ကမ္ဘာကြည့်   ကြည့်ကြရအောင်

ဘကြီးကောင်း - ရေးသားသည်

မောင်မြင့်အေးရေ  ...

အခုနောက်ပိုင်း ကမ္ဘာ့သတင်းစာမျက်နှာထက် မှာ အာဖဂန်နစ္စတန်၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား သတင်းတွေတက်လာရင် အလွတ်မပေးဘဲ ဖတ်ဖြစ် အောင်ဖတ်နေမိတယ်။ အပြောင်းအလဲကို မျှော်လင့် ခဲ့ကြတဲ့ အဲဒီနိုင်ငံတွေကပြည်သူတွေ နှစ်ပေါင်း ၂၀ အတွင်းမှာ   မူလအခြေအနေထက်    သာလွန် ကောင်းမွန်တဲ့ လူမှုစီးပွားဘဝကို   တကယ်တမ်း ရသွားကြရဲ့လား။

လက်တွေ့ဘဝမှာတော့   ဖွတ်မရ  ဓားမဆုံး ဆိုသလို ဆယ်စုနှစ်နှစ်ခုစလုံး ဒုက္ခပင်လယ်ဝေခဲ့ ကြတာပဲ အဖတ်တင်တယ်။ အခုလက်ရှိအချိန်အထိ လည်း နဂိုမူလရှိရင်းစွဲ လူမှုစီးပွားဘဝအခြေအနေ မျိုးကို ပြန်ရောက်ဖို့မပြောနဲ့ တည်ငြိမ်အေးချမ်းမှု ရအောင်ပဲ မနည်းရုန်းကန်နေကြရဆဲပဲ။ အာဖဂန် ဆိုရင် နှစ်ပေါင်း ၂၀ သာကြာသွားတယ်၊ ကရွတ် ကင်းလျှောက်သလို ဒုံရင်းအတိုင်းပြန်ရောက်သွား တယ်။

ဒီမိုကရေစီအစိုးရတစ်ရပ် ထူထောင်

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ၂၀၀၁ ခုနှစ်  အောက်တိုဘာလမှာ   အမေရိကန်သမ္မတ ဘုရှ်က   အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစစ်ပွဲလို့ ကြေညာပြီး အာဖဂန်နစ္စတန်ကို ဝင်ရောက်တိုက် ခိုက်ခဲ့တယ်။ Operation Enduring Freedom လို့ အမည်ပေးထားတဲ့ အာဖဂန်စစ်ဆင်ရေးစီမံချက်ရဲ့ရည်မှန်းချက်ကတော့ တာလီဘန်တွေကိုဖယ်ရှားဖို့၊ အာဖဂန်မှာ အယ်လ်ကေဒါအခြေခံစခန်းမရှိအောင် ဆောင်ရွက်ဖို့နဲ့    အာဖဂန်မှာ   ဒီမိုကရေစီအစိုးရ တစ်ရပ်ထူထောင်ဖို့ပဲ ဖြစ်ပါတယ်။

ရည်မှန်းချက်အတိုင်း       အမေရိကန်ဟာ တာလီဘန်တွေကို အချိန်တိုအတွင်း   ကဘူးလ်၊ ကန်ဒါဟာ၊   မာဇာအီရှာရစ်ဖ်    စတဲ့မြို့ကြီးတွေကနေ မောင်းထုတ်နိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ် ဇွန်လမှာကျင်းပတဲ့ ဒုတိယအကြိမ် အာဖဂန်လူမျိုးစုခေါင်းဆောင်များညီလာခံကနေ ဟာမစ်ကာဇိုင်းဦးဆောင်တဲ့ အသွင် ကူးပြောင်းရေးအစိုးရအဖွဲ့ကို   ဖွဲ့စည်းပေးနိုင်ခဲ့ တယ်။ ၂၀၀၄ ခုနှစ် တတိယအကြိမ် ညီလာခံမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို     အတည်ပြုပြီး ရွေးကောက်ပွဲကျင်းပတဲ့အခါ       ကာဇိုင်းဟာ ရွေးကောက်ခံသမ္မတတစ်ဦး   ဖြစ်လာခဲ့ပါတယ်။

