ကမ္ဘာလှည့်ခရီးသွားများ ဒလမြို့နယ်ရှိ လူနေမှုဘဝပုံစံများ လည်ပတ်လေ့လာ

ရန်ကုန် ၁၁  အောက်တိုဘာ

 

စီးပွားရေးမြို့တော်ရန်ကုန်မြို့၏ မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသော ဒလမြို့နယ်သို့ ကမ္ဘာလှည့် ခရီးသွားများနှင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ နေ့စဉ်နှင့်အမျှ ဝင်ရောက်လည်ပတ်လျက်ရှိရာ ခရီးသွားရာသီ ပွင့်လင်းကာလ၌ လည်ပတ်လေ့လာမှု ပို၍များပြားလျက်ရှိပြီး အဆိုပါ ခရီးသွားဧည့်သည်များသည် ရန်ကုန် ပန်းဆိုးတန်းဆိပ်ကမ်းမှ တစ်ဆင့် ဒလဆိပ်ကမ်းသို့ ချယ်ရီသင်္ဘော ကူးတို့ရေယာဉ်များဖြင့် စီးနင်းလိုက်ပါပြီး ဒလမြို့ရှိ အထင်ကရနေရာများနှင့် လူနေမှုဘဝပုံစံများကို လည်ပတ်လေ့လာကြသည်။

 

4

 

ယနေ့ နံနက်ပိုင်းအချိန်က ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်(ဟောင်ကောင်)နိုင်ငံသား ၁၈ ဦး နှင့် ဧည့်လမ်းညွှန် ၁ ဦး စုစုပေါင်း(၁၉) တို့သည် အနှေးယာဉ်ဆိုက်ကားများ စီးနင်းလိုက်ပါပြီး ဒလမြို့နယ်အတွင်းရှိ သမိုင်းဝင် ဘုရားစေတီများ၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝပုံစံများ၊ လယ်ယာမြေရှုခင်းအလှများ၊  စွန့်ပစ်ပစ္စည်းများဖြင့် ပြန်လည်သန့်စင်ပြုလုပ်သည့် (Recycled Handicrafts) အရောင်းပြခန်းဆိုင်၊ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေ ရရှိသည့် လုပ်ငန်းများ ကို လည်ပတ်လေ့လာကြပြီး အလှဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

 

8

 

ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသားများခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာအထိ စုစုပေါင်း(၂၆၀၇၄)ဦး၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ခရီးသွားဧည့်သည် စုစုပေါင်း( ၅၈၁)ဦး စီးနင်းလိုက်ပါလျက်ရှိကြောင်း ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာ ဒေါ်ခင်ခင်နု ထံမှ သိရသည်။ဒလမြို့နယ်အတွင်းသို့ လည်ပတ်လေ့လာကြသည့် ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်မှု များပြားခြင်းကြောင့်  အနှေးယာဉ်ဆိုက်ကားများဖြင့်  အသက်မွေး ဝမ်းကြောင်းပြု လုပ်ကိုင်ကြသည့်  အနှေးယာဉ်ဆိုက်ကားသမားများ၏ မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေ လျက်ရှိကြောင်း၊ မြို့တွင်း၌ အနှေးယာဉ် အစီးရေ(၁၀ဝ) ခန့် ဖြင့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှု ပေးလျက်ရှိပြီး ပွင့်လင်းရာသီ၌ နိုင်ငံခြားသားများ ဝင်ရောက်လည်ပတ်မှု များပြားခြင်းကြောင့် ပုံမှန်ဝင်ငွေထက် ပိုမိုရရှိခြင်းကြောင့် မိသားစုစားဝတ်နေရေးအတွက် ဖူလုံမှုရှိကြောင်း မြို့နယ်အနှေးယာဉ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ဥက္ကဌ ဦးသန်းဌေး က ပြောကြားခဲ့သည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)