုးရပ်တည်နိုင်ရန်၊  ရပ်ရွာအသိုင်း အဝိုင်းတွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ လူမှုရေးကူညီမှုများရရှိနိုင်ရန်၊ ဥပဒေအရာတွင် တရားမျှတမှုရရှိနိုင်ရန် စသည့်လိုအပ်ချက်များကိုလည်း ပိုမို၍ထည့်သွင်း အကောင်အထည်ဖော်ပေးနိုင်မည် ဖြစ်ပါသည်။  အော်တစ်ဇင် လူဦးရေ  တိုးပွားလာခြင်းနှင့်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အကြား ဆက်စပ်မှုကို သုံးသပ်ဖော်ထုတ်နိုင်ရေး  တိကျသည့် ကိန်းဂဏန်း အချက်အလက်များရရှိရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပိုမိုအလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ပြည်သူများအနေဖြင့်လည်း  ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 

ပြုစုစောင့်ရှောက်ခြင်း

 

အော်တစ်ဇင်ဝေဒနာကို လူမှုပတ်ဝန်းကျင်နှင့် လုံးဝဆက်သွယ်ပြောဆိုခြင်းမရှိသော ပြင်းထန်အဆင့်၊ အများနှင့်မတူဘဲ ထူးခြားစွာတုံ့ပြန်တတ်သော မပြင်းထန်အဆင့်ဟူ၍ အစွန်းနှစ်ဖက်ရှိသော်လည်း အများစုသည် အလယ်အလတ်အဆင့်ဖြစ်ကြပါသည်။ အခြားသူအပေါ် ရာနှုန်းပြည့်မှီခိုရခြင်း၊ တစ်စိတ်တစ်ပိုင်းမှီခိုရခြင်းနှင့် အနည်းငယ်မှီခိုရခြင်း စသည်တို့ကိုအခြေခံပြီး ဉာဏ်ရည်မသန်စွမ်းမှု အခြေအနေကို ခွဲခြားလေ့ရှိပါသည်။ သို့ရာတွင် စနစ်တကျအချိန်ယူ၍  ဆောလျင်စွာ လေ့ကျင့်သင်ကြား ပေးပါက  အော်တစ်ဇင်ဉာဏ်ရည် မသန်စွမ်းကလေးများ၏  မသန်စွမ်းမှုအဆင့်ကို  လျှော့ချနိုင်ပါသည်။  မိဘအုပ်ထိန်းသူများက စိတ်ရှည်သည်းခံ၍ သင်ပြပေးခြင်း၊ အထူးသင်ကြား ရေးကျောင်းများသို့အပ်နှံပြီး  သင်ကြားစေခြင်း နည်းလမ်းများဖြင့် ပြုစုပျိုးထောင်ပေးနိုင်ပါသည်။

အထူးသင်ကြားရေးကျောင်းများသို့ အပ်နှံသင်ကြားရန်  အကြံပြုရခြင်းသည် အော်တစ်ဇင်များကို ခွဲခြားဆက်ဆံခြင်းမဟုတ်ပါ။ နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းကလေးသူငယ်များကို ခွဲခြားဆက်ဆံခံရခြင်း မရှိစေရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအပြင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေ (၂၀၁၉)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက်ပေးလျက်ရှိပါသည်။ အော်တစ်ဇင်ကလေးများသည် စကားထစ်ခြင်း၊ အကြောင်းအရာတစ်ခုကို  ထပ်တလဲလဲပြောခြင်း၊ အကျိုးအကြောင်းဆီလျော်မှုမရှိဘဲ ပြောဆိုတတ်ခြင်း၊ သမားရိုးကျသင်ကြားမှုကို တုံ့ပြန်မှုအားနည်းခြင်း၊  နားလည်ရန်  မလွယ်ကူခြင်း၊ အကြောင်းမဲ့ မကြာခဏရယ်တတ်ခြင်း၊ ငိုတတ်ခြင်း၊ မိမိပြောလို သည်ကို  ဆရာများ၊ အတန်းဖော်များ နားလည် အောင် မပြောတတ်၊ ရှင်းမပြတတ်ခြင်း၊ ဆရာများနှင့် မျက်လုံးချင်းဆုံအောင် မကြည့်တတ်ခြင်း၊ ခန္ဓာကိုယ်လှု ပ်ရှားမှုများကို လိုက်မလုပ်တတ်ခြင်း၊ အခြားအတန်းဖော်များနှင့်  ဆော့ကစားမှု၊ ပေါင်းသင်းဆက်ဆံမှု မလုပ်နိုင်ခြင်း၊ ဆူညံသံများ၊ မျက်စိရှုပ်မှုများ တွေ့ကြုံရပါက စိတ်အနှောင့် အယှက်ဖြစ်ခြင်း၊ စွဲလမ်းစိတ်ရှိ၍ အခြားအတန်းဖော်များနှင့် ပစ္စည်း၊ ကစားစရာများလုခြင်း၊ စိတ်ဝင်စားသည့် အရာတစ်ခုကိုသာ  အာရုံစူးစိုက်တတ်ခြင်းတို့ကြောင့် သင်ကြားမှုတွင် အခက်အခဲရှိနိုင်၍ အကြံပြုရခြင်းဖြစ်ပါသည်။