အယုံအကြည် ကင်းမဲ့လာ

သမ္မတဘုရှ်က “ခြောက်လအတွင်းမှာ တာလီဘန် တွေဖြုတ်ချပြီး အာဖဂန်ပြည်သူ ၂၆ သန်းကျော်ကို ဆိုးရွားလှတဲ့ဖိနှိပ်မှုအောက်က လွတ်မြောက်စေခဲ့ တယ်၊ အယ်လ်ကေဒါ လေ့ကျင့်ရေးစခန်းအားလုံးဖျက်ဆီးနိုင်ခဲ့တယ်။   အာဖဂန်မှာ    ဒီမိုကရေစီ ထွန်းကားဖို့အတွက် အုတ်မြစ်ချပေးနိုင်ခဲ့တယ်လို့” ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကာဇိုင်းအစိုးရ အဖွဲ့ရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ အဂတိလိုက်စားမှု တွေအပေါ် အာဖဂန်ပြည်သူတွေဟာ အယုံအကြည် ကင်းမဲ့လာပြီး တာလီဘန်တွေကို  ပြန်အားကိုးလာ ကြတယ်။

၂၀၀၅၊ ၂၀၀၆ ခုနှစ်မှာ တာလီဘန်တွေတစ်ကျော့ ပြန် ခေါင်းထောင်လာပြီး တိုက်ခိုက်မှုတွေ ပိုပြင်းထန် လာတယ်။ ပြည်သူတွေဟာ ကြားထဲကမြေဇာပင် ပိုဖြစ်ခဲ့ရတယ်။ စီအိုင်အေရဲ့အစီရင်ခံစာတစ်ခုမှာဆိုရင် အာဖဂန်တွေက တိုင်းပြည်ကို ဘယ်သူအုပ်ချုပ် တယ်ဆိုတာ အရေးမကြီးဘူး၊    လုံလုံခြုံခြုံနေနိုင် အောင်လုပ်ပေးဖို့ပဲ အရေးကြီးတယ်လို့ ပြောနေကြ ပြီဆိုပြီး ဖော်ပြခဲ့တယ်။

ကိုယ်လွတ်ရုန်းဖို့ ခြေလှမ်းပြင်လာ

တာလီဘန်တွေကို နှိမ်နင်းဖို့နဲ့ အာဖဂန်နစ္စတန် နိုင်ငံပြန်လည်ထူထောင်ဖို့အတွက်   အမေရိကန် အစိုးရက  ဒေါ်လာဘီလီယံပေါင်းများစွာ   ပုံအောသုံး ခဲ့ပြီး   အမေရိကန်တပ်ဖွဲ့ဝင်    အင်အားဟာလည်း ၂၀၁၁ ခုနှစ်မှာ တစ်သိန်းတစ်သောင်းအထိရှိလာခဲ့တယ်။ နောက်ပိုင်းမှာတော့ အမေရိကန်စစ်တပ်က ထိုးစစ်တိုက်ခိုက်မှုတွေအစား  အာဖဂန်တပ်ဖွဲ့ဝင် တွေကို သင်တန်းပေးပြီး တပ်အင်အားကိုပြန်လျှော့ချ လာတယ်။   သမ္မတ   ထရမ့်လက်ထက်မှာတော့  တာလီဘန်တွေနဲ့    ငြိမ်းချမ်းရေးဆွေးနွေးပြီး ကိုယ်လွတ်ရုန်းဖို့ ခြေလှမ်းပြင်လာခဲ့တယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာတော့ အာဖဂန် ကနေ အမေရိကန်တွေအပြီး ဆုတ်ခွာသွားခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီး   ဘလင်ကန်က  အာဖဂန်က အမေရိကန်တွေဆုတ်ခွာတာ ဗီယက်နမ်လို မဟုတ် ပါဘူး၊ စနစ်တကျဆုတ်ခွာတာပါလို့ အရှက်ပြေ ဘယ်လိုပဲပြောပြော ကဘူးလ်မြို့တော်ကို  ဝိုင်းထား တဲ့ တာလီဘန်တွေရန်ကြောင့် အမေရိကန်သံရုံး ဝန်ထမ်းတွေဟာ လျှို့ဝှက်စာရွက်စာတမ်းတွေကို မီးရှို့ပြီး  ဗီယက်နမ်တုန်းကလိုပဲ   ရဟတ်ယာဉ်နဲ့ ကသုတ်ကရက်  ထွက်ပြေးခဲ့ကြရတယ်။  နိုင်ငံက ထွက်ပြေးချင်တဲ့ အာဖဂန်အရပ်သားတွေကတော့ လေဆိပ်မှာရပ်ထားတဲ့ အမေရိကန်စစ်လေယာဉ် တွေပေါ်ကို အလုအယက်စုပြုံတွယ်တက်နေကြတဲ့ မြင်ကွင်းဟာလည်း ဗီယက်နမ်က ဆေးဂုံမြို့ ကျဆုံး ခန်းမြင်ကွင်းနဲ့ ထပ်တူပါပဲ။

