ကမ္ဘာပေါ်မှာ ကိုဗစ် - ၁၉ ဒုတိယကူးစက်မှုအမြင့်ဆုံးနိုင်ငံဖြစ်လာတဲ့ ဘရာဇီး

၂၂ ဇွန်

ဇွန်လတတိယပတ်အတွင်း နိုင်ငံတကာသတင်း စာမျက်နှာမှာ အတွေ့များတဲ့သတင်းကတော့ ဘရာဇီးနိုင်ငံရဲ့ ကိုဗစ် -၁၉ ကူးစက်မှုနှုန်းဟာတစ်သန်းကျော် သွားပြီဆိုတဲ့သတင်းပါပဲ။ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ နှုန်းဟာလည်း ဇွန် ၁၉ ရက်မှာတော့ ၄၉၀၀၀ အထိရှိ ပါတယ်။

ဒုတိယကူးစက်မှု အမြင့်ဆုံးနိုင်ငံ

ဒါကြောင့် ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဘရာဇီးနိုင်ငံဟာ ဒုတိယကူးစက်မှုအမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းမှာ လက်တင် အမေရိကမှာ တစ်ဝက်နီးပါးရှိပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ နောက်ပြီး ဘရာဇီးနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကူးစက်မှုနှုန်းဟာလည်း လျော့ကျမယ့် အနေအထား မရှိသေးပါဘူး။ ဇွန် ၁၈ ရက်မှာတော့ တိုင်းပြည်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေဟာ တည်ငြိမ်စပြုလာပြီလို့ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ရက်မှာတော့ ကူးစက်ခံရသူ ၅၄၇၇၁ ဦးထပ်မံတွေ့ရှိခဲ့တဲ့အတွက် မျှော်လင့်ချက်ဟာ ပြိုပျက်သွားပြန်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်

ဘရာဇီးနိုင်ငံမှာ ကူးစက်ရောဂါဆိုင်ရာ အဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး ဒို့စ်ဒေးဗစ်ဘရစ်တို ကတော့ ဘရာဇီးမှာ ကူးစက်ရောဂါဟာ အမြင့်ဆုံးအခြေအနေအထိ ရောက်နေပြီလို့ပြောဖို့ စောနေလွန်းသေးတယ်လို့ ပြောပါတယ်။

ကူးစက်ခံရမှုတွေ လျော့မသွားတဲ့အပြင် နောက်ထပ်ကူးစက်မှုတွေ တွေ့နေရတာတောင် အချို့ ပြည်နယ်တွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ “ကူးစက်မှုနှုန်းအမြင့်ဆုံးရောက်နေပြီလို့ ပြောဖို့ စောလွန်း နေပါသေးတယ်။ ဘာလို့လဲဆိုရင် ကူးစက်မှုအမြင့်ဆုံး ဟုတ် မဟုတ်ကို တိုင်းတာဖို့အတွက် ရောဂါထိန်းချုပ်မှု ဖြစ်ပွားမှုနှုန်းလျှော့ချဖို့နဲ့ သေဆုံးမှုနှုန်း လျော့ကျဖို့စတာတွေကို ကြည့်ပြီးတိုင်းတာရတာပါ။ ပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ လုပ်ဆောင်တာတွေ၊ အသွားအလာကန့်သတ်မှု လုပ်ဆောင်တာတွေကိုကြည့်ပြီး တိုင်းတာရတာလည်း ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။ လေ့လာမှုတွေအရတော့ တရားဝင် စာရင်းဇယားတွေမှာ ဖော်ပြမှုနှုန်းထက် မြေပြင်မှာ လက်တွေ့ကူးစက်ခံရမှုနှုန်းက ပိုပြီးများပြားတယ်လို့ ပြသနေပါ တယ်။

အတိအကျမပြောနိုင်

အသေးစားရောဂါလက္ခဏာတွေပဲ တွေ့နေရတာနဲ့ ဆေးစစ်မှုတွေ လျှော့ချတာတွေကြောင့် အမှန်တကယ် ကူးစက်ခံနေရတဲ့နှုန်းထားကို သိနိုင်ဖို့ရာ အခက်အခဲတွေ ဖြစ်ရပါတယ်။

