ကမ္ဘာကြီးရဲ့ ကူညီမှုကို မျှော်လင့်နေတဲ့ သဘာဝကပ်ဘေးအဆုံးမသတ်သေးတဲ့ ပါကစ္စတန်

ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တွေအားလုံးနီးပါး ရေလွှမ်းမိုးနစ်မြုပ်ခဲ့ပြီး အရေးကြီးတဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေလည်း ပြတ်တောက်ကုန်ပါတယ်။ ရှိရင်းစွဲ ရေဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ ပါကစ္စတန်နိုင်ငံဟာ ဆောင်းရာသီ ဝင်ရောက်တော့မယ့်အချိန်မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဒုက္ခအကျပ်အတည်းတွေနဲ့လည်း ထပ်မံ ရင်ဆိုင်ရနိုင်တယ်လို့ အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့က သတိပေးလိုက်ပါတယ်။ 

မမျှော်မှန်းနိုင်တဲ့ သဘာဝဘေး

ဇွန်လလယ်လောက်ကတည်းက စပြီးအဆက်မပြတ်ရွာသွန်းခဲ့တဲ့မိုးဟာ ပါကစ္စတန်နိုင်ငံကိုကပ်ဘေးကြီးအသွင် ဖြစ်ပေါ်စေခဲ့ပါတယ်။ သြဂုတ်လမိုးရေချိန်ဟာ တစ်နှစ်ပျမ်းမျှမိုးရေချိန်ထက် သုံးဆနီးပါးရှိပါတယ်။ ပါကစ္စတန်နိုင်ငံတစ်ဝန်းရေကြီးမှုနဲ့ တခြားဆက်စပ်ဘေးအန္တရာယ်များကြောင့် စက်တင်ဘာ ၅ ရက်အထိ သေဆုံးသူအရေ အတွက်ဟာ ၁၃၀၀ ထက်မနည်းရှိခဲ့ပါတယ်။ အကြမ်းဖျင်းအားဖြင့် သေဆုံးသူ သုံးပုံတစ်ပုံလောက်ဟာ ကလေးတွေ ဖြစ်ကြပါတယ်။

ရေဘေးကြောင့် အိမ်ပေါင်း ၁ ဒသမ ၇ သန်းနီးပါး ပျက်စီးခဲ့ပါတယ်။ အဲဒီထဲက သုံးပုံတစ်ပုံဟာ အပြည့်အဝကို ပျက်စီးခဲ့တာဖြစ်ပါတယ်။ သြဂုတ် ၃၀ ရက်အထိ ပါကစ္စတန်နိုင်ငံကုန်းမြေဧရိယာ သုံးပုံတစ်ပုံလောက်ဟာ ရေလွှမ်းမိုး နစ်မြုပ်ကုန်ကြပါတယ်။ လူပေါင်း ၃၃ သန်းကျော် ရေဘေးသင့်ခဲ့ပါ တယ်။ 

ရေဘေးသင့် ပါကစ္စတန်မြောက်ပိုင်း ဆွတ်ဒေသ

ရေဘေးဒုက္ခကတော့ နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့တာပဲ။ Miracles Trust လို့ခေါ်တဲ့ အကူအညီပေးရေး အဖွဲ့ခေါင်းဆောင် ဇီနက်ဘ်အက်ဒ်နန်က ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ပါကစ္စတန်မြောက်ပိုင်း ဆွတ်ဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိပါတယ်။ 

ဆွတ်ဒေသရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ဟာ စိုက်ပျိုးရေးကို အဓိက မှီခိုနေကြရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သူတို့ရဲ့ လယ်ယာမြေတွေလည်း ပျက်စီးကုန်ပါတယ်။ တောင်သူ လယ်သမားတွေလည်း နောက်ထပ် သီးနှံတွေကို ထပ်မစိုက်နိုင်တော့ပါဘူး။ စိုက်ပျိုးရေးခြံတွေလည်း ပျက်စီးကုန်ပါတယ်။ ဒါဟာသူတို့ရဲ့ စားဝတ်နေရေးပဲဖြစ်ပါတယ်။

တံတားအစင်းပေါင်းများစွာနဲ့ လမ်းတွေလည်း ပျက်စီးကုန်တဲ့အတွက် အရေးကြီးတဲ့ အကူအညီထောက်ပံ့ပို့ဆောင်မှုကို အခက်အခဲတွေဖြစ်စေခဲ့ပါတယ်။ 