လက်နက်ချထွက်ပြေး

အာဖဂန်သမ္မတ    အာရှရက်ဖ်ဂါနီကတော့ ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံကို   ထွက်ပြေးသွားပါပြီ။   ကဘူးလ်မှာ သွေးချောင်းစီးတာ   မဖြစ်စေချင်လို့    ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို  ချမှတ်ခဲ့ရတာလို့   ဆိုပါတယ်။ တစ်နိုင်ငံလုံးကို တာလီဘန်တွေ မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး အများဆုံး အပြစ် တင်ခံရတာကတော့ အမေရိကန်က နှစ်စဉ်ဒေါ်လာ ဘီလီယံနဲ့ချီ ထောက်ပံ့ထားပြီး   ကြည်းတပ်ရော၊ လေတပ်ပါအင်အားတောင့်တင်းစွာ   လက်နက် တပ်ဆင်ထားတဲ့ကြားက လက်နက်ချထွက်ပြေးခဲ့ ကြတဲ့ အင်အားသုံးသိန်းကျော်ရှိတဲ့ အာဖဂန်အစိုးရ တပ်မတော်ပဲ ဖြစ်ပါတယ်။

အာဖဂန်မှာ တာလီဘန်တွေကို   ဖယ်ရှားဖို့၊ ဒီမိုကရေစီအစိုးရတစ်ရပ်    ထူထောင်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့  နှစ်ပေါင်း ၂၀ အကြာ   ငွေအား၊ လူအားအရင်းအမြစ်များစွာအသုံးပြုခဲ့တဲ့ အမေရိကန် ရဲ့ပေါ်လစီမူဝါဒဟာ အဆုံးတစ်နေ့မှာတော့ ကရွတ် ကင်းလျှောက်သလို မောင်ပိုနေမြဲ ကျားနေမြဲအတိုင်း သမိုင်းတစ်ပတ်လည်သွားခဲ့တာပဲ အဖတ်တင်ခဲ့ပါ တယ်။

