ကမ္ဘာ့အလယ်တင့်တယ်နိုင်ဖို့

၉  မေ

 

မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရာတွင် အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်တွင် ပါဝင်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး ပြုပြင်ပြောင်းလဲမှုတွင် လိုက်ပါဆောင်ရွက်နိုင်မှ အောင်မြင်မည်ဖြစ်ကြောင်း၊ CSO များ၊ NGO များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် မီဒီယာများကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရမည်ဖြစ်ကြောင်း နိင်ငံတော်သမ္မတ ဦးဝင်းမြင့်က မေ ၃ ရက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ၌ လမ်းညွှန်မှာကြားရာတွင် ထည့်သွင်းပြော ကြားခဲ့သည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်ကြရမည့် ပြုပြင်ပြောင်းလဲမှုတွင် အားလုံးက အသိစိတ်ဓာတ်ရှိရှိဖြင့် လိုက်ပါဆောင်ရွက်ရေးအတွက် တွေ့ဆုံပွဲတိုင်းတွင် နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားမြဲဖြစ်သည်ကို သတိမူမိကြမည် ဖြစ်သည်။ စင်စစ်အားဖြင့်လည်း ပစ္စက္ခကာလသည် မိမိတို့နိုင်ငံသူ နိုင်ငံသားအားလုံး နေမြဲစိတ်ဓာတ်မျိုး၊ နေမြဲလုပ်ရပ်မျိုးတို့ဖြင့် နေမြဲအတိုင်း နေ၍မရသောကာလဖြစ်သည်။ ဒေသတွင်း ပတ်ဝန်းကျင်နိုင်ငံများနှင့် ယှဉ်လျှင်ပင် ဆယ်စုနှစ်များစွာ နောက်ကျကျန်ရစ်ခဲ့သည့် အခြေအနေ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်၊ အခက်အခဲ၊ အဟန့်အတား စိန်ခေါ်မှု များစွာကြားမှ ခက်ခက်ခဲခဲဆောင်ရွက်နေရသော အခြေအနေတို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်ကာလက ဗိုလ်ချုပ်အောင်ဆန်း၏ အမှာစကားများသည်လည်း အံဝင်ခွင်ကျဖြစ်နေဆဲ။

 

ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင်၊ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း လေး၊ ငါး၊ ဆယ်လှမ်းလှမ်းလိုက်နိုင်မှ၊ အဲဒီလိုလုပ်နိုင်တဲ့အခါကျမှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလိုတန်းတူ ညီတူဖြစ်သွားမယ်ဟူ၍ ဗိုလ်ချုပ်က မှာကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လုံ့လဝီရိယရှိရှိဖြင့် ပန်းတိုင်ရောက်သည်အထိ အားထုတ်လုပ်ကိုင်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ခြိုးခြံချွေတာရေး၊ စည်းလုံးညီညွတ်ရေး၊ စည်းကမ်းရှိရေး၊ အကျင့်ဆိုး အကျင့်ဟောင်းများကို ပြင်ကြရေးတို့ကိုပါ နားထဲစွဲစေသည်အထိ မှာကြားခဲ့သည်။

 

မိမိတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူအကျိုး သယ်ပိုးရေးထက် မိမိကိုယ်ကျိုးနှင့် မိမိမိသားစု ကြွယ်ဝရေးကိုသာ ဦးစားပေးနေသလား၊ ပြုပြင်ပြောင်းလဲရေးထက် လုပ်ရိုးလုပ်စဉ်အတိုင်းသာ ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသလား၊ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုတို့ကို မစွန့်လွှတ်နိုင်ဘဲ ယူမြဲပေးမြဲ စားမြဲအတိုင်း စားနေသလား စသည်ဖြင့် ဌာနတိုင်း၊ ဝန်ထမ်းတိုင်းက ဆန်းစစ်ပြုပြင်နေကြဖို့ လိုမည်ဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အစီရင်ခံစာအရမူ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုများ သိသိသာသာ ကျဆင်းသွားခြင်းမရှိသေး။ အကျင့်ဆိုး အကျင့်ဟောင်းတို့ကို သိသိသာသာ မပြင်နိုင်သေး။ စိတ်နေစိတ်ထား ခံယူချက်တို့ သိသိသာသာ ပြောင်းလဲမလာသေး။

 

ကျင့်ပျက်မှုများ ထူပြောသည်နှင့်အမျှ နိုင်ငံရုန်းထနိုင်ရန် ခက်လိမ့်မည်ဖြစ်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများရော ပြည်သူများကပါ အကျင့်ပျက်မှု၊ စည်းပျက်ကမ်းပျက်နိုင်မှုတို့ကို မိမိတို့၏ လူမှုအသိုက်အဝန်းမှ ရှင်းလင်းဖယ်ရှားကြရန် လိုအပ်မည်ဖြစ်သည်။ စိတ်၊ ဆန္ဒ၊ ဝီရိယ၊ ပညာခွန်အား ကောင်းစွာတို့ဖြင့် ပြုပြင်ပြောင်းလဲမှုတို့ကို မဖြစ်မနေ အကောင်အထည်ဖော်နိုင်ပါမှ နိုင်ငံရော လူမျိုးပါ ကမ္ဘာ့အလယ် တင့်တယ်နိုင်မည် ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း