ကမ္ဘာ့နှလုံးနေ့

၂၀၂ဝ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်နေ့ဟာ ကမ္ဘာ့နှလုံးနေ့ (World Heart Day) နေ့ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Use heart to beat Cardiovascular Disease” ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအင်္ဂါတစ်ခုဖြစ်တဲ့ နှလုံးကို ဂရုပြုထိန်းသိမ်းကြဖို့ နှလုံးရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ခြင်းတို့ကို လူသားများအသိ သတိရှိရှိ နိုးကြားစွာ ကာကွယ်နိုင်ကြစေဖို့ နှိုးဆော်တဲ့အနေနဲ့ ဒီလိုနေ့တစ်နေ့သတ်မှတ်ပြီး ကျင်းပကြတာ ဖြစ်ပါတယ်။

The World  Heart  Federation  ကမ္ဘာ့နှလုံး အသင်းကြီးဆိုပြီး ဖွဲ့စည်းထားကာ လူသားများရဲ့ နှလုံး ကျန်းမာရေးအတွက်   အဘက်ဘက်က အထောက်အကူ ပြုလျက်ရှိပါတယ်။ The World Heart Federationရဲ့ လေ့လာမှုများအရ နှလုံးရောဂါများနဲ့ လေဖြတ်ခြင်းတို့ဟာ ကမ္ဘာ့နံပါတ် ၁  လူသတ်ရောဂါများ  ဖြစ်ကြပြီး တစ်နှစ်လျှင်  လူပေါင်း  ၁၈ သန်းခန့် သေဆုံးနေရကြောင်း  သိရပါတယ်။  ၂၀၃ဝ ပြည့်နှစ်ခန့်မှာ အဲဒီ သေဆုံးနှုန်းဟာ၂၃ သန်းခန့် ရှိလာနိုင်မယ်လို့ ခန့်မှန်းပါ တယ်။ အသက် ၃ဝ နဲ့ ၇၀ အကြားရှိသူများမှာ သေဆုံးသူ ၁၀ ဦးလျှင် အနည်းဆုံး  တစ်ဦးခန့်နဲ့    သေဆုံးသူပေါင်းရဲ့    ၃၀   ရာခိုင်နှုန်းကျော်ဟာ   နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါများကြောင့် ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ Premature Deaths ခေါ် အရွယ်မတိုင်မီ သေဆုံးရမှုများရဲ့ ၈၀ ရာခိုင်နှုန်းမျှ ရှိနိုင်တယ်လို့လည်း ခန့်မှန်းကြောင်း သိရပါတယ်။   ကင်ဆာ၊   ထိခိုက်မှုများ (Accidents)နဲ့ အခြားရောဂါကြီးများကြောင့် သေဆုံးနေရမှုများထက် ပိုများနေဆဲဖြစ်ပါတယ်။