အာဖဂန်စစ်ပွဲအစမှာ    နယူးယောက်တိုင်းမ် သတင်းစာက အာဖဂန်စစ်ပွဲဟာ ဗီယက်နမ်စစ်ပွဲ လိုဖြစ်လာတော့မလားဆိုပြီး မေးခွန်းထုတ်ရေးသား ခဲ့စဉ်က   သမ္မတဘုရှ်က   “ကျွန်တော်တို့အရွယ် မျိုးဆက်တွေက   အရာရာကို   ဝါးတားဂိတ်တို့၊ ဗီယက်နမ်စစ်ပွဲတို့နဲ့ယှဉ်ပြီး သုံးသပ်တတ်ကြတယ်။ ဒါပေမယ့်  သူတို့အမြင်တွေကို   ကျွန်တော်အလေး မထားပါဘူး”လို့  ပြောခဲ့ပေမယ့်   လက်ရှိသမ္မတ ဘိုင်ဒင်ကတော့   “အာဖဂန်ကို   အမေရိကန်က တစ်သက်လုံးကာကွယ်ပြီး အဆုံးမဲ့စစ်ပွဲကို တိုက် မနေနိုင်ဘူး၊ နောင် ငါးနှစ် ဆယ်နှစ်ဆက်နေမယ် ဆိုရင်တောင် ဘယ်အမေရိကန်တွေကမှ သဘောတူ မှာမဟုတ်ဘူး”လို့ သူ့ရဲ့ ဆုတ်မိန့်ပေးခဲ့တဲ့ ဆုံးဖြတ် ချက်ကို ကာကွယ်ပြောဆိုသွားပါတယ်။

အမေရိကန်တပ်တွေ ရုပ်သိမ်း

ဒါကလည်း အဆန်းမဟုတ်ပါဘူး။ ဗီယက်နမ် စစ်ပွဲရဲ့ အဆုံးတစ်နေ့မှာလည်း  နစ်ဆင်အစိုးရဟာ ဗီယက်နမ်စစ်ပွဲမှာ  အမေရိကန်တွေ   ကိုယ်ထိ လက်ရောက် ဝင်ရောက်တိုက်ခိုက်နေခြင်းကို တဖြည်း ဖြည်းရုပ်သိမ်းသွားမယ်၊  ရုပ်သိမ်းနေစဉ်   တစ်ချိန် တည်းမှာပဲ    တောင်ဗီယက်နမ်စစ်အင်အားကို ဖြည့်တင်းလေ့ကျင့်ပေးသွားမယ်၊   ဗီယက်နမ်က အမေရိကန်တပ်တွေ လုံးဝရုပ်သိမ်းသွားပြီးနောက်မှာ တော့ ဗီယက်နမ်အချင်းချင်း ဆက်ရှင်းကြပေရော့ ဆိုတဲ့  ဗီယက်နမ်မိုက်ဇေးရှင်းခေါ်   ဗီယက်နမ် ပြဿနာကို ဗီယက်နမ် အချင်းချင်း ဖြေရှင်းရေးဆိုတဲ့ ပေါ်လစီနဲ့ လက်ရှောင်ထွက်သွားခဲ့တာပါပဲ။ ၁၉၈၃ ခုနှစ်မှာ  ဟစ်ဇ်ဘူလာ  အကြမ်းဖက်သမားတွေက အမေရိကန်ကမ်းတက်တပ်ဖွဲ့ရဲ့စခန်းကို    ဗုံးခွဲ တိုက်ခိုက်တုန်းကလည်း သမ္မတရီဂင်ဟာ လက်ဘနွန် က အမေရိကန်တပ်တွေကို  ရုပ်သိမ်းသွားခဲ့တယ်၊ ၁၉၉၃ ခုနှစ်မှာ ဆိုမာလီစစ်ဘုရင်တွေက အမေရိကန် ရဟတ်ယာဉ်ကို ပစ်ချလိုက်တော့ သမ္မတကလင် တန်ဟာ ဆိုမာလီယာက အမေရိကန်တပ်တွေကို ရုပ်သိမ်းသွားခဲ့တာပါပဲ။ 

ကြားထဲက ငထွား ခါးနာသလို နာရတာကတော့ ဒေသခံပြည်သူတွေပဲဖြစ်ပါတယ်။ အာဖဂန်စစ်ပွဲမှာ အမေရိကန်တပ်ဖွဲ့ဝင်သေဆုံးမှုဟာ ထောင်ဂဏန်း မျှသာရှိပေမယ့် အာဖဂန်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ သေဆုံးမှုက သောင်းဂဏန်း၊ အရပ်သားပြည်သူတွေ ရဲ့ သေဆုံးမှုကတော့ သန်းနဲ့ချီတဲ့အထိရှိခဲ့ပါတယ်။

