ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး၏ထိုးနှက်မှုကို အလူးအလဲခံနေရသည့် ဗြိတိန်နိုင်ငံ

အောင်ကျော်ကျော်

 

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ဆက်လက်မြင့်မားလျက် ရှိနေသေးသည့်အတွက် ဗြိတိန်နိုင်ငံသည်လည်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို လူးလှိမ့်ခံစားနေရသည်။

 

ဗြိတိန်နိုင်ငံတွင် ပထမဆုံး ဗိုင်းရပ်စ် ကူးစက်ခံရသူကို ဇန်နဝါရီလ နှောင်းပိုင်းတွင် စတင်တွေ့ရှိခဲ့သည်။ ထို့နောက်ဖေဖော်ဝါရီလ နှင့် မတ်လအထိ ရောဂါစစ်ဆေးမှုများ နေ့စဉ်လုပ်ဆောင်လျက်ရှိရာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ပိုမိုများပြားလာကြောင်း တွေ့ရှိ ရသည်။

 

မတ် ၂၇ ရက် ဆေးမှတ်တမ်းများအရ ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ရသူ ၁၁၆၅၈ ဦးကျော်ရှိပြီး သေဆုံးသူအရေအတွက် ၅၇၈ ဦးရှိသည်။ လူနာအများစုသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်။ လန်ဒန်မြို့အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် ဗြိတိန်နိုင်ငံအတွင်း ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက်၏ သုံးပုံတစ်ပုံခန့်ရှိသည်။ မတ် ၂၆ ရက် ဆေးမှတ်တမ်းများအရ စကော့တလန်တွင် ၈၉၄ ဦး၊ ဝေလဒေသတွင် ၇၄၁ ဦးနှင့် မြောက်ပိုင်းအိုင်ယာလန်တွင် ၂၄၁ ဦးတို့ တွေ့ရှိခဲ့သည်။

 

ဝန်ကြီးချုပ် ရောဂါကူးစက်ခံရ

 

အသက် ၅၅ နှစ်အရွယ်ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံနေရကြောင်း မတ် ၂၇ ရက် ဆေးမှတ်တမ်းများအရ သိရသည်။ ယခုအချိန်တွင် ရောဂါလက္ခဏာများပြင်းထန်စွာ မခံစားရသေးကြောင်း ဘောရစ်ဂျွန်ဆင်က သူ၏တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။ ယခုအချိန်တွင် ၎င်းအား သီးခြားစောင့်ကြည့်လျက်ရှိပြီး လုပ်ငန်းများကို နေအိမ်မှသာ လုပ်ကိုင်လျက်ရှိသည်။

 

လက်ရှိအချိန်တွင် လန်ဒန်မြို့ရှိ ဆေးရုံများတွင် ဗိုင်းရပ်စ်ကူးစက်ခံလူနာများ ပိုမိုများပြားလျက် ရှိသောကြောင့် အထူးကြပ်မတ် ကုသမှုပေးသည့် ခုတင်လွတ်များ မကျန်ရှိတော့ကြောင်း ဆေးရုံများအား ကိုယ်စားပြုသည့် အင်န်အိတ်ချ်အက်စ် အဖွဲ့အစည်းက ပြောကြားခဲ့သည်။

 

လန်ဒန်ဆေးရုံများတွင် အရေးပေါ်အခြေအနေ အထူးကြပ်မတ်ကုသမှုများကို စီစဉ်ဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံအတွင်း ရောဂါကူးစက်မှု မြင့်မားလာသည့်အတွက် ဆေးရုံတိုင်းတွင် အရေးပေါ်အခြေအနေ အထူးကြပ်မတ် ကုသမှုများ လိုအပ်လျက်ရှိနေဆဲပင်ဖြစ်သည်။

 

ဆေးဝန်ထမ်းများ၏ လုပ်အားဆုံးရှုံးမှုနှင့် ရင်ဆိုင်ရ

 

ဆေးရုံများတွင် ဆေးဝန်ထမ်းများ၏ လုပ်အားဆုံးရှုံးမှုသည် လူနာများအတွက် အန္တရာယ်များပြီး အသက်အန္တရာယ် ဆုံးရှုံးသွားနိုင်သော အခြေအနေကို ရောက်ရှိစေသည်။ ထိုသို့ဆေးဝန်ထမ်းများ၏ လုပ်အားဆုံးရှုံးမှုကို ဖြစ်စေနိုင်သော အကြောင်းရင်းနှစ်ချက်ရှိ သည်။ ပထမတစ်ချက်မှာ ဗိုင်းရပ်စ်ပိုးကူးစက်ပြီး အရေးပေါ်အခြေအနေတွင် ရောက်ရှိနေသော လူနာများအဆက်မပြတ် ရောက်ရှိလာခြင်းနှင့် ဒုတိယတစ်ချက်မှာ ဆေးဝန်ထမ်း ၃၀ (သို့မဟုတ်) ၄၀ ရာခိုင်နှုန်းနှင့် အချို့ဒေသများတွင် ၅၀ ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်ကူးစက် ခြင်းခံနေရသည့်အတွက် ဆေးကုသမှုများ ခံယူနေရသည်။ အချို့ဗိုင်းရပ်စ်ကူးစက်ခံ လူနာများနှင့် အနီးကပ်ထိတွေ့ ဆက်ဆံခဲ့သော ဆေးဝန်ထမ်းများမှာ သီးခြားစောင့်ကြည့်ခြင်း ခံနေရခြင်းတို့ကြောင့် ဆေးဝန်ထမ်းများ၏ လုပ်အားများ ကျဆင်းလာခြင်းဖြစ်သည်။