အန္တရာယ်ရှိသော စားသောက်နေထိုင်မှုပုံစံများ

ဒီလိုဖြစ်ပွားနေရခြင်းဟာ ယနေ့ လူသားအများစုရဲ့ စားသောက်နေထိုင်မှုပုံစံများကြောင့်   ဖြစ်ပါတယ်။ ဆေးလိပ်သောက်တာ၊    အဆီအဆိမ့်၊   အကင်စာ၊ အရက်အလွန်အကျွံ သောက်ကြ၊ စားကြတာ၊ ကိုယ်လက် လှုပ်ရှားမှုနည်းပါးကြတာ၊ မိမိတို့နဲ့ ကိုက်ညီတဲ့ ကိုယ်အလေး   မထိန်းနိုင်ကြတာ၊  စိတ်အလိုမကျ၊ စိုးရိမ် သောကတွေ ဖိစီးလာတာ၊   ဆီးချို၊ သွေးတိုးရောဂါတွေ    အဖြစ် များလာတာတွေကြောင့်   ဖြစ်ပါတယ်။ လူ့နှလုံး ဟာ လက်သီးဆုပ်အရွယ် ကြွက်သားအစုဖြစ်ပြီး တစ် မိနစ်ကို  ပျမ်းမျှ ၇၂ ကြိမ်နှုန်းနဲ့   သက်တမ်း ၆၆ နှစ် ရှိသူအတွက်  အကြိမ်ပေါင်း ၂ ဒသမ ၅ ဘီလီယံမျှ ခုန်နေတာ     ဖြစ်ပါတယ်။     နှလုံးခုန်တယ်ဆိုတာ သွေးများကို တစ်ကိုယ်လုံးဆီ ညှစ်ထုတ်ပေးတာဖြစ်ပြီး တစ်မိနစ်ကို သွေး ၄ ဒသမ ၅ - ၅ ဒသမ ၇ လီတာမျှနှုန်းနဲ့ ညှစ်ထုတ်ပို့ပေးပါတယ်။    နှလုံးရဲ့  အလေးချိန်ဟာ အမျိုးသမီး ၂၅၀-၃၀၀ ဂရမ်၊ အမျိုးသား ၃၀၀-၃၅၀ ဂရမ်မျှ ဖြစ်ပါတယ်။ ဒါကြောင့်  အမျိုးသားတွေကပိုပြီးနှလုံးကြီးကြလေ့ရှိတယ်လို့     ဆိုရမှာဖြစ်ပါတယ်။ လူ့နှလုံးဟာ သန္ဓေအောင်ပြီး ၂၂ ရက်အကြာမှာ စတင် ဖြစ်ပေါ်ပါတယ်။ နောက်ဆုံးသွေးပေါ်ရက်ကနေဆို ငါး ပတ်အကြာမှာ  ဖြစ်နေပြီလို့လည်း ဆိုနိုင်ပါတယ်။

သန္ဓေသား   နှလုံးကလေးဟာ  ပထမကိုယ်ဝန်ဆောင် စဉ်ကာလမှာ     တစ်မိနစ်ကို  ၁၆၅ - ၁၈၅ နှုန်းခုန်နေပြီ      ဖြစ်ပါတယ်။  နှလုံးကနေ သွေးလွှတ်ကြောနဲ့  သွေးပြန်ကြော စနစ်များကို  တည်ဆောက်ပြီး တစ်သက်တာလုံး တာဝန်ထမ်းဆောင်ပါတော့တယ်။         အရွယ်ရောက် ပြီးသူတစ်ယောက်ရဲ့  နှလုံးဟာ တစ်နှစ်ကို အကြိမ်ပေါင်း ၄၀၀၀၀၀၀ဝ မျှ ခုန်ရပါတယ်။    တစ်နာရီအတွင်းမှာ နှလုံးရဲ့ လုပ်အားကြောင့် စွမ်းအင်ထွက်မှုဟာ အလေးချိန် တစ်တန်လောက်ရှိတဲ့   ဝန်တစ်ခုကို  မြေပြင်ကနေ တစ်ကိုက်လောက်  မြောက်သွားအောင်လုပ်နိုင်တဲ့ စွမ်းအင်နဲ့ ညီပါတယ်။ ၈ဝ ရာခိုင်နှုန်းသော    နှလုံးရောဂါကြောင့် သေဆုံးရမှုများဟာ     ကာကွယ်လို့ ရနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု၊  ဆေးလိပ်ဖြတ်မှု၊  သွေးတိုး၊ ဆီးချို ရောဂါများကို      စနစ်တကျကုသမှု၊     ကျန်းမာရေး   စစ်ဆေးခြင်း  မှန်မှန်လုပ်မှု  စသည်များ   ဆောင်ရွက်ခြင်း ဖြင့် ကာကွယ်နိုင်ပါတယ်။    ကလေးငယ်များဆိုရင် Rheumatic Heart Disease ခေါ်    လေးဖက်နာ နှလုံးရောဂါကိုလည်း  ကောင်းစွာစစ်ဆေး ကုသနိုင်ရင် ကလေးများစွာရဲ့  အသက်များကို ကယ်တင်နိုင်ပါတယ်။