အီရတ်စစ်ပွဲကာလမှာ 
အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံး

အီရတ်လွတ်မြောက်ရေးစစ်ဆင်ရေးလို့ အမည် ပေးပြီး အမေရိကန်က အီရတ်ကို အကြောင်းမယ်မယ် ရရမရှိဘဲ  ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့   အီရတ်စစ်ပွဲ ကာလမှာလည်း အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံး မှုက ထောင်ဂဏန်းမျှပဲရှိပေမယ့် အီရတ်နိုင်ငံသား အရပ်သားသေဆုံးမှုက ၂၀၀၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း နှစ်သိန်းကျော်ရှိခဲ့ပြီး ဒုက္ခသည်တွေ၊ အမိမြေ ကနေ နေရပ် စွန့်ခွာထွက်ပြေးသူ လူဦးရေ စုစုပေါင်း ကတော့ ကိုးသန်းကျော်ရှိခဲ့တယ်လို့ ဆင်ဟွာသတင်း ဌာနက ဆိုပါတယ်။                

၂၀၁၀ ပြည့်နှစ်ကုန် ၂၀၁၁ နှစ်ဆန်းက ပေါ်ပေါက် ခဲ့တဲ့အာရပ်နွေဦးတော်လှန်ရေးရဲ့ နောက်ဆက်တွဲ ဆီးရီးယားပြည်တွင်းစစ်နဲ့   လစ်ဗျားပြည်တွင်း စစ်တွေမှာလည်း   အရပ်သားသေဆုံးမှုနှုန်းက ကြောက်ခမန်းလိလိပါ။ ဆီးရီးယားပြည်တွင်းစစ် မှာဆိုရင် အရပ်သားသေဆုံးမှုနှုန်းက အနည်းဆုံး သုံးသိန်းခွဲခန့်ရှိတယ်လို့ ကုလသမဂ္ဂကဆိုတယ်။ အချို့ကိန်းဂဏန်းတွေအရကတော့   အရပ်သား ငါးသိန်းနီးပါးခန့်   သေဆုံးခဲ့ပြီး   တစ်သန်းကျော် ဒဏ်ရာရတယ်။ လူဦးရေ ၅  ဒသမ ၆  သန်းကျော် က  စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး   နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ဆိုတယ်။

လေကြောင်း၊ ရေကြောင်း ပိတ်ဆို့တိုက်ခိုက်

တကယ်တမ်းပြောရရင် အာရပ်နွေဦးတော်လှန် ရေးကာလမှာ အမေရိကန်ဟာ သူ့ရဲ့နှစ်ရှည်လများ မဟာမိတ် အာရပ်နိုင်ငံတွေကို  တစ်မျိုး၊   မဟာ ရန်ဘက်အာရပ်နိုင်ငံတွေကို တစ်မျိုး မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဆက်ဆံဆောင်ရွက်သွားခဲ့တယ်လို့ ဆိုရမယ်။ သူ့ရဲ့မဟာရန်ဘက်လစ်ဗျားက ကဒါဖီ အစိုးရပြုတ်ကျသွားအောင် ကနဦးမှာ ပြိုင်ဘက် အုပ်စုတွေကို လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်။ နောက်ပိုင်းမှာ အရပ်သားတွေကို အကာအကွယ် ပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီဆုံးဖြတ်ချက်ယူပြီး လစ်ဗျားနိုင်ငံတွင်း လေယာဉ် မပျံသန်းရဇုန်(No-Fly Zone) တစ်ခု သတ်မှတ်၊ ပြီးမှ ဗြိတိန်၊ ပြင်သစ်စတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ လေကြောင်း၊ ရေကြောင်းကနေ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတယ်။ 