ယခုသီတင်းပတ်အတွင်းမှာတော့ ဘရာဇီးနိုင်ငံသား ၂သန်းဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ ဘရာဇီး ပထဝီနဲ့ စာရင်းအင်း အင်စတီကျူကနေ ခန့်မှန်းမှု ပြုလုပ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ဒီလူတွေအားလုံး ကိုဗစ်-၁၉ အမှန်တကယ်ပဲ ကူးစက်ခံထားရတာလားဆိုတာကိုတော့ ဘယ်သူမှအတိအကျ မပြောနိုင်ပါဘူး။

စီးပွားရေးနဲ့လည်း သက်ဆိုင်

ဘရာဇီးနိုင်ငံရဲ့ ကိုဗစ် -၁၉ ကူးစက်မှုနှုန်းဟာစီးပွားရေး အခြေအနေနဲ့လည်း သက်ဆိုင်နေပါတယ်။ ရောဂါ စောပိုင်းကာလပျံ့နှံ့စဉ် အတွင်းမှာတော့ နိုင်ငံရပ်ခြားကို မကြာခဏဆိုသလို သွားလေ့ရှိတဲ့ လူလတ်တန်းစားနဲ့ အထက်တန်းလွှာတွေရဲ့ကြားမှာပဲ ရောဂါကူးစက်ပျံ့နှံ့တာပါ။ မြို့ကြီးပြကြီးတွေဖြစ်တဲ့ ဆော်ပေါ်လို၊ ရီယိုဒီဂျနေးရိုးနဲ့ ဘရာဆီးရီးယားတို့မှာ ကူးစက်မှုတွေ စတင်တွေ့ရှိခဲ့ပါတယ်။ ပြည်တွင်းကို ပျံ့နှံ့လာတဲ့နောက်ပိုင်းမှာတော့ လူဦးရေထူထပ်တဲ့ အိမ်နီးချင်းမြို့တွေဆီကိုကူးစက်မှုတွေ ပျံ့နှံ့လာခဲ့ပါတယ်။

ကူးစက်မှုအားကောင်းလာ

လူဦးရေထူထပ်မှုတွေ၊ အခြေခံဝန်ဆောင်မှုစနစ်တွေ ကင်းမဲ့တာကြောင့် ကူးစက်ပျံ့နှံ့မှုဟာ ပိုမိုအားကောင်း လာခဲ့ပါတယ်။ တိုင်းပြည်အတွင်းဆင်းရဲတဲ့ လူတန်းစားတွေဟာ လိုအပ်တဲ့ကာကွယ်မှုတွေခံယူဖို့ အခက်အခဲ ရှိသလို အသက်ရှင်သန်ရပ်တည်ရေးအတွက် နေအိမ်မှာပဲနေဖို့ဆိုတာ သူတို့အတွက်မဖြစ်နိုင်ပါဘူး။ ဆင်းရဲသားတွေမှာ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး အားလုံးလိုအပ်ချက်ရှိနေပြီး ဆပ်ပြာရည်နဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကအစ လိုအပ်နေတယ်လို့ ဘရစ်တိုက ပြောပါတယ်။ နောက်ပြီး အိမ်ရာလိုအပ်ချက်ကြောင့်လည်း မိမိတစ်ကိုယ်တည်း အသွားအလာကန့်သတ်ကာ သီးခြားနေထိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

အစိုးရရဲ့ အကူအညီ

အသက်ရှင်ရပ်တည်ဖို့အတွက် နေ့စဉ်ပုံမှန်ဝင်ငွေရ ရှိဖို့လိုအပ်ပြီး ပုံမှန်ဝင်ငွေအတွက် အလုပ်ကိုမဖြစ်မနေ သွားရပါတယ်။ သူတို့မှာသာ အလုပ်မရှိဘူးဆိုရင်အသက် ရှင်ရပ်တည်ဖို့ဆိုတာလည်း ဘာမှ အဓိပ္ပာယ် မရှိတော့ဘူးလို့ ဘရစ်တိုက ပြောပါတယ်။ ဧပြီလမှစတင်ပြီး ဘရာဇီးအစိုးရဟာ အမေရိကန်ဒေါ်လာ ၁၁၃ သန်းဝန်းကျင်လောက်ကို သုံးလဆက်တိုက်ပုံမှန်ဝင်ငွေမရှိတဲ့ အလုပ်သမားတွေကို ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ငွေကြေးလက်ခံရယူတာနဲ့ပတ်သက်ပြီး ပြဿနာတက်တာတွေလည်း အများကြီး ကြားသိရပါတယ်။ မကြာသေးမီ သီတင်းပတ်အတွင်းမှာတော့ ဘရာဇီးပြည်နယ် အစိုးရအချို့ဟာ စီးပွားရေး လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ခွင့်ပေးဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