ကျန်းမာစေကြောင်း ခြေလှမ်းတစ်သောင်း

တစ်နေ့ကို   အနည်းဆုံးခြေလှမ်းတစ်သောင်း လျှောက်ပေးပါလို့   နှိုးဆော်ကြပါတယ်။ ဒါကြောင့် ကျန်းမာစေကြောင်း   ခြေလှမ်းတစ်သောင်းလို့တောင်   ပြောချင်ပါတယ်။   လမ်းလျှောက်သွားလို့ရတဲ့   ခရီးကို လမ်းပဲလျှောက်ပါ။   လှေကား   တက်နိုင်သလောက် တက်ပါ။ အသက်ကြီးသူများလည်း  ကိုယ်တတ်နိုင် သလောက် သွားလာလှုပ်ရှားပါ။ Walk for the heart ဆိုပြီး    နှလုံးကျန်းမာ၊ လူ့ကျန်းမာရေးအတွက် တပ်လှန့် ဆောင်ရွက်နေကြပါပြီ။

ယခုနှစ်ရဲ့     ဆောင်ပုဒ်  “Use Heart to Beat Cardiovascular Disease” အရ Your Head သင့်ရဲ့ ခေါင်းကို သုံးပါတဲ့။ နှလုံးကျန်းမာအောင် ပြုစုပျိုးထောင် အသိပညာ ဗဟုသုတများကို လေ့လာမှတ်သား ကျင့်သုံး ဖို့   ဆိုလိုတာဖြစ်ပါတယ်။    နောက်တစ်ခုက Your Influence   လူတစ်ယောက်စီဟာ  သူ့မိသားစု အပါအဝင် သူ့ရဲ့ လူ့အဖွဲ့အစည်း၊    ချစ်ခင်သူများအတွက် အရေးပါ သူများ ဖြစ်ကြပါတယ်။     မိမိကိုယ်တိုင်က   နှလုံး ကျန်းမာရေးကို အလေးထားစောင့်ရှောက်မယ်ဆိုရင် မိမိအနီးက  သူတွေအပေါ်မှာလည်း  လွှမ်းမိုးမှုရှိလာမှာ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူ တစ်ဦး ဖြစ်ရင် လည်း   မိမိလူနာများရဲ့  နှလုံးကျန်းမာမှုတို့ အတွက်  ဆောင်ရွက်ပေးနိုင်မယ်။ အလုပ်ရှင်ဖြစ်ရင် မိမိလုပ်သား များအတွက်၊ နောက်ဆုံးနိုင်ငံရဲ့ အစိုးရဖြစ်ရင် တစ်နိုင်ငံ လုံးက   နိုင်ငံသားအားလုံးအတွက်  ကျန်းမာသော နှလုံး ပိုင်ရှင်များ ဖြစ်လာအောင် ဆောင်ရွက်ပေးနိုင်မယ့် အကြောင်း ဆိုလိုပါတယ်။ ပြီးတော့ Your Compassion မိမိရဲ့ ကရုဏာတရားနဲ့   နှလုံးရောဂါဝေဒနာရှင်များ အခုလို  ကိုဗစ်-၁၉ ရောဂါကာလမှာ ထိခိုက်လွယ်တဲ့ နှလုံးရောဂါရှင်များကို       အထူးအလေးထား ပြုစုစောင့် ရှောက်ဖို့၊ အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ တိုက်တွန်း လိုတာလည်း ဖြစ်ပါတယ်။

The World Heart Day မှာ   နိုင်ငံပေါင်း ၂၀၀ ကျော်ခန့်က     အစိုးရအဖွဲ့များ၊    အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊  လူမှုရေးအဖွဲ့အစည်းများ   ပါဝင် ဆောင်ရွက်ကြပါတယ်။         လှုပ်ရှားမှုများအနေနဲ့ ကျန်းမာရေး စစ်ဆေးခြင်းများ၊ အားကစား လှုပ်ရှားမှုများ၊  ပြိုင်ပွဲများကျင်းပခြင်း၊   လူထုကို       ကျန်းမာရေး ပညာပေးခြင်းများ၊ အနုပညာဖျော်ဖြေပွဲများ ကျင်းပခြင်း၊ ဆေးပညာဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်း၊     ပြပွဲများ ကျင်းပခြင်း၊     လှည့်လည်ပွဲများ    ကျင်းပခြင်းတို့   ပါဝင်လေ့ရှိပါတယ်။ အခုလို ကိုဗစ်-၁၉ ရောဂါကာလမှာတော့  သင့်တော်မယ့်နည်းလမ်းများနဲ့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

