ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မြန်မာနှင့် ဂျပန်အသင်း ယှဉ်ပြိုင်ကစားမည်

၉ စက်တင်ဘာ 


၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်(၂) ကို စက်တင်ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ကွင်းပွဲအဖြစ် အာရှထိပ်သီးဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းပွဲကို ညနေ ၆ နာရီ ၅၀ မိနစ်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။


မြန်မာ-ဂျပန်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီက အင်းယားလိတ်ဟိုတယ်၌ ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များ တက်ရောက်ခဲ့သည်။ မြန်မာအသင်းနည်းပြချုပ်ရာဒူလိုဗစ်က ''ကျွန်တော်တို့အသင်းက အဖွင့်ပွဲမှာ မွန်ဂိုလီးယားကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်တွေအများကြီးရခဲ့ပေမယ့် အာရုံစူးစိုက်မှုလျော့နည်းမှု တစ်ခုကနေ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။


စင်ကာပူကို အနိုင်ရခဲ့တဲ့ခြေစမ်းပွဲလို ကစားနိုင်ခဲ့ပေမယ့် ကံမကောင်းဘဲ အရေးနိမ့်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒုတိယပွဲအဖြစ် ကစားရမယ့် ဂျပန်အသင်းက အာရှရဲ့ ထိပ်ဆုံးမှာရှိတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက်Challenge တစ်ခုပါပဲ။ သေချာတာကတော့ ဂျပန်နဲ့ပွဲမှာ အပေါင်းလက္ခဏဆောင်တဲ့ ရလဒ်မျိုးရအောင် ကစားမှာပါ။ အကောင်းဆုံးကြိုးစားကစားမှာပါ။ ကျွန်တော်တို့အသင်းက ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ရည်ရွယ်တည်ဆောက်နေတာဖြစ်ပြီး လာမယ့်ပွဲတွေအတွက် ပြင်ဆင်စရာရှိတာတွေ၊ ပြောင်းလဲစရာရှိတာတွေကို ပြောင်းလဲသွားရမှာပါ''ဟု ပြောကြားသည်။ မြန်မာ့လက်ရွေးစင်အသင်းနောက်ခံလူ ဇော်မင်းထွန်းက ''မွန်ဂိုလီးယားကို ရှုံးခဲ့ပေမယ့် ကျွန်တော်တို့ကစားသမားကြားမှာ စည်းလုံးမှုပြိုကွဲတာမရှိပါဘူး။ အရင်အတိုင်း ညီညွတ်မှုရှိပါတယ်။ ဂျပန်နဲ့ပွဲမှာ ကျွန်တော်တို့ပိုပြီး ကြိုးစားသွားမှာပါ''ဟု ပြောကြားသည်။


ဂျပန်လက်ရွေးစင်အသင်းနည်းပြချုပ် မိုရီယာဆုက ''ဒီပွဲက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပထမဆုံးကစားရတဲ့ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ မျှော်မှန်းထားတာကြောင့် ပွဲတိုင်းကအရေးကြီးပါတယ်။ မြန်မာအသင်းက အသင်းကောင်းတစ်သင်းဖြစ်သလို နိုင်ငံခြားသားနည်းပြနဲ့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ မွန်ဂိုလီးယားကို ရှုံးခဲ့တဲ့ပွဲကို ကျွန်တော်လေ့လာထားပါတယ်။ သူတို့ရှုံးခဲ့ပေမယ့် ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီးဂိုးမရခဲ့လို့သာ အနိုင်မရခဲ့တာပါ။ သူတို့မှာ လူငယ်ကစားသမားတွေများပြီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကစားသမားတွေ အများစု ပါဝင်နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာ လေ့ကျင့်တဲ့ရက်တိုင်း မိုးရွာတာနဲ့ကြုံရပေမယ့် ဒါက အသင်းအတွက် ပြဿနာမဖြစ်နိုင်ပါဘူး။ ကစားနေကျပုံစံအတိုင်း ကစားနိုင်ရင် ပွဲကိုအသာစီးရမှာပါ။ ဘယ်သူတွေကို သုံးမလဲဆိုတာတော့ လောလောဆယ်မှာ ပြောလို့မရသေးပါဘူး။ ညနေပိုင်းမှာ ပြုလုပ်မယ့်လေ့ကျင့်ခန်းအစီအစဉ်ပြီးမှ အကောင်းဆုံးဖြစ်မယ့် ၁၁ ယောက်ကို အသုံးပြုမှာပါ။ ကူဘိုကို အသုံးပြုမလားဆိုတာ သူ့ရဲ့ လေ့ကျင့်ရေးကွင်းပေါ်က စွမ်းဆောင်ရည်က အရေးကြီးပါတယ်။ အကောင်းဆုံးရလဒ်တစ်ခု ရယူနိုင်အောင်ကြိုးစားသွားမှာပါ''ဟု ပြောကြားသည်။


မြန်မာအသင်းနှင့် ဂျပန်အသင်းသည် ၁၉၉၄ အာရှအားကစားပြိုင်ပွဲတွင် တွေ့ဆုံပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်မှ အဓိကနိုင်ငံတကာပြိုင်ပွဲတွင် ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။ ဂျပန်လက်ရွေးစင်အသင်းတွင်ဥရောပအခြေစိုက်ကစားသမားအများစု ပါဝင်လာပြီး ယိုရှီဒါ၊ ကူဘို၊ ကာဝါဇာကီ၊ အိုဆာကို စသည့် ကစားသမားများ ပါဝင်လာသည်။ မြန်မာ့လက်ရွေးစင်အသင်းမှာလည်း မွန်ဂိုလီးယားနှင့် ကစားခဲ့သည့် လူစာရင်းကိုအခြေခံကာ ယှဉ်ပြိုင်မည်ဖြစ်ပြီး နောက်ခံလူဇော်ရဲထွန်းကိုသာ အားဖြည့်ရွေးချယ်ထားသည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်