ဘရာဇီးသမ္မတရဲ့ ယူဆချက်

ဘရာဇီးသမ္မတ ဂျာဘော်ဆွန်နာရိုကတော့ ရီယိုဒီဂျနေးရိုးနဲ့ ဆော်ပေါ်လိုမြို့တို့မှာလိုပဲ လူအချင်းချင်းခပ် ခွာခွာနေတဲ့ပုံစံ အသွားအလာကန့်သတ်စောင့်ကြည့်မှုတွေ ပြုလုပ်တာဟာ ဘရာဇီးနိုင်ငံကို ဗိုင်းရပ်စ်ကူးစက်တာ ထက်ပိုပြီး ဒုက္ခရောက်စေတယ်လို့ ယုံကြည်နေပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ဘရာဇီးနိုင်ငံကို စီးပွားရေးနွံထဲ ကျဆင်းသွားလိမ့်မယ်လို့ သူက တစ်ထစ်ချယုံကြည် နေပါတယ်။ အလုပ်လက်မဲ့ပြဿနာ၊ အလုပ်တွေရပ်နား ထားရလို့ဖြစ်ပေါ်လာမယ့် စီးပွားရေးပြဿနာတို့က ဗိုင်းရပ်စ်ထက်ပိုပြီး ဘရာဇီးနိုင်ငံကို အထိနာစေလိမ့်မယ်လို့ ဘရာဇီးသမ္မတက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အကြံပြုချက်များ

ယခုလအစောပိုင်းကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးဟာ ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူတွေ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို သွားတဲ့အခါမှာ ၊ ပါးစပ် နှာခေါင်းစည်းတပ်ဆင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ နောက်ပြီးတော့ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေကိုလည်း အသစ် ထပ်မံအကြံပြုခဲ့ပါတယ်။

ကိုဗစ် -၁၉ ကူးစက်မှုတားဆီးရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားတဲ့လိုက်နာရမယ့် အချက်တွေကတော့ မကြာခဏလက်ဆေးခြင်း၊ လူအချင်းချင်း ခပ်ခွာခွာနေခြင်း၊ ရောဂါရှိတယ်လို့ သံသယရှိသူကို သီးခြားထားခြင်း၊ သံသယရှိသူတွေကို စစ်ဆေးပေးခြင်းနဲ့ ၎င်းတို့နဲ့ ထိတွေ့ဆက်ဆံမိသူတွေကို ခြေရာခံလိုက်ဖို့ပဲ ဖြစ်ပါတယ်။

ဘရာဇီးသမ္မတ ခြိမ်းခြောက်မှုများ

ဒါပေမယ့် ဘရာဇီးသမ္မတကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ဘက်လိုက်တယ်လို့စွပ်စွဲပြီး အဖွဲ့ကြီးကနေ နုတ်ထွက်တော့မယ်လို့ ခြိမ်းခြောက်စကားဆိုခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မတိုင်ခင်ကလည်း အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ နုတ်ထွက်မယ်လို့ သမ္မတထရမ့်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ အမေရိကန်ရဲ့ စကားကို သံယောင်လိုက်ပြီး ဘရာဇီးသမ္မတကလည်း ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ အခုဆိုရင်ဘရာဇီးရဲ့ ရှေ့မှာ ကူးစက်မှုအများဆုံးနိုင်ငံဆိုလို့ အမေရိကန်တစ်နိုင်ငံသာ ကျန်ပါတော့တယ်။ ဘရာဇီးဟာ အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာပေါ်မှာကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့လည်း ဝေဖန်မှုတွေကြား သိနေရပါတယ်။ ။

ခြူးစန္ဒီနွေး

ကိုးကား - ဆင်ဟွာ