 

အသေးစားခွဲစိတ်ကုသလူနာများကိုလက်မခံ

 

လန်ဒန်ရှိ ဆေးရုံများက ဗိုင်းရပ်စ်ကူးစက်ခံလူနာများအတွက် ခုတင်လုံလောက်မှုရှိစေရန် လာမည့်လအတွင်း အစားထိုးကုသမှုခံယူရန် စာရင်းပေးထားသော လူနာများကို သုံးလတိုင်တိုင် ယာယီဖျက်သိမ်းခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ဆေးရုံတွင်ဆေးကုသမှုခံယူရန် အရေးမကြီးသောလူနာများကို ဆေးရုံမှဆင်းရန် တွန်းအားတစ်ခု ဖြစ်စေခဲ့သည်။ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် အင်္ဂလန်နိုင်ငံအတွင်း ဆေးရုံခုတင် တစ်သိန်းအနက် ခုတင်သုံးသောင်းခန့် နေရာလွတ်များရရှိကာ ဗိုင်းရပ်စ်ကူးစက်ခံ လူနာများအတွက် အဆင်သင့် ပြင်ဆင်ထားနိုင်ခဲ့သည်။

 

ကျန်ဒေသများရှိ ဆေးရုံအများအပြားလည်း ယင်းသို့လုပ်ဆောင်လျက်ရှိပြီး ဗိုင်းရပ်စ် ကူးစက်ခံ လူနာများအတွက် အသင့်ပြင်ဆင်ထားလျက်ရှိသည်။ သို့သော် ဆေးရုံများတွင် ဆေးကုသမှုခံယူရန် လိုအပ်သည့် ကင်ဆာ ရောဂါသည်များကို ဆေးရုံများတွင်သာ ဆေးကုသမှုခံယူစေပြီး အရေးပေါ်အခြေ အနေရောက်ရှိနေသော ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာများကိုလည်း ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးမည်ဖြစ်သည်။

 

အထူးကြပ်မတ်ကုသမှုခုတင်များတိုးမြှင့်ထား

 

အင်္ဂလန်နိုင်ငံတွင် ဗိုင်ရပ်စ်ကူးစက်ခံ လူနာများအတွက် အထူးကြပ်မတ်ကုသမှု ခုတင်လေးထောင်နီးပါး ပြင်ဆင်ဆောင်ရွက်ထားသည်။ သို့သော် မတ်လအစောပိုင်းမှစပြီး ခုတင် ၁၀ လုံးတွင် ရှစ်လုံးခန့် လူနာများ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် လေသန့်စက်များပါဝင်သော အထူးကြပ်မတ်ကုသမှု ခုတင် ၁၂၀၀၀ ခန့်ကို ထပ်မံပြင်ဆင်ဆောင် ရွက်လျက်ရှိသည်။

 

လေဟာပြင်ဆေးရုံများ ပြင်ဆင်ထား

 

ဗိုင်းရပ်စ်ကူးစက်လူနာများအား ဆေးကုသမှုပေးရန်အတွက် လန်ဒန်အရှေ့ပိုင်း The Ex Cel စင်တာတွင် လေဟာပြင်ဆေးရုံကြီးတစ်ခုကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဆေးရုံကြီးတွင် လူနာ ၄၀၀၀ ခန့် ဆေးကုသမှု ခံယူနိုင်မည်ဖြစ်သည်။ အဆိုပါ ဆေးရုံတွင် ဆေးဝန်ထမ်းများအပြင် ဆေးကျောင်းသား ဆရာဝန်လောင်းများကိုပါ တာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။ ထို့ပြင် လေသန့်စက်များနှင့် အောက်ဆီဂျင်စက်များ ပါဝင်သော အထူးကြပ်မတ် ကုသမှုခုတင် ၅၀၀ ခန့် ထားရှိမည်ဖြစ်သည်။ အဆိုပါ လေဟာပြင် ဆေးရုံများကို ဘာမင်ဂန်နှင့် မန်ချက်စတာမြို့များတွင်လည်း ပြင်ဆင်ထားရှိမည်ဖြစ်သည်။

 

ဝန်ထမ်းဟောင်းများနှင့် စေတနာ့ဝန်ထမ်းများကလည်း ကူညီပေး

 

နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရာတွင် ဆေးဝန်ထမ်းများကို အကူအညီပေးရန် သက်ဆိုင်သည့် ဝန်ကြီးဌာနများက ဝန်ထမ်းဟောင်းများနှင့် စေတနာ့ဝန်ထမ်းများအား အကူအညီတောင်းခံခဲ့သည်။ ထို့ကြောင့် ဆရာဝန် ၂၆၀၀ နှင့် သူနာပြု ၆၀၀၀ ကျော်အပါအဝင် ဝန်ထမ်းဟောင်း ၁၂၀၀၀ ခန့်သည် ရောဂါကုသရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ဆေးဝန်ထမ်းများနှင့်အတူ ပါဝင်ကူညီလျက်ရှိသည်။ ထို့ပြင် ရှေးဦးသူနာပြု ကျောင်းသား၊ ကျောင်းသူ ၁၈၇၀၀ နှင့် နောက်ဆုံးနှစ် ဆေးကျောင်းသား ဆရာဝန်လောင်း ၅၅၀၀ ကျော်တို့လည်း ဆေးကုသမှုများတွင် ပါဝင်ကူညီပေးလျက်ရှိသည်။

 

ကျန်းမာရေးဝန်ကြီး မတ် ဟန်ကွက် က နိုင်ငံတွင်း ဆေးဝါးများနှင့် အစားအစာများ မျှဝေပေးရန် စေတနာ့ဝန်ထမ်း ၂၅၀၀၀၀ ကို အကူအညီတောင်းခံထားသည်။ ဝန်ကြီး ဟန်ကွက်၏ ကမ်းလှမ်းချက်ကို ကြေညာပြီး နောက် ၂၄ နာရီအတွင်းမှာပင် စေတနာ့ဝန်ထမ်း ၅၀၀၀၀၀ ကျော်သည် နိုင်ငံအတွင်း ဆေးဝါးများနှင့် အစားအစာများ ကူညီဝေမျှ ပေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။

 

အခက်အခဲများနှင့် ရင်ဆိုင်နေရ

 

ဆရာဝန်နှင့် သူနာပြုဝန်ထမ်းဟောင်းများ စုဆောင်းရခြင်း၏ ရည်ရွယ်ချက်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသော ဆေးဝန်ထမ်းများအား ပြုစုကုသ စောင့်ရှောက်ပေးရန် ဖြစ်သည်။ အင်္ဂလန်နိုင်ငံ၏ ဆေးဝန်ထမ်းများသည် ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ ဆေးစစ်မှုခံယူခြင်း မရှိသေးပေ။ လက်ရှိအချိန်တွင် အစိုးရကတစ်နေ့လျှင် လူပေါင်း ၆၀၀၀ ခန့်သာ ဆေးစစ်ပေး လျက်ရှိသည်။ ထို့ပြင် ဆေးရုံမှလူနာများကို ပထမဦးစားပေးအနေဖြင့် ဆေးစစ်ပေးလျက် ရှိသည်။ လာမည့်ရက်သတ္တပတ်တွင် တစ်နေ့လျှင် လူ ၁၀၀၀၀ ခန့်ကို ဆေးစစ်ပေးမည်ဖြစ်ပြီး ဧပြီလ အလယ်ပိုင်းတွင် ပြည်သူ ၂၅၀၀၀ ခန့်ကို ဆေးစစ်ပေးရန် အစိုးရက စီစဉ်လျက်ရှိသည်။

 

ဗိုင်းရပ်စ် ကူးစက်ခံရသူလူနာများအား ပြုစုစောင့်ရှောက်ရာတွင် အခြေခံလိုအပ်သော ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ လက်အိတ်များနှင့် ဝတ်ရုံရှည်များ ပြတ်လပ်ခြင်းသည်လည်း အခက်အခဲများအနက်မှ တစ်ခုဖြစ်သည်။

 

အစိုးရကချမှတ်ထားသော ဗိုင်းရပ် ကူးစက်မှုဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူပေါင်းသန်း ၄၀ ခန့် သေဆုံးသွားနိုင်ဖွယ်ရှိသည်ဟု ဗြိတိန် တက္ကသိုလ် သုတေသီများက ခန့်မှန်း ပြောကြားကြသည်။

 

လူစုလူဝေးခြင်းများကို ရှောင်ရှားခြင်းကို စောစီးစွာ အကောင်အထည်ဖော်ဆောင်ရွက် ထားမည်ဆိုလျှင် ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည်ဆိုလျှင် လူသေဆုံးမှုနှုန်းကို လျှော့ချနိုင် မည်ဖြစ်ကြောင်း လန်ဒန်အင်မ်ပီရီယယ် ကောလိပ်မှ သုတေသီများက ဆိုသည်။

 

အထက်ပါ ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဗြိတိန်နိုင်ငံ ရင်ဆိုင်နေရသော အခက်အခဲ အကျပ်အတည်းများကို သင်ခန်းစာယူပြီး ကြိုတင်ဆောင်ရွက်မှုများကို ဗိုင်းရပ်စ်ကာကွယ်ဆေး မဖော်ထုတ်နိုင်သေးမီ အချိန်အထိ ဆက်လက်ဆောင်ရွက်မည်ဆိုပါက ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

ကိုးကား-ဘီဘီစီ