ဆောင်းရာသီနဲ့ ဒုက္ခအကျပ်အတည်း

ဆွတ်ဒေသမှာ အခြေအနေတွေဆိုးလာသလို ဘယ်လိုမျိုး နောက်ထပ် စိုးရိမ်ဖွယ်အခြေအနေတွေ ထပ်ဖြစ်လာဦးမလဲဆိုတာ စိတ်ပူနေကြပါတယ်။ အောက်တိုဘာလမှာ နိုင်ငံမြောက်ပိုင်းဟာ စတင်အေးလာတော့မှာ ဖြစ်ပါတယ်။ ဆီးနှင်းတွေဟာလည်း နိုဝင်ဘာလကတည်းက စတင်ကျဆင်းတော့မှာဖြစ်ပါတယ်။ 

ဧပြီလအထိ ဆီးနှင်းများ ဆက်လက်ကျဆင်းနေဦးမှာဖြစ်ပါတယ်။ တချို့နေရာတွေမှာ ဆီးနှင်းတွေဟာ ထူထပ်စွာကျဆင်းမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုအခြေအနေတွေကို အရေးပေါ်ကူညီဖို့ လိုအပ်ပါ တယ်။ 

သယ်ယူပို့ဆောင်ရေးပြဿနာများ

ဒါ့အပြင် သယ်ယူပို့ဆောင်ရေးပြဿနာများကို ဖြေရှင်းဖို့ နိုင်ငံတကာအကူအညီများကိုလည်း တောင်းဆိုထားပါတယ်။ ပါကစ္စတန် အင်ဂျင်နီယာတပ်တွေဟာ တံတားတွေကို ကြိုးတွေ၊ သစ်သားတွေနဲ့လက်ဖြစ်တည်ဆောက်နေကြပါတယ်။ သို့သော်လည်း ဒါဟာ စားနပ်ရိက္ခာတွေနဲ့ ဒုက္ခသည်ကယ်ဆယ်ရေး ပစ္စည်းပစ္စယတွေကို သယ်ယူဖို့ မလုံလောက်သေးပါဘူး။ စတီးတံတားတွေလည်း အများကြီးလိုအပ်ပါတယ်။ 

ထောက်ပံ့မှုအချိန်အတော်ကြာလိုအပ်နေမယ့် ပါကစ္စတန် 

ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုနဲ့ ထောက်ပံ့မှုကို အချိန်အတော်ကြာလိုအပ်နေဦးမှာဖြစ်ပါတယ်။ တခြားနိုင်ငံတွေဟာ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်မှုကို အစောပိုင်းလုပ်ဆောင် လျက်ရှိပါတယ်။ 

ကုလသမဂ္ဂက အမေရိကန်ဒေါ်လာသန်း ၁၆၀ ကိုကူညီဖို့မျှော်လင့်ထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဥရောပသမဂ္ဂကလည်း ယူရို ၂ ဒသမ ၁ သန်းကျော် ခွဲဝေချထား ပေးပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်နဲ့ ညီမျှပါတယ်။

သို့သော်လည်း ပါကစ္စတန်ဝန်ကြီးချုပ်က အကူအညီတွေကို လျင်လျင်မြန်မြန် တိုးတက်အောင်လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။ အက်နန်ကဘဏ္ဍာရေးအခြေအနေကို ဖော်ပြခဲ့သလို ပါကစ္စတန်နိုင်ငံဟာ သူ့ဘာသာသူ ဒီကပ်ဆိုးကြီးကို ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး။ 

နောက်ထပ် အကူအညီတွေ များများရဖို့အရေး တောင်းဆိုရမှာဖြစ်သလို နည်းပညာဆိုင်ရာ ပြောင်းလဲကျင့်သုံးမှုတွေလည်း လိုအပ်လျက်ရှိပါတယ်။ ဒီအခြေအနေအရပ်ရပ်ကို ကိုင်တွယ်နိုင်ဖို့ဆိုရင် မိမိတို့ကိုကူညီကြပါလို့ တောင်းဆိုထားပါတယ်။ လမ်းတွေပြန်လည် တည်ဆောက်မှုဟာ လချီကြာနိုင်တာမဟုတ်ပါဘူး။ နှစ်ချီတောင်ကြာ သွားနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးအနေဖြင့် ပါကစ္စတန်နိုင်ငံကို မျက်ကွယ်မပြုဘဲ အာရုံစိုက်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

ကိုးကား-အင်န်အိတ်ချ်ကေ