ပြည်သူတွေ ဒုက္ခပင်လယ်ဝေ

ဆီးရီးယားအရေးမှာလည်း   ဘရှားအာဆတ် အစိုးရပြုတ်ကျအောင်   ပြိုင်ဘက်အုပ်စုတွေကို အထောက်အပံ့ အကူအညီတွေပေးပြီး ပြည်တွင်းစစ်မီးကိုမွှေးပေးခဲ့ပေမယ့် ပြိုင် ဘက်အုပ်စုတွေထဲမှာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ IS အကြမ်းဖက် အဖွဲ့တွေ ပါဝင်ပတ်သက်လာတာကတစ်ကြောင်း၊ ရုရှားက အာဆတ်အစိုးရဘက်ကို ကျားကန်ကူညီ လာမှုကြောင့်တစ်ကြောင်း နောက်ပိုင်းမှာ ကိုယ်ရှိန် ပြန်သတ်သွားတယ်။ ၂၀၁၈ ခုနှစ် နောက်ပိုင်းမှာ တော့ အာဆတ်အစိုးရက နိုင်ငံရဲ့မြို့ကြီးအတော်များများကို ပြန်ထိန်းချုပ်လာနိုင်ပေမယ့် ပြည်တွင်း စစ်ဒဏ်ကြောင့် နိုင်ငံဟာကြေမွသွားပြီး ပြည်သူတွေ လည်း ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်။   တစ်ချိန်က အာဖရိကတိုက်ရဲ့   ချမ်းသာကြွယ်ဝတဲ့    နိုင်ငံများထဲ မှာ  တစ်နိုင်ငံဖြစ်ခဲ့တဲ့ လစ်ဗျားနိုင်ငံဟာလည်း ကဒါဖီအလွန်  ဆယ်စုနှစ်တစ်ခုအကြာ  ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် ယနေ့အချိန်မှာ အာဖရိက ရဲ့ အဆင်းရဲဆုံး သုံးနိုင်ငံထဲမှာ တစ်နိုင်ငံဖြစ်သွား ခဲ့ရတယ်။
အာရပ်နွေဦးတော်လှန်ရေးနဲ့အတူ တစ်ချိန် တည်း တစ်ပြိုင်တည်းပေါ်ပေါက်ခဲ့တဲ့ ပင်လယ် ကွေ့နိုင်ငံတွေထဲက   မဟာမိတ်တစ်နိုင်ငံဖြစ်တဲ့ ဘာရိန်းနိုင်ငံရဲ့ လူထုအုံကြွမှုမှာတော့ အမေရိကန် က အကြမ်းဖက်မှုတွေမလုပ်ဖို့ မျှော်လင့်ကြောင်း၊ အခြေအနေတွေ တဖြည်းဖြည်းဆိုးရွားလာမှာ စိုးရိမ် ကြောင်းသာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘာရိန်းအာဏာပိုင်တွေက ပြည်သူလူထုရဲ့အုံကြွမှု ကို ဒီမိုကရေစီတောင်းဆိုမှုအဖြစ်မမြင်ဘဲ အီရန်ရဲ့ကြိုးကိုင်မှုလို့ဆိုပြီး   ထောင်နဲ့ချီတဲ့ ဆော်ဒီတပ်ဖွဲ့ဝင် တွေ၊ ရာနဲ့ချီတဲ့ ယူအေအီးက  ရဲတပ်ဖွဲ့ဝင်တွေကို သံချပ်ကာကားတွေနဲ့အတူ ဘာရိန်းနိုင်ငံထဲ ဖြတ် ကျော်ဝင်ရောက်စေပြီး  နှိမ်နင်းခဲ့မှုအပေါ်မှာတော့ အမေရိကန်က   သူတို့ကိုအကြောင်း   မကြားလို့  မသိဘူးဆိုပြီး    မသိချင်ယောင်ဆောင်  နေခဲ့ပါ တယ်။