နောက်ဆက်တွဲ လေဖြတ်ခြင်း

နှလုံးရောဂါ၊       သွေးတိုးရောဂါများကြောင့်   လေဖြတ်ခြင်းကလည်း  ဖြစ်တတ်ပြီး  လေဖြတ်မှုကြောင့် မသန်စွမ်းဖြစ်မှု၊      ဆေးကုသကုန်ကျစရိတ်များမှု၊     လုပ်အားဆုံးရှုံးမှု၊      မိသားစုအတွက်    ဝန်ထုပ်ဝန်ပိုးဖြစ်မှု စသည်များနဲ့အတူ သေဆုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။ မကြာမီက ဆရာဝန်ကြီးတစ်ဦးပြောဆိုချက်အရ “မြန်မာနိုင်ငံမှာ စာရင်းဇယား   အတိအကျမရလို့   ကျွန်တော်ထင် တာ ပြောရရင် လေဖြတ်လို့   သေကြတာ      အများဆုံးဖြစ် မယ်” လို့တောင် ပြောပါတယ်။ ဒါကြောင့် Risk factors လို့ခေါ်တဲ့    နှလုံးရောဂါနဲ့   လေဖြတ်နိုင်ခြင်းတွေကို ဖြစ်စေနိုင်တဲ့ အောက်ပါအချက်များကို သတိပြုစေလို ပါတယ်။

 ၁။ သွေးတိုးခြင်း၊ သွေးအတွင်း အဆီဓာတ်မြင့်မားခြင်း၊ သွေးချိုမြင့်မားခြင်း။

 ၂။ ဆေးလိပ်သောက်ခြင်း။

 ၃။ သစ်သီး၊ ဟင်းသီးဟင်းရွက်များ စားသုံးမှုနည်းပါး ခြင်း။

 ၄။ ကိုယ်အလေးချိန်တိုးခြင်း၊ အဝလွန်ခြင်း။

 ၅။ ကိုယ်လက်လှုပ်ရှားမှု  နည်းပါးခြင်း စသည်တို့ကို အထူးဂရုပြု ပြုပြင်သင့်ပါတယ်။

 နှလုံးကျန်းမာရေးအတွက် မိမိကိုယ်အလေးချိန်ကိုသင့်တင့်တဲ့    အခြေအနေမှာ   ထိန်းထားပါ။ ဟင်းသီး ဟင်းရွက်၊ သစ်သီးများများ စားသုံးပါ။ အစေ့အဆန်များ ရွေးချယ်  စားသုံးပါ။     မသင့်လျော်သော  အဆီများနဲ့ အဆီဓာတ်များ လျှော့ချပါ။    အဆီဓာတ်နည်းသော   အသားဓာတ်ကို ရွေးချယ်စားသုံးပါ။ ဆား လျှော့စားပါ။  နေ့စဉ်စားသုံးမှုကို   စနစ်တကျ   စီစဉ်ဆောင်ရွက်ပါ။ လိုအပ်ပါက ဆေးကုသမှု ခံယူပါ စသည်တို့ဖြစ်ပါတယ်။

 နှလုံးရောဂါနှင့် ကိုဗစ်-၁၉

အခုအခါ ကိုဗစ်-၁၉ ရောဂါကြီးကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေကြရပါတယ်။    ဒီရောဂါဟာ  လူ့ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေရာမှာ နှလုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ The Texas University  Science Centre at Houston ဟူစတန်မြို့ရှိ    တက္ကဆက်စ်တက္ကသိုလ် သိပ္ပံဌာနမှ   သုတေသီတို့ရဲ့  လေ့လာတွေ့ရှိချက်အရ ကိုဗစ်-၁၉ တို့သည်    နှလုံးကိုလည်း   ထိခိုက်စေနိုင် ကြောင်း  နဂိုက    နှလုံးရောဂါအခံမရှိသူများမှာ နှလုံး ထိခိုက်ခံရမှုများ      ရှိနိုင်ကြောင်း       သိရပါတယ်။    Dr. Mohammad Madjid   လေ့လာသူအကြီးအကဲ ဒေါက်တာမိုဟာမက်  မက်ဂျစ်ဆိုသူက   “အရင်က နှလုံး ရောဂါမရှိသူ၊  နှလုံးကောင်းပါတယ်ဆိုတဲ့  သူတွေမှာတောင်  ကိုဗစ်-၁၉ ကြောင့် နှလုံးကြွက်သားတွေ ထိခိုက် ပျက်စီးနိုင်တာ  တွေ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ  တစ်မျိုးမျိုးရှိပြီးသူတွေဆို   ပိုသတိထားရပါမယ်” လို့ ဆိုပါတယ်။

