ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များဖြင့် နယ်စပ်ဂိတ်များမှတစ်ဆင့် လာရောက် လည်ပတ်လျက်ရှိ

နေပြည်တော်  ၉ မတ်

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Traventure Travels and Tour Co., Ltd ၏ စီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံသူ ဧည့်သည် (၁၁) ဦးသည် (၂၅-၂-၂၀၁၈) ရက်နေ့တွင် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၁) စီး၊ မော်တော်ဆိုင်ကယ် (၄) စီးဖြင့် အိန္ဒိယနိုင်ငံ၊ မိုးရေးမှ တမူးမြို့သို့ ဝင်ရောက်ပြီး တမူး- ဂန့်ဂေါ- မန္တလေး- နမ့်စန်- ကျိုင်းတုံ- တာချီလိတ်မြို့များသို့ သွားရောက်၍ ခရီးစဉ်တစ်လျှောက်ရှိ ခရီးသွားဆွဲဆောင်မှု ရှိသော နေရာများကို လည်ပတ်ခဲ့ကြပြီး (၃-၃-၂၀၁၈) ရက်နေ့ တွင် တာချီလိတ်မြို့မှတဆင့် ထိုင်းနိုင်ငံ၊ မဲဆိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

 

 

ထို့အပြင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Kaung Hein Shwe Sin International Co., Ltd ၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံသား ဧည့်သည် (၁၈) ဦးသည် (၂၇-၂-၂၀၁၈) ရက်နေ့ တွင် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၆) စီးဖြင့် မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး ကျိုက်ထီးရိုး- ပဲခူး- နေပြည်တော်- အင်းလေး- နမ့်စန်- ကျိုင်းတုံမြို့များသို့ သွားရောက်၍ ခရီးစဉ်တစ်လျှောက်ရှိ ခရီးသွားဆွဲဆောင်မှု ရှိသော နေရာများကို လည်ပတ်ခဲ့ကြပြီး (၄-၃-၂၀၁၈) ရက်နေ့တွင် တာချီလိတ် နယ်စပ်ဂိတ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။

 

ခရီးသွား ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံသို့ တစ်ဦးချင်းအလိုက်သော်လည်းကောင်း ၊ အုပ်စုလိုက်သော်လည်းကောင်း ၊ ကိုယ်ပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့်လည်းကောင်း စဉ်ဆက်မပြတ် ဝင်ရောက်လေ့လာ လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

MDN