အမေရိကန် - မြန်မာ ဆက်ဆံရေး
အနည်းငယ် ပြန်လည်အေးစက်သွား

မြန်မာ - အမေရိကန် ဆက်ဆံရေးမှာလည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းကစလို့ ယခုတိုင် ဒီမိုကရေစီ နဲ့လူ့အခွင့်အရေးဆိုပြီး မြန်မာအပေါ် ဖိအားပေးမှု မျိုးစုံ၊ ပိတ်ဆို့မှုမျိုးစုံနဲ့ပဲ ဆက်ဆံလာခဲ့တာပါပဲ။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ဒီမိုကရေစီအစိုးရပထမ သက်တမ်းကာလမှာတော့ သမ္မတအိုဘားမားအစိုးရ ဟာ အာရပ်နွေဦးရဲ့   ရိုက်ခတ်မှုတွေကြားထဲမှာ မြန်မာပြည်ရဲ့   ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ ကမ္ဘာကြီးအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်တယ်၊ တစ်ဖက်ကလည်း မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ အိမ်နီးချင်းတရုတ်နိုင်ငံကို နိုင်ငံ ရေး၊ စီးပွားရေးလွှမ်းမိုးဖို့ရာ အခွင့်အရေးတွေမမျှော် လင့်ဘဲ ဖန်တီးပေးသလိုဖြစ်လာမယ်ဆိုတဲ့ အတွေး အခေါ် အယူအဆအရ   ပိတ်ဆို့မှုတွေကို    စတင် ဖြေလျှော့မှုတွေ၊ ထိတွေ့ဆက်ဆံမှုတွေ  ရှိလာခဲ့ တယ်။ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ မှာတော့ မြန်မာပြည်ရဲ့အနောက်တံခါးက ဘင်္ဂါလီ အရေးကိစ္စကြောင့် အမေရိကန်-မြန်မာဆက်ဆံရေး ဟာ အနည်းငယ်ပြန်လည် အေးစက်သွားခဲ့ပြန်တယ်။ အကယ်၍များ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း ကာလမှာ အမေရိကန်ဟာ မြန်မာပြည်ရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို   ဒုတိယကမ္ဘာစစ်အပြီးက မာရှယ်စီမံကိန်းလို  အရှိန်အဟုန်ပြင်းပြင်း၊   အင်နဲ့ အားနဲ့ပံ့ပိုးကူညီနိုင်ခဲ့မယ်ဆိုရင် မြန်မာ့ဒီမိုကရေစီ အရေးဟာ အခုဆို အတော်ကို ခရီးပေါက်လာမှာပဲလို့ ထင်မြင်ယူဆမိတယ်။

မောင်မြင့်အေးရေ ...

လက်ရှိမှာလည်း  ယူကရိန်းအရေး၊   ထိုင်ဝမ် အရေးကိစ္စတွေနဲ့ ကမ္ဘာကြီးဟာ မငြိမ်းချမ်းသေး ပါဘူး။ ဒီလိုအချိန်ကာလမှာ အမေရိကန်နဲ့အနောက် နိုင်ငံအချို့ရဲ့  ကိုယ်ကျိုးစီးပွားအရ   မီးစတစ်ဖက် ရေမှုတ်တစ်ဖက်၊ လိုရင်လိုသလို မလိုရင်မလိုသလို ဆက်ဆံမှုတွေ၊  ဒီမိုကရေစီနဲ့   လူ့အခွင့်အရေး အကြောင်းပြချက်နဲ့   ဝင်ရောက်စွက်ဖက်ခဲ့ကြပြီး အဆုံးတစ်နေ့မှာ ကိုယ့်ဇာတ်ကိုယ်မနိုင်၊ ဆရာမနိုင် နှစ်ဆောင်ပြိုင်   ဖြစ်လာတော့မှ    ဖုတ်ဖက်ခါထ လက်ရှောင်ထွက်သွား တတ်ကြတဲ့လုပ်ရပ်တွေက တို့လို နိုင်ငံငယ်လေးတွေအဖို့ နိုင်ငံရေးသင်ခန်းစာယူဖို့ကောင်းတာပေါ့နော်။ 

ဒီလိုမြင်တတ်  ယူတတ်အောင်လည်း   ကမ္ဘာ ကြည့် ကြည့်ကြဖို့ လိုတာပေါ့။       ။