 ကမ္ဘာကျော်  မေယိုကလင်းနစ်  နှလုံးရောဂါဌာနမှ ဌာနမှူး   ဒေါက်တာလက်စလီကူးပါးက “နှလုံးရောဂါ အခံရှိသူများအနေနဲ့  ကိုဗစ်- ၁၉ ပိုး ကူးစက်ထိခိုက် မှုကို အထူးသတိထားကြရပါမယ်။     သူတို့မှာ   ဖြစ်ရင်   သိပ်ပြင်းထန်နိုင်ပါတယ်” လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကြောင့်    အသက်ရှူလမ်းကြောင်း    ထိခိုက်ပျက်စီးနေပြီ ဆိုရင်   နှလုံးရဲ့ စွမ်းဆောင်မှုတွေလည်း    ကျဆင်းလာပါ တယ်။ Systemic Inflammatory response ခေါ်တဲ့ ကူးစက်ရောဂါကို  ခန္ဓာကိုယ်ရဲ့  အင်္ဂါစနစ်အသီးသီးက ခုခံတုံ့ပြန်မှုကြောင့် နှလုံးအပါအဝင် အရေးကြီးကိုယ်တွင်း အင်္ဂါများရဲ့   ကြံ့ခိုင်မှုများ  ကျဆင်းလာတတ်ပါတယ်။ ဒီဖြစ်ရပ်ရဲ့  နောက်ဆက်တွဲအဖြစ် နှလုံးထိခိုက်နိုင်တာ ဖြစ်ပါတယ်။ တချို့ဆို direct viral infection to heart နှလုံးဆီ ဗိုင်းရပ်စ်ပိုးက တိုက်ရိုက်  ဝင်ရောက်နိုင်တာလည်း ဖြစ်တတ်ပါတယ်။

“ကိုဗစ်-၁၉ နဲ့  နှလုံးတို့နဲ့  ပတ်သက်ပြီး အောက်ပါ အချက် (၂) ချက်ကို သတိပြုစေလိုပါတယ်” လို့လည်း ပြောကြားပါတယ်။

၁။ Heart Failure နှလုံးပျက်စီးခြင်းရောဂါ။

ဒီရောဂါဟာ     နှလုံးကြွက်သားများ အားပျော့ ပျက်စီးတာဖြစ်ပါတယ်။    နှလုံးကနေ   သွေးတွေကို အလုံအလောက်  ညှစ်ထုတ်မပို့ပေးနိုင်လို့  ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေတာ ဖြစ်ပါတယ်။

၂။ Abnormal Heart Rhythms နှလုံးခုန်မှုမှန်ခြင်း။

နှလုံးဟာ စည်းချက်ကျကျ၊ နရီ rhythm  မှန်မှန်ခုန် နေမှ   ဇီဝယန္တရားကလည်း    ပုံမှန်လည်ပတ်နေမှာ ဖြစ်ပါတယ်။

နှလုံးကျန်းမာစေရာ၊ အိမ်မှာနေပါ

ဒီလိုဖြစ်နေတဲ့    အခြေအနေမျိုးမှာ   ကိုဗစ်-၁၉ ကူးစက်ခံရရင် ပိုမိုထိခိုက်စေနိုင်ပါတယ်လို့  သိရပါတယ်။

ကိုဗစ်-၁၉ ကြောင့် အဆုတ်ပျက်စီးကာ အဆုတ် အတွင်း အတွင်းဖိအားများလာခြင်း၊ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကြောင့် နှလုံးကြွက်သား ရောင်ရမ်းခြင်း myocarditis ဖြစ်လာနိုင်ပါတယ်။  နှလုံးမကောင်းတဲ့သူများ ကိုဗစ်-၁၉ ကြောင့် ပိုမိုထိခိုက်နိုင်ခြေ ရှိနိုင်တာကိုတော့  သတိပြုရပါမယ်လို့ ဒေါက်တာကူးပါးက ဆိုပါတယ်။

