ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မြန်မာနှင့် မွန်ဂိုလီးယားအသင်း မနက်ဖြန် ကစားမည်

၁၈  နိုဝင်ဘာ 

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၆) ကို နိုဝင်ဘာ ၁၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ကွင်းပွဲအဖြစ် မွန်ဂိုလီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

a

 

မြန်မာ့လက်ရွေးစင်အသင်းအတွက် ယခုပွဲမှာ အရေးပါလျက်ရှိပြီး အုပ်စုအောက်ဆုံးမှ ရုန်းထွက်နိုင်ရန်အပြင် မွန်ဂိုလီးယားကို ပထမအကျော့ ရှုံးကြွေးပြန်ဆပ်နိုင်ရန်လည်း လိုအပ်နေသည်။မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲပထမအကျော့တွင် နောက်ဆုံးပွဲမှ အနိုင်ရခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်က ကစားခဲ့သည့်ပွဲတွင် တာဂျစ်ကစ္စတန်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့သည်။ 

''ဒီပွဲက ကျွန်တော်တို့အသင်းအတွက် အရေးပါပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့ရင် ခြေစစ်ပွဲမှာ ပြန်လည်စိန်ခေါ်နိုင်တဲ့အနေအထားမျိုး ရသွားပါလိမ့်မယ်။ တာဂျစ်ကစ္စတန်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ကစားသမားတွေအနေနဲ့ ယုံကြည်မှုရှိသွားခဲ့သလို ဒီပွဲမှာလည်း အနိုင်သုံးမှတ်ရအောင် ကြိုးစားသွားမှာပါ။ ပရိသတ်တွေအနေနဲ့ တာဂျစ်ကစ္စတန်နဲ့ပွဲထက် ပိုပြီးအားပေးမယ်လို့ မျှော်လင့်ပါတယ်။ မွန်ဂိုလီးယားအသင်းကို ရှုံးကြွေးပြန်ဆပ်သွားမှာပါ''ဟု မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားသည်။

 မွန်ဂိုလီးယားအသင်းနည်းပြချုပ် မိုက်ကယ်ဝက်ဘ်က ''မြန်မာအသင်းက ပထမအကျော့ထက် ကစားပုံပိုကောင်းလာပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ကစားဖူးတဲ့အတွေ့အကြုံရှိတာကြောင့် စိုးရိမ်စိတ်တော့ မရှိပါဘူး။ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ''ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မြန်မာအသင်းသည် ပထမအကျော့ပွဲတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ပထမအကျော့အပြီးတွင် အုပ်စု (F) ၌ ဂျပန်အသင်းက ၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်အသင်းက ခြောက်မှတ်စီ၊ မွန်ဂိုလီးယားနှင့် မြန်မာအသင်းက သုံးမှတ်စီရရှိထားသည်။

မြန်မာအသင်းနှင့် မွန်ဂိုလီးယားအသင်းသည် နိုဝင်ဘာ ၁၉ ရက် ညနေ ၅ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်