ကမ္ဘာ့ရွှေဈေးမြှင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေး ကျပ် ၁၁၈၀၀၀၀ ဝန်းကျင်သာရှိ

၄ မေ

 

ကမ္ဘာ့ရွှေဈေးမြှင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေး ကျပ် ၁၁၈၀၀၀၀ ဝန်းကျင်သာရှိကြောင်း  မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ ​အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က မေ ၄ ရက်တွင် ပြောသည်။

 

"ပြီးခဲ့တဲ့ဧပြီမှာဆိုရင် မြန်မာ့ရွှေစျေးက ကမ္ဘာ့ရွှေစျေးနဲ့ တွက်ရင် ၁၃ သိန်းဝန်းကျင်မှာ ရှိနေတယ်၊ ဒါပေမယ့် အဲအချိန်မှာ ၁၁၆၀၀၀၀ နဲ့ ၁၁၇၀၀၀၀ ဘဲ ရှိတယ်"ဟု ဦးအုန်းမြိုင်က ပြောသည်။

 

ပြည်တွင်းရွှေဈေး အတက်အကျသည် ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်တွင် မူတည်သော်လည်း လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော်အထိ စံချိန်တင်မြှင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၁၈၀၀၀၀ သာရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းတွင်မူ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ချိန်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော်အထိသာ ရှိခဲ့သည်။

 

လက်ရှိ အရောင်းအဝယ်မှာလည်း COVID- 19 ကြောင့် ရန်ကုန်၊ မန္တလေး ရွှေဈေးကွက်ကို ပိတ်ထားပြီး ရွှေဆိုင်အချို့က အကြပ်အတည်းဖြစ်နေသည့် ရွှေရောင်းမည့်သူများ၏ အခက်အခဲကို ကူညီရန် အဝယ်လက်ခံနေသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

‘‘တရားဝင်တော့ မဖွင့်သေးဘူး၊ သို့သော်လည်းဘဲ လိုသူရောင်း လိုသူဝယ်ပေါ့၊ အဲလိုမျိုးတွေတော့ ဖုန်းဆက်ပြီးတော့ ငွေပိုတဲ့လူနဲ့ ငွေလိုတဲ့လူနဲ့ နည်းနည်းရောင်းတာ ဝယ်တာလေးတော့ ဖြစ်တယ်၊ ဒါပေမယ့် တရားဝင်တော့ မဖွင့်သေးဘူး"ဟု ဦးအုန်းမြိုင်က ဆက်ပြောသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ​မြှင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။

 

ပြီးခဲ့သည့် ​သုံးလက ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင် ဖေဖော်ဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၄၁၀၀ (ဖေဖော်ဝါရီ ၅ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၃၄၂၀၀ (ဖေဖော်ဝါရီ  ၂၈ ရက်)၊ မတ်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၄၈၀၀၀ (မတ် ၃၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၁၈၆၀၀ (မတ် ၄ ရက်)၊ ဧပြီတွင်မူ COVID- 19 ကြောင့် ပြည်တွင်းရွှေဈေးကွက် ပိတ်ထားကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

 

ငြိမ်းငြိမ်း