အသက်ကြီးသူများမှာ   နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ     (ဥပမာ-နှလုံးသွေးကြောကျဉ်းခြင်း)     သို့မဟုတ် သွေးတိုးရောဂါရှိနေပါက အလားတူ ထိခိုက်နိုင်တာမို့  သတိပြုကြရပါမယ်။ တချို့လူငယ်များမှာ လည်း နှလုံးကိုဗိုင်းရပ်စ်ပိုး တိုက်ရိုက်ကူးစက်  တိုက်ခိုက်တာ ဖြစ်နိုင်ပါတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ နှလုံးရောဂါ ဆက်စပ်နိုင်မှုများကို  အရေးတကြီး လေ့လာဖို့ လိုအပ်နေပြီမို့  American Heart Association and National Institutes of Health တို့က ဆောင်ရွက်နေပြီ လို့လည်း သိရပါတယ်။

ဒီ ကိုဗစ်-၁၉ ရောဂါဟာ   ၂၁ ရာစု   လူသားများ တစ်ကြိမ်တစ်ခါမှ  မကြုံကြဖူးသေးတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ခေတ်လူသားများ   အရှိန်အဟုန်ပြင်းစွာလှုပ်ရှားသွားလာနေကြမှုများကို လုံးဝရပ်တန့်လိုက်လို့ ထိခိုက်ဆုံးရှုံးရမှုများစွာ ကြုံတွေ့ကြရပါတယ်။ လူတစ်ဦးချင်းကအစ နိုင်ငံအဆင့်အထိ ဆုံးရှုံးရမှုများ ရင်ဆိုင်ကြရပါတယ်။ လွတ်လပ်ခြင်းနဲ့ လုံခြံမှုကင်းမဲ့ခြင်းတို့ရဲ့ နောက် ဆက်တွဲဆိုးကျိုးများကို    ခံစားကြရပါတယ်။ စိတ်ဖိစီးမှု များစွာ ခံစားကြရပါတယ်။ ဒါကြောင့် risk for all sorts of stress-related illnesses ဆိုတဲ့ စိတ်ဖိစီးမှုနဲ့ ဆက်စပ်တဲ့     ကိုယ်စိတ်ထိခိုက်မှုဝေဒနာများ     ရင်ဆိုင်နိုင်ကြပါ တယ်။  သွေးတိုး၊   နှလုံး၊  ဆီးချို စသည်ဖြင့် အဖြစ်များနေတဲ့   Non-communicable diseases မကူးစက်နိုင်သော် လည်း  ကျယ်ပြန့်စွာဖြစ်ပွားနေတဲ့ ရောဂါဖြစ်ပွားနေသူများအနေနဲ့  ကိုဗစ်-၁၉ ရောဂါကို အထူးဂရုပြုသင့်ပါတယ်။   Staying heart-healthy နှလုံးကို  သတိပြုထိန်းသိမ်းပါ၊ အိမ်မှာနေပါဆိုတဲ့အတိုင်း    နှလုံးကျန်းမာဖို့  ဂရုပြုကြ၊   ကိုဗစ်- ၁၉ ကို ကာကွယ်ဖို့  အိမ်မှာနေကြ  လိုက်နာရမယ့် အချက်တွေကို  လိုက်နာကြဖို့  လိုအပ်လှပါတယ်။

၂၀၂ဝ ပြည့်နှစ်မှာ    ကျရောက်တဲ့    “World Heart Day”    ကမ္ဘာ့နှလုံးနေ့မှာ      နှလုံးကျန်းမာရေးကို စောင့်ရှောက်ကြဖို့နဲ့အတူ   ကိုဗစ်-၁၉ ရောဂါကြောင့် နှလုံးကိုလည်း   ထိခိုက်စေတာမို့     “Staying heart-healthy, stay at home”နှလုံးကျန်းမာစေရာ၊  အိမ်မှာနေ ပါလို့နဲ့ ဂရုပြုကြဖို့   တိုက်တွန်း   နှိုးဆော်အပ်ပါတယ် ခင်ဗျာ။ ။

 

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

 

mdn