 

အထူးကျောင်းများ

 

လူမှုဝန်ထမ်းဦးစီးဌာနတွင် မသန်စွမ်းမှုအမျိုး အစားများအလိုက် သင်ကြားနိုင်သည့် ကျောင်းများနှင့်  မသန်စွမ်းကလေးများ  ပြုစုစောင့်ရှောက်ရေး ဂေဟာတစ်ခု ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ ပုဂ္ဂလိက မသန်စွမ်းဂေဟာ ၁၂ ခုကိုလည်း နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးလျက်ရှိပါသည်။ အခြားသူသို့ တစ်စိတ်တစ်ပိုင်းနှင့် အနည်းငယ်သာ မှီခိုရသည့်(Mild အဆင့်) အော်တစ်ဇင်ကလေးများကို အစိုးရနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ အခြေခံပညာကျောင်းများတွင် လက်ခံသင်ကြားပေး လျက်ရှိပါသည်။ ရန်ကုန်နှင့် အခြားမြို့ကြီးအချို့ရှိ အော်တစ်ဇင်ကလေးများအတွက် အထူးသင်ကြား ရေးကျောင်းများတွင်လည်း တက်ရောက်နိုင်ပါသည်။

ယင်းကျောင်းများတွင် Therapists for Speech, Language, Occupational and Behavior Therapists စသည့်ဘာသာရပ်အလိုက် ကျွမ်းကျင် သူများဖြင့် ကလေးများ၏သင်ယူနိုင်မှု ပိုမိုအဆင် ပြေစေရန်နှင့် ဉာဏ်ရည် မသန်စွမ်းမှု လျော့ပါးသင်ကြားပေးနေကြောင်း၊ ကျွမ်းကျင်နားလည်သော အထူးကုဆရာဝန်များဖြင့် စစ်ဆေး၍ လိုအပ်သော လေ့ကျင့်ပြုစုမှုများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း လေ့လာသိရှိနိုင်ပါသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီသည် အော်တစ်ဇင်ကလေးများ အပါအဝင် မသန်စွမ်းသူများကို ပြုစုပျိုးထောင်ရေး ဆိုင်ရာ လက်တွေ့နည်းပညာများနှင့် သင်ထောက် ကူပစ္စည်းများရရှိရေး၊ အရွယ်ရောက်သောမသန်စွမ်း သူများအတွက် Vocational Training Centerများတွင် သင်ကြားနိုင်ရေး၊ သင်ကြားပေးမည့် နည်းပြဆရာများကို မွေးထုတ်နိုင်ရေးတို့အတွက် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို ရေးဆွဲကာ မျှော်မှန်းရလဒ်များ သတ်မှတ်ပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအား ဆောင်ရွက်စေ လျက်ရှိပါသည်။ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကိုလည်း ဆက်လက်အကောင်အထည် ဖော်လျက်ရှိရာ မသန်စွမ်းအမျိုးအစားအလိုက် လူဦးရေ၊ အသက်အပိုင်းအခြား၊ နေထိုင်ရာဒေသ အလိုက် တိကျသည့်ကိန်းဂဏန်းများရရှိပါက ပြုစု ပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လိုအပ်ချက်များကို အားလုံးလက်လှမ်းမီရရှိအောင် ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။

 

အော်တစ်ဇင်အသင်းအဖွဲ့များ

 

