ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ သန်း ၁၀၀ ကျော်ရှိ

ဖေဖော်ဝါရီ ၉

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးသူ သန်း ၁၀၀ ကျော်ရှိသည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။

အောက်စဖို့ဒ်တက္ကသိုလ်မှသုတေသီများပါဝင်သည့် သုတေသီများက ဖေဖော်ဝါရီ ၇ ရက်နေ့ကအထိ ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ဦးရေ ၁၀၁ ဒသမ ၅၇ သန်းရှိပြီ ဖြစ်ကြောင်း အွန်လိုင်းပေါ်တွင် အချက်အလက်များဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၃၁ ဒသမ ၅၈ သန်း ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်အများဆုံး ဖြစ်သည်။

တရုတ်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးသူ ၃၁ ဒသမ ၂ သန်း နှင့် ဗြိတိန်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၂ ဒသမ ၀၁ သန်းတို့ ရှိသည်။

အာရပ်စော်ဘွားများပြည်ထောင်စုတွင် လူဦးရေ၏ ၄၁ ရာခိုင်နှုန်း ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ် ထိုးနှံပြီး ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပြီးသူများကို ရာခိုင်နှုန်းအားဖြင့် ဖော်ပြရလျှင် အစ္စရေးနိုင်ငံတွင် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်၊ ဗြိတိန်နိုင်ငံတွင် ၁၈ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံတွင် ကိုးရာခိုင်နှုန်းတို့ ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က နိုင်ငံပေါင်း ၁၃၀ နီးပါး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မရရှိသေးဟု ဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို