ကမ္ဘာ့စနူကာပြိုင်ပွဲ တစ်ဦးချင်းပွဲစဉ်များ ပြီးဆုံးခဲ့ပြီး မြန်မာကစားသမား သက်မင်းလင်း ပူးတွဲတတိယဆုရရှိ

ရန်ကုန် ၂၁ စက်တင်ဘာ


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၉ ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ၏ 6 Red အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများ ပြီးဆုံးခဲ့ပြီး မြန်မာကစားသမား သက်မင်းလင်း ပူးတွဲတတိယဆု ရရှိခဲ့သည်။


ပြိုင်ပွဲအပြီးတွင် အမျိုးသားပြိုင်ပွဲ၌ အိန္ဒိယကစားသမား ရာဝပ်၊ အမျိုးသမီးပြိုင်ပွဲ၌ ထိုင်းကစားသမား နျူချာဝတ်တို့ ဗိုလ်စွဲခဲ့သည်။ မြန်မာ စနူကာကစားသမားများသည် အမျိုးသားပြိုင်ပွဲတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပေ။ မြန်မာစနူကာ ကစားသမားများအနက် သက်မင်းလင်းသည် ဆီမီးဖိုင်နယ်အထိ တက်ရောက်ကာ တတိယဆုရခဲ့ခြင်းဖြစ်သည်။  ပြိုင်ပွဲတစ်လျှောက် ပုံစံကောင်းပြသနေသည့် သက်မင်းလင်းသည် ကွာတားဖိုင်နယ်တွင် အိန္ဒိယကစားသမား ပွတ်ရှ်ပန်ဒါနှင့် တွေ့ဆုံခဲ့ပြီး ငါးပွဲ-သုံးပွဲဖြင့် အနိုင်ရခဲ့သည်။ သက်မင်းလင်းသည် ပထမပွဲငယ်တွင် အနိုင်ရသော်လည်း ပွဲငယ်သုံးပွဲဆက်တိုက် အရေးနိမ့်ခဲ့သောကြောင့် သုံးပွဲ-တစ်ပွဲ အရှုံးမှ လိုက်ကစားခဲ့ရသည်။ သို့သော် ကျန်ပွဲငယ်များတွင် အမှားမရှိသောကြောင့် ပွဲငယ်လေးပွဲဆက် ပြန်အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ 


ဆီမီးဖိုင်နယ်တွင်မူ ပါကစ္စတန်ကစားသမား မိုဟာမက်နှင့် တွေ့ဆုံခဲ့ပြီး ငါးပွဲ-လေးပွဲဖြင့် အရေးနိမ့်ခဲ့သည်။ နှစ်ဦးစလုံး ပုံစံကောင်းပြသနိုင်သောကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး လေးပွဲစီ သရေကျနေသောကြောင့် နောက်ဆုံး ကိုးပွဲမြောက်ပွဲငယ်အထိ အဆုံးအဖြတ်ခံယူခဲ့ရသည်။ သက်မင်းလင်းသည် နောက်ဆုံးပွဲငယ်အစတွင် အမှတ်အသာဖြင့် ဦးဆောင်နိုင်သော်လည်း ပွဲသိမ်းနိုင်ခြင်း မရှိသောကြောင့် ၃၆-၁၆ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ အမျိုးသားပြိုင်ပွဲအပြီးတွင် ရာဝပ် (အိန္ဒိယ) က ပထမ၊ မိုဟာမက်အာဆစ်ဖ် (ပါကစ္စတန်) က ဒုတိယ၊ သက်မင်းလင်း (မြန်မာ) နှင့် အက်ဗာနီ (အိန္ဒိယ)က ပူးတွဲတတိယဆုရရှိခဲ့သည်။


အသက် ၄၀ နှစ်အထက် မာစတာ အသင်းလိုက်ပြိုင်ပွဲ၊ အသင်းလိုက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများကို စက်တင်ဘာ ၂၂ ရက် မှ ၂၅ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။


သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-IBSF