ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် လယ်ယာ ကဏ္ဍအပေါ် ထိခိုက်မှုလျှော့ချရေးနှင့် တုန့်ပြန်မှုအစီအစဉ်များတွင် အထောက်အကူပြု နိုင်ရေးဆွေးနွေး

နေပြည်တော်  ၂၇  မေ

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF မှ တာဝန်ရှိသူများနှင့် နေပြည်တော်ရှိ  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

 

ထိုသို့ ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ လျှော့ကျမသွားစေရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်မှုကို ယခင်ကထက် မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ချက်များ၊ အခြောက်ခံစက်နှင့် သိုလှောင်ရုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက်  ရင်းနှီးမြုပ်နှံမှု  တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များ၊ လယ်ယာကဏ္ဍအတွက် လိုအပ်သည့် သွင်းအားစုနှင့် နည်းပညာပံ့ပိုးကူညီဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ဆည်ရေ အသုံးပြုမှုနှင့် ပတ်သက်၍ ရေအသုံးချသူအသင်းနှင့် ရေအသုံးချသူအဖွဲ့များဖြင့် ဆောင်ရွက်နေမှုများကို ဆွေးနွေး ပြောကြားသည်။

 

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF မှ ၂၀၂၀ မိုးစပါးရာသီတွင် ကန်ထရိုက် လယ်ယာစနစ် ဧက နှစ်သိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဧက တစ်သိန်းလေးသောင်းအတွက် သက်ဆိုင်ရာ တောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအတွက် အခြောက်ခံစက်နှင့် သိုလှောင်ရုံ  ၂၅ ခု အသစ်တိုးချဲ့ တည်ဆောက်ပြီးဖြစ်ကြောင်း၊ နယ်စပ်ဆန်စပါးကုန်သွယ်မှု လုပ်ငန်းအတွက်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်ဌာန General Administration of Customs  China - GACC  တွင် မှတ်ပုံတင် ၁၁ ခု ရရှိပြီး၊ မှတ်ပုံတင်ရရှိရေးလုပ်ငန်း  ၄၃ခု ညှိနှိုင်းဆောင်ရွက် ထားဆဲဖြစ်ကာ မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ ရောင်းချနိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း G to G ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

 

 

မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၉ မီလီယံ မက်ထရစ်တန် တင်ပို့ရောင်းချပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

သတင်းစဉ်