၂၀၁၅ ခုနှစ် မသန်စွမ်းသူများ အခွင့်အရေး ဥပဒေအရ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ်တွင် ဉာဏ်ရည်မသန်စွမ်းသူများ၏ မိဘများပါဝင်ပြီး မိတ်ဖက်မသန်စွမ်းသူအသင်း အဖွဲ့များနှင့်လက်တွဲကာ မသန်စွမ်းသူများ၏ အခွင့်အရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထည့်သွင်းဖော်ဆောင်နေပါသည်။ အသင်းချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ အမျိုးသား ကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများဖြင့် မသန်စွမ်းသူများ အသင်းအဖွဲ့များ၏ ဦးဆောင်အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံ မသန်စွမ်းသူများဖိုရမ် (ASEAN Disability Forum) ၏ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ကို ရွေးကောက်စေလွှတ်၍ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ASEAN Autism Workshop and Congress အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံအထွေထွေအတွင်း ရေးမှူးရုံးနှင့် အာဆီယံနိုင်ငံများမှ အော်တစ်ဇင် အသင်းများပူးပေါင်း၍ ကျင်းပခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် အော်တစ်ဇင်ဆိုင်ရာ အာဆီယံမူဝါဒများ ချမှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ဉာဏ်ရည် မမီသူများ၏မိဘများ စုပေါင်းဖွဲ့စည်းထားသော (Family Support Network) အသင်းမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြောင်း၊ အာဆီယံ အော်တစ်ဇင်ကွန်ရက် (ASEAN Autism Network- AAN)ကို အာဆီယံနိုင်ငံများမှသုံးဦးစီဖြင့် ရွေးချယ်၍ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာအော်တစ်ဇင်အသင်းမှ ကိုယ်စား လှယ်များပါဝင်ကြောင်း လေ့လာသိရှိရပါသည်။

 

ထင်ရှားသည့်အော်တစ်ဇင်များ

 

အော်တစ်ဇင်ကလေးအချို့သည် သာမန်ကလေးများထက် ဉာဏ်ရည်ထက်မြက်သည့် အထောက်အထားများ ရှိပါသည်။ နယ်ပယ်အသီးသီး က ထင်ရှားသောပုဂ္ဂိုလ်များဖြစ်သည့် Albert Einstein (သိပ္ပံနှင့်သင်္ချာ)၊ Anthony Hopkins (သရုပ်ဆောင်)၊ Bobby Fischer (စစ်တုရင်ချန်ပီယံ)၊ Bill Gates (Microsoft ထူထောင်သူ)၊ Sir Isaac Newton (သိပ္ပံ၊ သင်္ချာနှင့် နက္ခတ္တဗေဒ)၊ Elon Musk (စွန့်ဦးတီထွင်သူ)စသည်တို့သည် အော်တစ်ဇင်များ ဖြစ်ကြပါသည်။ သို့ဖြစ်၍ အော်တစ်ဇင်ကလေးများ ကို မိမိပတ်ဝန်းကျင်တွင် တွေ့ရှိပါက ပစ်ပယ်ထားခြင်း၊ ခွဲခြားဆက်ဆံခြင်းမပြုဘဲ ဖေးမကူညီခြင်း၊ ပံ့ပိုးပေးခြင်း၊ နွေးထွေးစွာဆက်ဆံခြင်း၊ မှန်ကန်သောအပြုအမူ၊ အလေ့အထများဖြင့် နေထိုင်တတ်ရန် သင်ကြားပြသပေးခြင်းဖြင့် ဉာဏ်ရည်မသန် စွမ်းသူအော်တစ်ဇင် ကလေးများသည် အများနည်းတူ နေထိုင်ပြုမူနိုင်ပြီး အနာဂတ်၏လူသား အရင်းအမြစ်များ အဖြစ် အားကိုး နိုင်မည်ဖြစ်ပါသည်။

သို့ပါ၍ ဉာဏ်ရည်မသန်စွမ်းသူ အော်တစ်ဇင်များ၏ဘဝ စဉ်ဆက်မပြတ်တိုးတက်စေရေး၊ အများနည်းတူ နေထိုင်ရပ်တည်နိုင်ရေးတို့အတွက် ကူညီစောင့်ရှောက်ကြပါ၊ အော်တစ်ဇင်များအတွက် တိုးတက်သည့် ဆေးပညာရပ်များကို အသုံးပြုနိုင်ရေး ဆေးသုတေသနလုပ်ငန်းများ ပိုမိုပြုလုပ်သွား ကြပါ၊ အော်တစ်ဇင်များ၏ စွမ်းဆောင်နိုင်မှုများကို ချီးမြှင့်အသိအမှတ်ပြုကြပါ၊ ယခင်က အော်တစ်ဇင်တစ်ဦးချင်း အသက် ရှင်သန်နိုင်ရေးအတွက် ရုန်းကန်ရသည့်အခြေအနေမှ တိုးတက်ကြီးပွားသည့် အခြေအနေသို့ မြှင့်တင်ပေးနိုင်ရေး ဉာဏ်ရည် မသန်စွမ်းသူအော်တစ်ဇင်များ၏ မိဘများမှသည် အစိုးရမဟုတ်သည့်အသင်းအဖွဲ့များ၊ ပြည်သူများ အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့်အတူ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။